Subscribe to our RSS Feed

Eleven Media ၏ အောက်တန်းကျစွာ စွပ်စွဲမှုကို ဦးရဲထွဋ် မှ လူကြီးလူကောင်းဆန်စွာ ဖြေရှင်း


From : ရဲထွဋ်

ယနေ့ညနေ Eleven ၀က်ဘ်ဆိုက်တွင် ကျနော့်ပုံပါနေကြောင်းမိတ်ဆွေတစ်ဦးကပြောသည်။ ဒီနေ့ထုတ်ဂျာနယ်မှာဖတ် တော့မတွေ့သဖြင့်အင်တာနက်တွင်တက်ဖတ်ရသည်။ ထိုဆောင်းပါးတွင် စစ်အောင် အမည်ခံ Face Book စာမျက်နှာ၌ ကျွန်တော့်ပုံကိုတင်ထားကြောင်းရေးသားထားသည်။ Face Book ပေါ်တွင်တင်ထားသော ပုံကိုလည်း ပုံကြီးချဲ့တင်ပြထား သည်။ စစ်အောင် စာမျက်နှာတွင်သွားဖတ်တော့ ဆောင်းပါးထဲကလိုပင် ပုံပြောင်းထားသည်ကိုတွေ့ရသည်။ တကယ်တော့ စစ်အောင်အမည်နဲ့ ကျွန်တော့်ကို ချိတ်ဆက်ပြီးပြောသည်မှာ အခုမှမဟုတ် လွန်ခဲ့သည့် နှစ်ပတ်လောက်က ဂျာနယ်တစ် စောင်၏ အယ်ဒီတာချုပ်တစ်ဦးက စစ်အောင်နံမည်နဲ့ရေးသလားဟု ဖုန်းဆက်မေးသည်။ အွန်လိုင်းပေါ်ရှိ အစိုးရ ဘက်သား ဟု သမုတ်ခံရသော ဘလော့ဂ်အများစုကို ပြန်ကြားရေးကလုပ်သည်ဟု မကြာခဏစွတ်စွဲခံနေရနေသဖြင့် မဟုတ်ကြောင်းသာ ပြောခဲ့သည်။ ဘာမှဆက်မလုပ်ဖြစ်ခဲ့။ အခုသွားဖတ်မှ ကောင်းတာရော၊ ဆိုးတာရော စုံနဖာစီရေးထား တာတွေ့ရသည်။ နောက်ပြီး Eleven နဲ့လည်း အချီအချ စကားစစ်ထိုးထားတာတွေ့ရသည်။ ရေးတာတွေမှန်တာ၊မှားတာ ခဏထား ဒီကိစ္စမှာ ကျွန်တော်က ကန့်လန့်ကန့်လန့်ဝင်ပါနေသဖြင့် ရှင်းဖို့တာဝန်ရှိလာသည်။

ပထမဆုံးက ကလောင်နံမည်ကိစ္စဖြစ်သည်။ ကျွန်တော့်တွင် ဗညားအောင်နှင့် ရဲထွဋ် ဆိုသည့် ကလောင်နံမည်နှစ်ခုသာ ရှိ သည်။ ဗညားအောင် နံမည်က ပိုစောသည်။ မှတ်မှတ်ရရ ဗိုလ်ကြီးဘ၀က ၁၉၈၉ ခုနှစ်ကုန်ခါနီးတွင် လုပ်သားပြည်သူ့နေ့ စဉ်သတင်းစာမှာ ဆောင်းပါးတစ်ပုဒ်ရေးခဲ့သည်။ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေ လူပြိန်းကြိုက်ပဲပြောနေတာတွေကို ဖော်ပြပြီး အခြေခံဥပဒေရေးဆွဲရေးလို အရေးကြီးတဲ့ကိစ္စကို မပြောသည့်အကြောင်းထောက်ပြသည့်ဆောင်းပါး ဖြစ် သည်။ အတော်ကြာအောင် စိစစ်ခံအနည်းငယ်ဖြတ်တောက်ပြီးမှ ထည့်ခွင့်ရသည်။ ကလောင်နံမည်ရွေးတော့ ကျွန်တော့် ညီမ၏ သားအကြီးဆုံး ဗညားအောင်၏ နံမည်ကိုရွေးခဲ့သည်။ သူက ကျွန်တော်တို့မိသားစုမှာ မြေးဦး ဖြစ်သောကြောင့် အချစ်ဆုံးအဖြစ် ဂုဏ်ပြုသည့်အနေဖြင့်ရွေးခဲ့ခြင်းဖြစ်သည်။ နောက်တော့ စစ်ပညာဂျာနယ်မှာရေးသည့်အခါ ရဲထွဋ်အမည် နဲ့သာရေးဖြစ်သည်။ ပြန်ကြားရေးရောက်ပြီး Eleven အပါအ၀င် ဂျာနယ်တွေမှာရေးတော့ ရဲထွဋ်အမည်နဲ့သာရေးဖြစ် သည်။

