Subscribe to our RSS Feed

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သစ်လက်ထက် နိုင်ငံသားများမြှုပ်နှံမှု ကျပ်သန်းပေါင်း ၂၃၀၀၀၀ ရှိ


From : ခေတ်လူငယ်

မြန်မာ့ရင်းနှီးမြှပ်နှံမှု ကော်မရှင်သစ်လက်ထက်တွင် နိုင်ငံသားများ ရင်းနှီးမြှုပ်နှံထားသည့် ပမာဏစုစုပေါင်းမှာ ကျပ်သန်းပေါင်း ၂၃၀၀၀၀ ကျော်ရှိကြောင်း သတင်းရရှိပါသည်။ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သစ်မှာ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှ စတင်တာဝန်ယူခဲ့ပြီး အဆိုပါ ကျပ်သန်းပေါင်း ၂၃၀၀၀၀ ကျော်မှာ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့အထိ မြှုပ်နှံထားသည့် ပမာဏဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။ ကျပ်သန်းပေါင်း ၂၃၀၀၀၀ ကျော်မှာ လုပ်ငန်းပေါင်း ၄၂ ခုအတွက် မြှုပ်နှံထားသည့် ပမာဏစုစုပေါင်းဖြစ်ပြီး အဆိုပါလုပ်ငန်းများထဲတွင် စီးကရက်၊ ဘီယာစက်ရုံ အပါအ၀င် လက်ခစား (CMP) လုပ်ငန်းများ ပါဝင်ကြောင်း၊ စွမ်းအင်ကဏ္ဍတွင် မြှုပ်နှံသည့် လုပ်ငန်းများ ပါဝင်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။ ''မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သစ်စပြီး တာဝန်ယူတာက ၂၀၁၁ စက်တင်ဘာ ၁ ရက်နေ့က စပါတယ်။ အဲဒီကနေ ဇူလိုင်လ ၂၇ ရက်နေ့အထိ နိုင်ငံသားများမြှုပ်နှံမှု စုစုပေါင်းက အမေရိကန်ဒေါ်လာ သန်း ၂၆၀ အပါအ၀င် ကျပ်သန်းပေါင်း ၂၃၀၀၀၀ ကျော် ရှိပါတယ်။ ဒါက လုပ်ငန်း ၄၂ ခုအတွက်ဖြစ်ပြီး ခန့်မှန်းတွက်ချက်ထားတဲ့ တန်ဖိုးပါ'' ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သစ် လက်ထက်တွင် ဆောက်လုပ်ရေး၊ စွမ်းအင်၊ ကုန်ထုတ်လုပ်မှု၊ အိမ်ခြံမြေ၊ သယ်ယူပို့ဆောင်ရေး၊ သတ္တုတူးဖော်ရေး၊ ဟိုတယ်နှင့် ခရီးသွားလာရေး ကဏ္ဍများတွင် နိုင်ငံသားများ အဓိကထား မြှုပ်နှံခဲ့ကြောင်း သိရသည်။ စီးကရက်၊ ဘီယာနှင့် အချိုရည်စက်ရုံကို ရွှေသံလွင် ကုမ္ပဏီအား ချထားပေးခြင်းဖြစ်ပြီး ယခု ၂၀၁၂ ခုနှစ် ဇူလိုင်လ အတွင်းကပင် ချထားပေးခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC)သစ် လက်ထက်တွင် ကုန်ထုတ်လုပ်မှု၌ မြှုပ်နှံသည့် နိုင်ငံသားများ များပြားကြောင်း၊ ဒုတိယ အများဆုံး မြှုပ်နှံသည့် ကဏ္ဍမှာ ဆောက်လုပ်ရေးကဏ္ဍ ဖြစ်ကြောင်း သိရသည်။ အစိုးရသစ် လက်ထက်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာမူ အမေရိကန်ဒေါ်လာ ၄ ဘီလျံကျော် ၀င်ရောက်ခဲ့ကြောင်းနှင့် ပြင်ဆင်ထားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းအား အတည်ပြုပြီးမှသာ ပိုမိုဝင်ရောက်နိုင်ဖွယ် ရှိကြောင်းလည်း သိရသည်ဟု ၂၀၁၂ ခုနှစ် သြဂုတ်လ ၃ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်