Subscribe to our RSS Feed

အမျိုးသမီးများဘဝ မြင့်မားတိုးတက်စေရန် အသက်မွေးမှု ပညာရပ်များ အခမဲ့ သင်ကြားပေး

From :  ကြေးမုံ


အမျိုးသမီးများဘဝ မြင့်မားတိုးတက်စေရန်အတွက် အသက်မွေးမှု အတတ်ပညာများကို အခမဲ့ သင်ကြားပေးလျက်ရှိရာ စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ရန် ဖိတ်ခေါ်ထားကြောင်း အမျိုးသမီးများ လေ့လာသင်ယူမှု စင်တာ (WLC) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ပညာဒါနအဖြစ် အခမဲ့ သင်ကြားပေးမှုကို အမျိုးသမီးများအတွက် အပတ်စဉ် စနေနေ့တိုင်း ပြုလုပ်ပေးနေခြင်းဖြစ်ပြီး ပန်းအလှထိုးခြင်း၊ အခြေခံမိတ်ကပ်လိမ်းခြယ် နည်းပညာများ၊ အိမ်တွင်းအလှဆင်ခြင်း၊ မုန့်မျိုးစုံ ပြုလုပ်နည်းများ၊ ဥရောပအစားအစာ၊ တိုင်းရင်းသားအစားအစာ ချက်ပြုတ်နည်းများကို သင်ကြားပေးလျက် ရှိသလို အင်္ဂလိပ်စာ သင်တန်းများကိုလည်း ဖွင့်လှစ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။ သင်တန်းကာလ အတွင်း ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်သော အသိပညာများ၊ လူကုန်ကူးမှု ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောမှုများလည်း လုပ်ဆောင်လျက်ရှိသည်။ ဗဟုသုတ အသိပညာပေးကာ ဗီဒီယိုဖြင့်ပြသခြင်း၊ လေ့လာရေးခရီးထွက်ခြင်း၊ စာကြည့်တိုက် စီစဉ်ပေးခြင်းများ လုပ်ဆောင်ထားကြောင်း ၎င်းမှ ရှင်းပြသည်။ စိတ်ပါဝင်စားသော မည်သည့်ဒေသမှ အမျိုးသမီးများမဆို ခွဲခြားခြင်းမပြုဘဲ လက်ခံသင်ကြားပေးခြင်း ဖြစ်သည်။ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ အရှေ့ကြို့ကုန်း မဟာသုခိတာလမ်း၊ အမှတ်(၄၁၀)ရှိ အမျိုးသမီးများ လေ့လာသင်ယူမှုစင်တာ (WLC) ၌ စာရင်းပေးသွင်း နိုင်ကြောင်း သိရှိရသည်။
 
Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်