ဒုတိယကမ္ဘာစစ်ကြီးပြီးကာစက အမေရိကရဲ့ နိုင်ငံခြားရေးဝန်ကြီးဟာ ဒင်းန်အာချီဆန်လို့ခေါ်တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ သူက သူ့ရဲ့ကိုယ်တိုင်ရေးအထ္ထုပ္ပတ္တိကို “ဖန်ဆင်းချိန်တွင်ရှိနေခြင်း” လို့ခေါ်ပါတယ်။ သူဆိုလိုတာက သူဟာ စစ်ကြောင့်ပျက်စီး ခဲ့ရတဲ့ကမ္ဘာကို ပြန်လည်တည်ဆောက်ဖို့ အကူအညီပေးခဲ့သူတစ်ဦး ဖြစ်ခဲ့တယ်ဆိုတာပါပဲ။ စကြ၀ဠာကြီးကိုဖန်ဆင်းချိန်မှာ ရှိနေခဲ့သလိုမျိုးပေါ့။
အာချီဆန်ဟာ ဒီလိုအရာမျိုးကိုစိတ်ကူးကြည့်ခဲ့တဲ့ ပထမဆုံးပုဂ္ဂိုလ်တော့မဟုတ်ပါဘူး။ ၁၃ ရာစုနှစ်က စပိန်ဘုရင်တစ်ပါးက “ဖန်ဆင်းချိန်မှာ ငါသာရှိခဲ့ရင် စကြ၀ဠာကို ပိုပြီးစနစ်တကျဖွဲ့စည်းဖို့ အသုံးဝင်တဲ့အကြံကောင်း၊ ဉာဏ်ကောင်းတချို့ ပေးခဲ့မိမှာပါပဲ” လို့ပြောခဲ့ ပါတယ်။
မြန်မာနိုင်ငံဟာလည်း အထိုက်အလျောက်တော့ ဒီအခြေအနေမျိုးမှာရောက်နေပါတယ်။ မြန်မာနိုင်ငံဟာ ပြန်လည်ဖန် ဆင်းခြင်းခံနေ ရပါတယ်။ ပြီးတော့ ဒါတွေက တိုင်းပြည်ရဲ့စီးပွားရေးကို ပြန်လည်တည်ဆောက်ဖို့အတွက် ကျွန်တော်ရဲ့ “အသုံးဝင်တဲ့အကြံဉာဏ်တွေ” ပဲဖြစ် ပါတယ်။ ဒါတွေက စီးပွားရေးပြုပြင် ပြောင်းလဲမှုတွေအတွက် “ဈေးဝယ်စာရင်း” တော့ မဟုတ်ပါဘူး။ ဘာာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံဟာ စီးပွားရေးတစ်ရပ်အတွက် လိုအပ်တဲ့အရာအားလုံးမရှိတာကြောင့် အဲဒီစာရင်းသာချရေးရင် စာမျက်နှာနဲ့အပြည့် ဖြစ်သွားမှာမို့လို့ပါပဲ။ ဒါပေမဲ့ လည်း ဘယ်မူဝါဒတွေက အခရာကျပြီး အရေးကြီးဆုံးဖြစ်တယ်ဆိုတာကိုတော့ ဒီအကြံဉာဏ်တွေကပြောပါတယ်။ ဘာတွေမှားသွားနိုင်သလဲ ဆိုတာကို သတိပေးတာတွေလည်း ပါဝင်ပါတယ်။
၁၉၈၀ ခုနှစ်မှာတော့ ရောဘတ်မူဂါဘီဟာ လူကောင်းတစ်ယောက်အဖြစ်နဲ့ရှိနေပါသေးတယ်။ ကိုလိုနီအုပ်ချုပ်မှုကနေလွတ်မြောက် အောင် သူကူညီခဲ့တဲ့ ဇင်ဘာဘွေနိုင်ငံရဲ့သမ္မတအဖြစ်နဲ့ သူ့နိုင်ငံသားတွေကို ကြွယ်ဝချမ်းသာတဲ့ဘ၀သစ်ကိုရစေရမယ်လို့ သူကတိပေးခဲ့ပါ တယ်။ သူပထမဆုံးလုပ်ခဲ့တာကတော့ ပညာတတ်တစ်ယောက်ကစတင်လိုက်တဲ့ စစ်မှန်တဲ့ “လူထုရဲ့ပြုပြင်ပြောင်းလဲမှု” အစီအစဉ်နဲ့ ပတ်သက်လို့ လူတိုင်းကစိတ်လှုပ်ရှားခဲ့ပါတယ်။ နောက်ဆယ်နှစ်အကြာ ကျောင်းတွေ၊ တက္ကသိုလ်တွေကနေ ကျောင်းသားတွေဘွဲ့ရလာ တဲ့အခါ ဆယ်ယောက်မှာတစ်ယောက်ပဲ အလုပ်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရင်းနှီးမြှုပ်နှံမှုကိုအားပေးတဲ့မူဝါဒတွေကိုချမှတ်ဖို့ မူဂါဘီပျက် ကွက်ခဲ့လို့ပါပဲ။ နောက်ဆယ်စုနှစ်နှစ်ခုအကြာမှာတော့ စီးပွားရေးချွတ်ခြုံကျခဲ့ပြီး ဒေါသထွက်နေတဲ့ အလုပ်လက်မဲ့ဇင်ဘာဘွေနိုင်ငံသားတွေကို သူတို့ရဲ့တော်လှန်ရေးကနေသွေဖယ်ရတဲ့ တကယ့်အကြောင်းအရင်းတွေကနေ အာရုံလွှဲဖို့ကြိုးစားခဲ့တဲ့အခါမှာတော့ မူဂါဘီဟာ ကြောက်စရာ ဘီလူးတစ်ကောင်ဖြစ်လာပါတော့တယ်။
(ဓါတ်ပုံ - ဇေယျာလှိုင်)
ဒါကြောင့် အကြံပြုချက်နံပါတ်(၁)ကတော့ ပညာရေးနဲ့ကျန်းမာရေးတို့လို ကောင်းမွန်တဲ့လူမှုရေးမူဝါဒတွေကို အလုပ်အကိုင်ဖန်တီး မယ့် ရင်းနှီးမြှုပ်နှံမှုမူဝါဒတွေနဲ့ ဟန်ချက်ညီအောင်လုပ်ပါ။
ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှုကိုဘယ်လိုအားပေးမလဲ။ တိုင်းပြည်တစ်ပြည်ဟာ ဘဏ်စနစ်တစ်ခုလိုတာပေါ့လို့ စီးပွားရေးပညာရှင်တွေ မျက်နှာပူစရာမလိုဘဲဖြေနိုင်ခဲ့တဲ့ အချိန်တစ်ချိန်တော့ ရှိခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့နှစ်အနည်းငယ်တုန်းက ဘဏ်တွေကြောင့် နိုင်ငံဘယ်လောက် များများ ဒူးထောက်ခဲ့ရတယ်ဆိုတာကိုထောက်ပြီးတော့ ဘဏ်စနစ်တစ်ခုရှိရမယ်လို့အကြံပေးဖို့ကတော့ ခက်နေပါပြီ။
ဘဏ်တွေနဲ့ပတ်သက်လို့သိထားရမယ့် ပထမဆုံးသင်ခန်းစာကတော့ ခွေးချေးကယင်ကောင်တွေကိုဆွဲဆောင်သလို ဘဏ်တွေက လူဆိုးတွေကိုဆွဲဆောင်တယ်ဆိုတာပါပဲ။ ကွန်မြူနစ်စနစ်ကနေ အရင်းရှင်စနစ်ကိုကူးပြောင်းတဲ့လုပ်ငန်းစဉ်ရဲ့ အစောပိုင်းကာလတုန်းက ရုရှားမှာ ဘဏ်ပေါင်း ၃၀၀၀ ကျော်ရှိခဲ့ပါတယ်။ စီးပွားရေးမှာ အင်မတန်ဝင်ငွေကောင်းလှတဲ့ ဒီကဏ္ဍကိုထိန်းချုပ်ဖို့ ပြိုင်ဘက်ဂိုဏ်းတွေက အလုအယက်ကြိုးစားလာတဲ့အခါ ဒါဇင်နဲ့ချီတဲ့ဘဏ်လုပ်ငန်းရှင်တွေဟာ လူသတ်သမားတွေသတ်ဖြတ်တာကို ခံခဲ့ရပါတယ်။ မကြာလှသေးတဲ့ ၂၀၀၆ တုန်းကတောင် ဘဏ်လုပ်ငန်းကဏ္ဍကို သန့်စင်ဖို့ကြိုးစားတဲ့ ဗဟိုဘဏ် ဒုတိယဥက္ကဌဟာ အငှားလူသတ်သမားတစ်ယောက် သေနတ် နဲ့ ပစ်သတ်တာကို ခံခဲ့ရပါတယ်။
