Subscribe to our RSS Feed

ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများအားသင့်တော်သည့်အချိန်တွင် သမ္မတက လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟုဦးဝဏ္ဏမောင်လွင်ပြောကြား

From : ခေတ်လူငယ်


ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများအား သင့်တော်သည့်အချိန်တွင် သမ္မတက လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟု လွန်ခဲ့သော သီတင်းပတ်က အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသည့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်နှင့်အတူ မေလ ၁၇ ရက်နေ့က ဝါရှင်တန်ဒီစီမြို့တွင် ပြုလုပ်ခဲ့သည့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။ “အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ ၁၂ လ၊ ၁၃ လအတွင်းမှာ သမ္မတက လွတ်ငြိမ်းချမ်းသာခွင့် လေးကြိမ် ပေးခဲ့ပါတယ်။ အကျဉ်းသားပေါင်း ၂၈,၀၀၀ လောက်ကို လွှတ်ပေးခဲ့ပြီး ကျွန်တော်တို့ဆီက စာရင်း၊ ဥရောပသမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စုဆီကရတဲ့ နိုင်ငံရေးအကျဉ်းသား စာရင်းတွေ ရှိပါတယ်။ ဇန်နဝါရီလမှာ ပေးခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်အပြီးမှာ ဒီစာရင်းတွေထဲမှာ ပါတဲ့သူ အတော်များများ လွတ်မြောက်ပြီး ဖြစ်ပါတယ်” ဟု လက်ရှိ ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားများနှင့် ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းချက်ကို ဦးဝဏ္ဏမောင်လွင်က ဖြေကြားခဲ့သည်။ အဆိုပါစာရင်းများမှာ အချို့မှာ အကျဉ်းကျနေဆဲ ဖြစ်ပြီး ၎င်းတို့သည် ရာဇဝတ်မှု ကျူးလွန်ထားသူများဖြစ်ကြောင်း စုံစမ်းစစ်ဆေးမှုအရ သိရှိခဲ့ရသည်ဟု ၎င်းကပြောသည်။ ထို့ပြင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ကလည်း တရားဥပဒေ စိုးမိုးရေးအတွက် လေးစားလိုက်နာရန် အားပေးသည့် နိုင်ငံတကာအသိအမှတ်ပြု စီးပွားရေးနှင့် အလုပ်သမားဆိုင်ရာ ကျင့်ထုံးများကို ကျင့်သုံးဆောင်ရွက်စေရန်အတွက် မြန်မာအစိုးရနှင့် ဆက်လက် လက်တွဲ လုပ်ဆောင်သွားမည်ဟု ပြောကြားသည်။ “နိုင်ငံရေး အကျဉ်းသားအဖြစ် ဆက်ရှိနေတဲ့ ဘယ်သူ့ကိုမဆို ပြန်လွှတ်ပေးတာကို၊ ပြီးတော့ အမျိုးသား ရင်ကြားစေ့ရေးကို အားပေးတဲ့ ဥပဒေစည်းမျဉ်းနဲ့ လုပ်ဆောင်ချက်တွေကို အလေးပေး ဆက်လက် လုပ်ဆောင်တာကိုလည်း ကျွန်မတို့ မြင်တွေ့ချင်ပါတယ်” ဟု ကလင်တန်က အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း သိရှိရသည်။
 
 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်