ဗညားအောင်ကလောင်အမည်ဖြင့် သတင်းစာဆောင်းပါးတစ်ချို့နှင့် လျှပ်တပြက်ဂျာနယ်မှ သုံးလေးပုဒ်ရေးဖူးသည်။

အခုလည်း Face Book မှာ နံမည်ရင်း ရဲထွဋ်၊ ပြန်ကြားရေးဝန်ကြီး ဌာနတွင်တာဝန် ထမ်းဆောင် သည်ဟု ဖော်ပြထားသည်။ မူလက ကျွန်တော့်တွင် Face Book Account မရှိ။ ၀န်ကြီးက ၀န်ကြီးဌာန၏ ပြန်ကြားရေးအရာရှိအဖြစ်တာဝန်ပေးသည့် အခါမှ ဌာနပိုင်ဝက်ဘ်ဆိုက်မရှိသေးသဖြင့် Face Book ဖွင့်ပြီး သတင်းအချက်အလက်များပေးနိုင်အောင်လုပ်ခဲ့ခြင်းဖြစ် သည်။ မိမိတာဝန်အရ မီဒီယာများကို ပြောဆိုရသည့်အခါတွင် ကိုယ်ကျိုးစီးပွားပတ်သက်မှုကင်းစေရန်အတွက် Eleven အပါ အ၀င် ပြင်ပဂျာနယ်များတွင် ဆောင်းပါးမရေးတော့ကြောင်းလည်းတရားဝင်ပြောခဲ့သည်။ Face Book ပေါ်က မိမိ ရေးသားချက်တွေကို ယူသုံးပါကလည်း ဆောင်းပါးခပေးရန်မလိုကြောင်း၊ ဂျာနယ်မူအရမဖြစ်မနေပေးရမည်ဆိုပါကလည်း မိမိ၏ နံမည်ဖြင့် ဆရာအော်ပီကျယ်တို့၏ one more အဖွဲ့တွင်လှုနိုင်ကြောင်းအသိပေးထားသည်။ လက်ရှိလည်း မြစ်မခ သတင်းဌာနက ကျွန်တော့်နံမည်နဲ့ ၁၄လစာ၊ ဇနီးအမည်ဖြင့် ၁၄ လစာလှုထားပြီးဖြစ်သည်။

ထို့ကြောင့် တာဝန်အရ မီဒီယာများ အပေါ် ရေးသားရန်လိုအပ်လာပါက နံမည်ရင်းဖြင့်သာပြောမည်ဖြစ်သည် ။ ပြောလည်း ပြောရဲသည်။ လက်တွေ့ တွင်လည်း Eleven ဂျာနယ်၏ရေးသား ချက်နှစ်ခုနှင့် ပတ်သက်ပြီး နှစ်ကြိမ်ထောက်ပြရေးသားခဲ့ပြီး ဖြစ်သည်။အလားတူပင်အချို့သူများ၏မှတ်ချက်များတွင် အချက်အလက်များမှားယွင်းသည်ဟုထင်ပါက တရားဝင်တုန့်ပြန် ရေးသားခဲ့ပြီးဖြစ်သည်။ မိမိအနေဖြင့် မိမိ၏ တာဝန်ဝတ္တရားကို ထမ်းဆောင်ရာတွင် အခြားနံမည်ဝှက်တစ်ခုဖြင့် ရေးသားဖို့ အကြောင်းမရှိပါ။ ထို့ကြောင့် စစ်အောင်သည် မိမိ၏ရေးသားချက်များနှင့် သက်ဆိုင်ခြင်းမရှိကြောင်းပြောလိုပါသည်။ တကယ်လို့ သွေးကြောင်ပြီးနံမည်ဝှက်နှင့် ရေးခဲ့လျှင်လည်း မိမိမှန်းသိနိုင်သော ဓာတ်ပုံကို သုံးရဲမည်မဟုတ်ပေ။