ဒါကြောင့် အကြံပြုချက်နံပါတ်(၂)ကတော့ ဘဏ်လုပ်ငန်းဟာ တကယ့်ကို ပီပီပြင်ပြင်လုပ်နိုင်ပြီး လွတ်လပ်တဲ့ဗဟိုဘဏ် (ဤဗဟို ဘဏ်သည် တစ်ပြိုင်နက်တည်းတွင် မြန်မာနိုင်ငံ၏နှစ်မျိုးဖြစ်နေသော ငွေလဲလှယ်နှုန်းကို အဆုံးသတ်ရမည့် ခက်ခဲသော တာဝန်ကိုကြီးကြပ် ရန်လည်း တာဝန်ယူသင့်သည်။) တစ်ခုရဲ့ တင်းတင်းကျပ်ကျပ် စည်းမျဉ်းစည်းကမ်းနဲ့ ထိန်းချုပ်ထားတာမျိုး ရှိသင့်ပါတယ်။ ဒါကိုသာ သတိ ရှိရှိနဲ့ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရင် ဘဏ်တွေအနေနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ အကြွေးလိုနေတဲ့သူတွေကို ငွေထုတ် ချေးနိုင်ဖို့အတွက် စုဆောင်းငွေတွေကို ဆွဲဆောင်နိုင်ပါလိမ့်မယ်။
ဒါပေမဲ့ ဘယ်သူတွေကို အကြွေးပေးသင့်ပါသလဲ။ အပေးသင့်ဆုံးသူတွေကတော့ လယ်သမားတွေပါပဲ။ ရှင်သန်နေတဲ့လယ်ယာ စိုက်ပျိုးရေးကဏ္ဍဟာ ရှင်သန်နေတဲ့ကျယ်ပြန့်တဲ့စီးပွားရေးရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ လယ်သမားတွေငွေချေးနိုင်ဖို့ဆိုရင် သူတို့အနေနဲ့ သူတို့စိုက်ပျိုးတဲ့လယ်မြေကို ပိုင်ဆိုင်ခွင့်နဲ့ အဲဒီလယ်ကို ငွေချေးရာမှာအပေါင်ပစ္စည်းအဖြစ် အသုံးပြုခွင့်ရဖို့ လိုအပ်ပါတယ်။ တရုတ်ပြည်ကို အင်အားမရှိတဲ့ဘ၀ကနေ ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးအဖြစ် ပြောင်းလဲခဲ့တုန်းက တိန့်ရှောင်ဖိန်လုပ်ခဲ့တဲ့ ပထမဆုံးနဲ့ အရေးကြီးဆုံး ပြုပြင်ပြောင်းလဲမှုကတော့ စိုက်ပျိုးရေးဈေးနှုန်းထိန်းချုပ်မှုတွေကို ဖယ်ရှားပစ်ပြီး လယ်သမားတွေကို ၀င်ငွေကောင်းစေခဲ့တာပဲဖြစ်ပါတယ်။
ဒါကြောင့် အကြံပြုချက်နံပါတ်(၃)ကတော့ စက်ရုံအရေအတွက်ကို ဖွံ့ဖြိုးတိုးတက်မှုရဲ့အတိုင်းအတာအဖြစ် မမှတ်ယူဖို့ပါပဲ။ စစ်မှန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ လယ်ယာမြေပေါ်ကစတင်ပြီး အဲဒီကမှတစ်ဆင့် ပျံ့နှံ့ခဲ့တာပါ။
