From : ဉာဏ်ဉာဏ် (မြစ်မခ)
နိုင်ငံတကာတွင် အသုံးပြုလျက်ရှိသော debit နှင့် credit ကဒ် (၄) မျိုးအား ပြည်တွင်း၌ အသုံးပြုနိုင်ရန် ဗဟိုဘဏ်က ခွင့်ပြုလိုက်ပြီဖြစ်သည်။
အမေရိကန် နိုင်ငံထုတ် ဗီဇာကဒ်နှင့်မာစတာကဒ်၊ တရုတ်နိုင်ငံထုတ် CUPကတ်၊ ဂျပန်နိုင်ငံထုတ် JBC debit & creditကဒ်များကို ပြည်တွင်း၌ အသုံးပြုနိုင်ရန် ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
လက်ရှိတွင် အသုံးမပြုနိုင်သေးသော်လည်း လာမည့် ၂၀၁၃ ခုနှစ်တွင် အသုံးပြုနိုင်အောင် စီစဉ်လျှက် ရှိကြောင်း သမဝါယမဘဏ်က သိရှိရသည်။
“ပုဂ္ဂလိကဘဏ်တွေ အနေနဲ့ အသုံးပြုလို့ ရရှိအောင် ဗဟိုဘဏ် က ခွင့်ပြုပေးလိုက်တာ ဖြစ်ပါတယ်။ လက်ရှိတော့ မရသေးပါဘူး။” ဟု သမဝါယမဘဏ်မှတာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါကဒ်များ ပြည်တွင်း၌ အသုံးပြုနိုင်ရန်အတွက် လက်ရှိတွင် ဆော့ဖ်ဝဲပိုင်းဆိုင်ရာများ၊ လုပ်ငန်း ပိုင်းဆိုင်ရာများကို ပြင်ဆင်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။
ကဒ်များ အသုံးပြုခွင့်ရရှိစေရန် Myanmar Payment Union အဖွဲ့ဝင်ဘဏ်များ၊ ပြည်တွင်း အခွန်များဦးစီးဌာန၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ MIT ကုမ္ပဏီ စသည်တို့မှ အစည်းအဝေး ပြုလုပ်ခဲ့ပြီး သဘောတူညီချက်များကို သက်ဆိုင်ရာသို့ တင်ပြမှုအပေါ်တွင် ဗဟိုဘဏ်က ခွင့်ပြု လိုက်ခြင်း ဖြစ်သည်။
အဆိုပါ ကဒ်များကို ၂၀၁၃ ခုနှစ် ဆီးဂိမ်းအမီ အသုံးပြုနိုင်မည် ဖြစ်သည်။ အဖွဲ့ဝင်ဘဏ် (၁၇) ဘဏ် ပါဝင်သော Myanmar Payment Union အနေဖြင့် အဆင့် (၃) ဆင့်ကို အကောင်အထည်ဖော်သွား မည်ဖြစ်ရာ ဆောင်ရွက်ချက်တစ်ခုအနေဖြင့် နိုင်ငံတကာကဒ်များကို ပြည်တွင်း၌ အသုံးပြုနိုင်ခြင်း ဖြစ်သည်။
MPU ၏ပထမအဆင့်ကို ၂၀၁၁-၂၀၁၂ ခုနှစ်တွင် အကောင်အထည်ဖော်လျှက်ရှိပြီး ယခုနှစ်အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များ၌ MPU ကဒ်များ အသုံးပြုနိုင်မည်ဖြစ်သည်။
ဒုတိယအဆင့်အား ၂၀၁၂-၂၀၁၃ တွင် အကောင်အထည်ဖော်မည်ဖြစ်သည်။ နိုင်ငံတကာ ကတ်များ ဖြစ်သော CUP, Visa, Master, JCB, Asean ကဒ်များကို လက်ရှိ MPU ကွန်ရက်တွင် အသုံးပြု နိုင်ရန် ရည်ရွယ်ထားသည်ဟုလည်း သိရသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်