ဒုတိယအချက်က ဓာတ်ပုံကိစ္စဖြစ်သည်။ ဓာတ်ပုံက မှုန်ဝါးဝါးဖြစ်သည့်တိုင် ကျွန်တော့်ပုံဖြစ်သည်။ သို့သော် ကျွန်တော့ ကင်မရာကမဟုတ်။ လွန်ခဲ့သည့်နှစ်နှစ်ခန့်က ဥရောပခရီးစဉ်တစ်ခုသွားရင်း ရှေးဟောင်းရဲတိုက်ကြီးတစ်ခုသို့ သွားရောက် လေ့လာခွင့်ရသည်။ လူတွေခွဲပြီး လျှောက်ကြည့်ရင်း ရဲတိုက်ထိပ်တွင်လူတွေစုပြီး ဓာတ်ပုံရိုက်နေတာကိုတွေ့သဖြင့် သွား စပ်စုတော့ ရဲတိုက်ထိပ်အမြင့်ဆုံး အစွန်းနေရာလေးမှာ ခပ်ကဲကဲလူငယ်တွေက မတ်တပ်ရပ်ပြီး ပုံစံအမျိုးမျိုးလုပ်ပြ၊ မတက် ရဲသောသူများက အော်ဟစ်ပြီး ဓာတ်ပုံရိုက်ကြလုပ်နေတာကိုတွေ့သည်။ ကျွန်တော့်လည်း သူတို့လို လုပ်ရဲကြောင်း ပြလို သဖြင့် အစွန်းလေးမှာ ရပ်ပြီး ကင်မရာကို သူများကိုပေးပြီး ဓာတ်ပုံအရိုက်ခံခဲ့သည်။ ကျန်တဲ့သူတွေကလည်း ဝိုင်းရိုက်ကြသည်။ စစ်အောင် Face Book တွင် တင်ထား သောပုံမှာ ထိုအချိန်က ပုံဖြစ်သည်။ ကျွန်တော့်ကင်မရာကပုံကို ကျွန်တော့် Photo များထဲတွင်တင်ပေးထားသည်။ စစ်အောင် သုံးထားသောပုံနှင့် အလင်းအမှောင် အဖြတ်အတောက်မတူသည်ကိုတွေ့နိုင်ပါသည်။

စစ်အောင်က ဘာသဘောနဲ့ ဒီပုံကို သုံးသည်။ သူဘယ်က ရသည်ကိုတော့ သူဘဲ သိပါလိမ့်မည်။ ဘယ်သူမှန်း မသိ သဖြင့် အမှတ်တမဲ့ သုံးခြင်း လည်းဖြစ်နိုင်သည်။ ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင်ပစ်တာလည်းဖြစ်နိုင်သည်။ ယာလည်း ညက်၊ ကြက်လည်းမော လုပ်တာလည်းဖြစ်နိုင်သည်။

ဘာပဲဖြစ်ဖြစ် ကျွန်တော်မသိခင်ကပင် Eleven က ဒီအကြောင်းကို ကာယကံရှင်ကိုထောက်ပြခဲ့သဖြင့် ဓာတ်ပုံပြောင်း သွားသောကြောင့် ထောက်ပြသူများကို ကျေးဇူးတင်ပါသည်။ ထိုသို့မဟုတ်ပါက ဒီသံသရာကဘယ်လောက်ကြာဦးမည် မသိ။ တစ်ခုပဲရှိသည်။ ယခုဆောင်းပါးတွင်သာ ကျွန်တော်ကို ဆက်သွယ်ပြီး ဓာတ်ပုံနှင့်နံမည်ကိစ္စမေးမြန်းခဲ့လျှင် သတင်း ဆောင်းပါး၌ ကျွန်တော့်ရှင်းလင်းချက်တစ်ခါတည်းပါသွားပြီး သတင်းဆောင်းပါးအင်္ဂါရပ်နှင့်လည်း ပိုညီညွတ်သွားမည်ဖြစ် သည်။ကျွန်တော်လည်း သီးခြားရေးသားရန်လိုတော့ မည်မဟုတ်။ သို့သော် ကာယကံရှင်ကိုမေးမြန်းပြီး သက်ဆိုင်သူ၏ တုန့်ပြန်ပြောကြား ချက်များကို ထည့်သွင်းရေးသားခြင်းကို Eleven ဂျာနယ်က လုပ်လေ့လုပ်ထမရှိလှသောကြောင့် အပြစ်တင်ရန်လည်းမရှိပါ။ သတင်းဆောင်းပါးကြောင့် အမှန် ဖြေရှင်းခွင့်ရခြင်း အတွက်ပင် ကျေးဇူး တင်ရဦးမည်ဖြစ်သည်။