ဒီအချက်က နောက်တစ်ချက်ဖြစ်တဲ့ ဘယ်နေရာတွေမှာ ရင်းနှီးမြှုပ်နှံသင့်သလဲဆိုတဲ့အချက်ကို ပေါ်ပေါက်စေပါတယ်။ လယ်ယာ မြေတွေမှာ စိုက်ပျိုးလိုက်တဲ့ စားသောက်ကုန်တွေကို ပြည်တွင်းဈေးကွက် ဒါမှမဟုတ် ပို့ကုန်ဈေးကွက်ကိုရောက်အောင် ပို့ဖို့လိုအပ်ပါတယ်။ ဒါကဘာကိုဆိုလိုတာလဲဆိုတော့ စီးပွားရေးပညာရှင်တွေက အခြေခံအဆောက်အအုံလို့ခေါ်တဲ့ ကားလမ်းတွေ၊ ရထားလမ်းတွေ၊ တံတားတွေ၊ ပိုက်လိုင်းတွေနဲ့ ဆိပ်ကမ်းတွေမှာ ငွေအလုံးအရင်းထည့်ခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ့ထက်ပိုပါတယ်။ ကျောင်းတွေနဲ့ ဆေးရုံတွေကိုလည်း ပြုပြင်ဖို့လိုအပ်ပါတယ်။ ဒါမှ နိုင်ငံကိုပြောင်းလဲမယ့်အလုပ်တွေအားလုံးကိုလုပ်ကြမယ့်သူတွေ ပိုပြီးပညာတတ်ပြီး ပိုပြီးကျန်းမာနိုင်စေမှာပါ။ ဒီလို အကြီးအကျယ် လုပ်ဆောင်တာကို ကမ္ဘာ့ဘဏ်နဲ့အာရှဖွံ့ဖြိုးရေးဘဏ်တို့က အကူအညီပေးဖို့လိုအပ်ပါလိမ့်မယ်။
အကြံပြုချက်နံပါတ်(၄)ကတော့ တောက်ပတဲ့အစိုးရအဆောက်အအုံတွေ၊ ရုံးသုံးကားတွေ၊ လေဆိပ်အဆောက်အအုံတွေနဲ့ နိုင်ငံ တကာအစည်းအဝေးခန်းမကြီးတွေကို အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှုအဖြစ် အလွဲမမှတ်ယူဖို့ပါပဲ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက လူတွေဘာ့ကြောင့် ဆင်းရဲကြပြီး ဆင်းရဲမှုကနေ သူတို့ဘယ်လိုလွတ်မြောက်နိုင်မလဲဆိုတဲ့ မေးခွန်းကိုဖြေဖို့ကြိုးစားထားတဲ့ အင်မတန်မှ သြဇာကြီးတဲ့စာအုပ်တစ်အုပ် ထွက်လာခဲ့ပါတယ်။ အောက်စဖို့ဒ်ကပညာရှင် ပေါလ်ကိုလီယာကရေးသားပြီး ““အောက်ခြေကဘီလျံ”” (ဆိုလို တာက ကမ္ဘာပေါ်မှာ ဘီလျံနဲ့ချီပြီးရှိနေတဲ့ အဆင်းရဲဆုံးလူသားတွေပါ) လို့ခေါ်တဲ့ ဒီစာအုပ်ဟာ နိုင်ငံတွေအနေနဲ့ ဆင်းရဲတွင်းမှာ ပိတ်မိရတဲ့ အကြောင်းအရင်း လေးချက်ရှိတယ်လို့ ဆိုပါတယ်။ အဲဒီနိုင်ငံတွေဟာ (၁)ကုန်းတွင်းပိတ်နိုင်ငံဖြစ်နေရင်၊ (၂)“ညံ့ဖျင်းတဲ့အုပ်ချုပ်မှု”မျိုးရှိနေရင်၊ (၃)ပြည်တွင်းစစ်ရှိနေရင်၊ (၄)“သယံဇာတကျိန်စာ” ဆိုတာမျိုး တွေရှိနေရင် ဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံကိစ္စမှာတော့ ပထမဆုံးအချက်ကတော့ ဖြေရှင်းဖို့လွယ်ကူသလောက်(နီးပါး)ပါပဲ။ မြန်မာနိုင်ငံဟာ ကုန်းတွင်းပိတ်နိုင်ငံ မဟုတ်ပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံအနေနဲ့ ပင်လယ်ထွက်ပေါက်ရှိတယ်ဆိုတဲ့အချက်ကို ပိုပြီးအသုံးချနိုင်ဖို့ အင်မတန်ကြိုးစားဖို့ လိုအပ်ပါတယ်။
ဒုတိယအချက်ဖြစ်တဲ့ “အုပ်ချုပ်မှု” ညံ့ဖျင်းတာကတော့ အင်မတန်အရေးကြီးပြီး ကျော်လွှားဖို့ မျိုးဆက်တွေနဲ့ချီပြီးကြာတတ်ပါတယ်။ အဂတိလိုက်စားမှု၊ ဥပဒေကင်းမဲ့မှု ဒါမှမဟုတ် တည်ဆဲဥပဒေတွေကို လေးစားလိုက်နာအောင် လွတ်လွတ်လပ်လပ်နဲ့ မျှမျှတတလုပ် ဆောင်ခြင်းမရှိမှု၊ ပိုင်ဆိုင်မှုတွေမှာ မသေချာမှုနဲ့ မရေရာမှု အဲဒီအချက်တွေအားလုံးဟာ စီးပွားရေးတစ်ခုကို အကြီးအကျယ်ပျက်စီးစေတာပါ။
တတိယအချက်ဖြစ်တဲ့ ပြည်တွင်းစစ်ဟာ မြန်မာနိုင်ငံကို ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ဒုက္ခပေးနေတာဖြစ်ပြီး အဲဒါကို အဆုံး မသတ်နိုင်ဘူးဆိုရင် စီးပွားရေးထဲကိုရောက်ရမယ့် သယံဇာတ၊ ခွန်အားတွေနဲ့ ယုံကြည်မှုတွေဟာ ဆက်ပြီးယိုစိမ့်နေဦးမှာပါပဲ။
ဆင်းရဲမှုထဲပိတ်မိရတဲ့ စတုတ္ထအချက်ဖြစ်တဲ့ “သယံဇာတ ကျိန်စာ” ဆိုတာက နိုင်ငံတစ်နိုင်ငံဟာ သဘာဝသယံဇာတကြွယ် ၀တဲ့အခါ (မြန်မာနိုင်ငံဟာ သယံဇာတကြွယ်ဝပါတယ်) အဂတိ လိုက်စားမှုတွေ၊ “နီးစပ်သူတွေကို အခွင့်အရေးပေးခြင်း” နဲ့ စီးပွားရေးရဲ့ အခြားကဏ္ဍတွေကို လျစ်လျူရှုမှုတွေကြောင့် အဲဒီသယံဇာတတွေဟာ အလဟဿဖြစ်ရပါတယ်။ အချိန်နဲ့ ခွန်အားအများအပြားဟာ ဒီပြဿနာကိုတိုက်ဖျက်တဲ့ဆီရောက်သွားပါလိမ့်မယ်။
အဆုံးသတ်မှာတော့ မြန်မာနိုင်ငံနဲ့သက်ဆိုင်တဲ့ အချက်သုံးချက်ကို ပင်မပြဿနာတစ်ခုအဖြစ် အကျဉ်းချုံးလို့ရနိုင်ပါတယ်။ လူ့အဖွဲ့ အစည်းအတွင်းမှာ အာဏာနဲ့သယံဇာတတွေကို မမျှမတ ခွဲဝေနေခြင်းပဲဖြစ်ပါတယ်။
ဒါကြောင့် နိဂုံးချုပ်အနေနဲ့အကြံပြုချက်နံပါတ်(၅)ကတော့ မညီမျှမှုနဲ့ မတရားမှုတို့ကြောင့် ရေရှည်မှာဖြစ်နိုင်ခြေရှိတဲ့စီးပွားရေးအရ ထိခိုက်မှုကို အထင်သေးပြီးလျှော့မတွက်နဲ့ဆိုတာပါပဲ။ ။