From : မြန်မာ့အလင်း
နှစ်စဉ်ကမ္ဘာတစ်ဝန်းတွင် ဘေးဒုက္ခနှင့် ပဋိပက္ခများကြောင့် မရေမတွက်နိုင်သော မိသားစုများသည် တကွဲတပြား ဖြစ်နေကြကြောင်း သိရသည်။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် လူသားချင်းစာနာ ထောက်ထားသည့်အနေဖြင့် မိသားစုများကို အဆက်အသွယ် ပြန်လည်ရရှိအောင် ဆောင်ရွက်ပေးနေကြောင်း အောက်တိုဘာလ ၂၂ ရက်က ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ နယူးဧရာဟိုတယ်၌ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့ သြစတြေးလျနိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် မိသားစု ပြန်လည်ဆက်သွယ်ပေးရေး သင်တန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်များအရ သိရသည်။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် ၂၀၀၈ ခုနှစ် မေလတွင် မိသားစု ပြန်လည်ဆက်သွယ်ပေးရေး ယူနစ်ကို တည်ထောင်ခဲ့ပြီး သဘာဝဘေးကြောင့် အဆက်အသွယ် ပြတ်တောက်ခဲ့သည့် မိသားစုဝင်များအား ပြန်လည်ဆက်သွယ်ပေးနိုင်ခဲ့ကြောင်း၊ ထို့ပြင် ၂၀၁၂ ခုနှစ် မေ ၈ ရက်တွင် ပြည်ပရောက်ပြီး အကြောင်းအမျိုးမျိုးကြောင့် အဆက်အသွယ် ပြတ်တောက်နေသူများအား မိသားစုအချင်းချင်း အဆက်အသွယ် ပြန်လည်ရရှိအောင် စတင်ဆောင်ရွက်ပေးနိုင်ရန် ကြိုးစားခဲ့ကြောင်း၊ အမေရိကန်၊ သြစတြေးလျ၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံတို့မှ အကြောင်းကြားစာ (၇၇) စောင်ကို လက်ခံရရှိပြီး (၆၁) စောင်အတွက် မိသားစုနှင့် အဆက်အသွယ် ပြန်လည်ရရှိအောင် အခမဲ့ ဆောင်ရွက်ပေးခဲ့ကြောင်းဖြင့်လည်း ပြောကြားခဲ့သည်။ မိသားစုဝင်များအကြား ခံစားနေရသည့် စိတ်ဆင်းရဲမှုနှင့် စိတ်ပင်ပန်းမှုများကို လျှော့ချနိုင်ရေးအတွက် တက်ရောက်နေကြသည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် ကြိုးစားသင့်ကြောင်းကိုလည်း ဆက်လက်ပြောကြားခဲ့သည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်