နောက်ဆုံးတစ်ချက်ကတော့ ဘယ်လို့ တုန့်ပြန်မလဲဟု မေးလာသောမိတ်ဆွေများအတွက်ဖြစ်ပါသည်။ ဘာမှ ဆက်လုပ် ရန်မရှိပါ။ ဒီကိစ္စမျိုးသည် လူမှုရေးကွန်ယက်များ၏ ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်သကဲ့သို့ မီဒီယာကျင့်ဝတ်တွေအထိုင် မကျသေးခင်မှာ ဖြစ်လေ့ဖြစ်ထ ရှိသော၊ မလွှဲမသွေကြုံတွေ့ရမည်ဖြစ်သော ကိစ္စများပင်ဖြစ်သည်။ ကျွန်တော်ထက် ရာထူး၊ ဂုဏ်သိက္ခာ များစွာမြင့်မားသောပုဂ္ဂိုလ်များပင်လျှင် မီဒီယာအမျိုးမျိုးပေါ်တွင် ယခုထက်ဆိုးသော ကိစ္စများကို ကြုံတွေ့ နေရသည်ဖြစ်ရာ ကျွန်တော့်အတွက် ဓာတ်ပုံကိစ္စအပေါ် ဆက်လုပ်ရန်အကြောင်းမရှိပါ။ လူတွေရင့်ကျက်လာသည်နှင့် အမျှ၊ မီဒီယာပွင့်လင်းမှုတွင် အသားကျလာသည်နှင့်အမျှ ကိုယ်စီကျင့်ဝတ်များကို ပိုပြီး ထိန်းသိမ်းလာကြမည်ဖြစ်သည်။ ထို့ အတူ ရင့်ကျက်လာသည့် ပြည်သူများ၊ စာဖတ်ပရိသတ်များကလည်း အကောင်းအဆိုးခွဲခြားလာတော့မည်ဖြစ်ရာ ဒီလို ကျင့်ဝတ်နှင့်မညီသောကိစ္စများတစ်ဖြေးဖြေးပျောက်ကွယ်သွားမည်သာဖြစ်သည်ဟုသာ အကောင်းမြင်မျှော်လင့်မိပါသည်။


Myanmar Express

6 comments:

လူကိုကိုယ်တိုင် မတွေ့ဖူးပေမဲ့ ဒီလိုစိတ်ထားမျိုးထားနိုင်တာ သဘောထားကြီးတာတွေ့ရတာ အရမ်းလေးစားမိပါတယ်ဗျာ။ ဟိုမီဒီယာကတော့ ကြာလေ စောက်မြင်ကက်လာလေပဲ။

Acturally, eleven media is a "Chee" media like irrawaddy.

Really respect you.Great explaination for all.How about Aung Than Htut?

အခုလိုပြန်လည်ဖြေရှင်းချက်ကို ဖတ်ရတော့ လူကြီးလူကောင်းဆန်မှုအတွက် အထူးလေးစားအားကျမိပါတယ်။ အစကတော့ Eleven Fan တစ်ယောက်ပါ။ နောက်ပိုင်းတော့ တစ်စတစ်စနဲ့ ဘက်လိုက်တာတွေများလာလို့ Eleven သတင်းတွေကို သိပ်မယုံတော့ပဲ အထူးသတိထား ဖတ်ဖြစ်ပါတော့တယ်။ အခုသတင်းလည်း Eleven မှာ တက်လာတုန်းကတည်းက သံသယရှိနေခဲ့တယ်။ အခုလို ရှင်းရှင်းလင်းလင်း သိလိုက်ရတော့မှ Eleven ရဲ့ မီဒီယာမပီသမှုတွေအတွက် တော်တော်စိတ်ပျက်မိတယ်။ ကျွန်တော်တို့ပြည်သူတွေဆိုတာက အုပ်ချုပ်သူဖြစ်လာမယ့်သူတွေရဲ့ အကောင်းရော အဆိုးရော ကြိုသိချင်တယ်ဗျ။ ဒါမှ ရွေးချယ်မှုတွေမှန်ကန်ပြီး တိုင်းပြည်အနာဂတ် ကောင်းလာမှာမဟုတ်လား။ အခုတော့ မြန်မာ့မီဒီယာလောက က ပြည်သူ့အတွက် သတင်းမှန်တွေ (နှစ်ဘက်လုံးရဲ့ ကောင်းတာဖြစ်ဖြစ် ဆိုးတာဖြစ်ဖြစ်) တင်ပြရမယ့်အစား ဘက်လိုက်တာတွေများနေကြတော့ ဖတ်ရတာတွေက တော်တော့ကို တစ်ဘက်စောင်းနင်းဖြစ်နေတယ်။ ဆန့်ကျင်ရေးသမားတွေကိုပဲ စင်တင်ပေးပြီး ဆန့်ကျင်ရေးသမားတွေဘက်ကပဲ ဘာလုပ်လုပ် အကောင်းလိုက်ပြော။ ဆန့်ကျင်ရေးသမားတွေရဲ့ မကောင်းတဲ့အချက်တွေကိုကျတော့ သတင်းထိန်ချန်ပြီး မသိချင်ယောင်ဆောင်နေ။ ဆန့်ကျင်ခံရသူကို အမြဲမကောင်းပြော။ ဆန့်ကျင်ခံရသူရဲ့ ကောင်းတဲ့အချက်တွေကို အသိအမှတ်မပြု အမြဲမသိချင်ယောင်ဆောင်နေ။ အဲလိုပုံမျိုးနဲ့သာဆိုရင်တော့ - သမိုင်းကို လေ့လာထားတဲ့သူတစ်ယောက်အနေနဲ့ မြန်မာပြည် ရှေ့ဘာတွေ ဆက်ဖြစ်မယ်ဆိုတာ ကျွန်တော်ဆက်မတွေးရဲတော့ဘူး။ Myanmar Express ကိုလည်း ဆန့်ကျင်ဘက်သတင်းတွေကို ပြန်လည်ချေပပေးတဲ့ သတင်းဌာနတစ်ခုဖြစ်တဲ့အတွက် အကြံပြုပါရစေ။ ခင်ဗျားတို့အခုလို လုပ်နေတာတွေက တကယ်ကောင်းတယ်ဗျ။ ဒါမှသာ တစ်ဘက်နဲ့တစ်ဘက် ဟန်ချက်ညီအောင် Balance ဖြစ်အောင် ထိန်းညှိနိုင်မှာ။ ဒါပေမယ့်ဗျာ- ခင်ဗျားတို့ကို ပရိဿတ်အသိနည်းတယ်။ ခင်ဗျားတို့လည်း ပြည်သူ့ကြားကို ရောက်အောင် အခုထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင် နည်းလမ်းရှာ ကြိုးစားပေးပါလို့ တိုက်တွန်းချင်တယ်။ ကျွန်တော်တို့ပြည်သူတွေက မီဒီယာတွေကို ဘက်မလိုက်အောင် ပြောနေလို့ရတာမှ မဟုတ်လေတော့ ပြိုင်ဘက်တွေကို စင်တင်ပေးနေတဲ့ နှစ်ဘက်စလုံးရဲ့ မီဒီယာ သတင်းတွေကို အကောင်းအဆိုး အားလုံးကို သိရရင် ကျေနပ်ပြီဗျာ။ ဒါမှ ရွေးချယ်မှု မှန်ပြီးတော့ တိုင်းပြည်နဲ့ပြည်သူကို အမှန်တကယ်ချစ်ပြီး အရည်အချင်းရှိတဲ့ လူကောင်း လူမှန်တွေကို ကျွန်တော်တို့ ရွေးချယ်နိုင်မှာ မဟုတ်လား။ ခင်ဗျားတို့ ၂၀၁၅ မတိုင်ခင် မြန်မြန် လုပ်ကြစမ်းပါဗျာ။ ကျွန်တော်တို့က တစ်ဘက်စောင်းနင်းကြီးကို သိပ်မကြိုက်ဘူးဗျ။

လူကြီးလူကောင်း ဆန်လိုက်တာဗျာ။

ELEVEN က ခွေးသူတောင်းစား ကြာကူလီသန်းထွဋ်အောင်နဲ့ 

ကြာကူလီသန်းထွဋ်အောင်မွေးထားတဲ့ ဝေဖြိုးဆိုတဲ့ ကြာကူရီ ခွေးတွေနဲ့  အဆင့်အတန်းခြင်း က မိုးနဲ့ မြေပါပဲ

http://www.news-eleven.com/index.php?option=com_content&view=article&id=13670:-facebook-&catid=42:2009-11-10-07-36-59&Itemid=112

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်