From : အေးချမ်းမွန်
ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ပုဂံမြို့များ၌ ကမ္ဘာ့အဆင့်မီ ဟိုတယ်ကြီးများ တည်ဆောက်ရေး စီမံကိန်းများတွင် စင်ကာပူနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရန် ဆွေးနွေးလျက်ရှိကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
စင်ကာပူနိုင်ငံအနေဖြင့် မြန်မာ နိုင်ငံ၏ လယ်ယာကဏ္ဍဆိုင်ရာ အဆင့်မြင့်စက်ရုံများ တည်ဆောက်ရေး လုပ်ငန်းကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရေး၊ သီလ၀ါဆိပ်ကမ်း တည်ဆောက်ရေးနှင့် ခေတ်မီအဆင့်မြင့် ဆန်စက်များ၊ သကြားစက်များ၊ ဆီသန့်စက်များ၊ ဓာတ်မြေသြဇာစက်ရုံ တည် ဆောက်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။
အထက်ပါ ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် စင်ကာပူနိုင်ငံ ရင်းနှီးမြှုပ်နှံမှုအဖွဲ့ Wilmar Investment Holding Pte.,Ltd မှ မြန်မာနိုင်ငံသို့ လာရောက် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။
စင်ကာပူနိုင်ငံ ရင်းနှီးမြှုပ်နှံမှုအဖွဲ့ Wilmar Investment Holding Pte.,Ltd မှ ရန်ကုန်တိုင်းဒေသကြီး သီလ၀ါစက်မှုဇုန်တွင် စားအုန်းဆီသန့် အဆင့်မြင့်ပြုပြင်သည့် စက်မှုလုပ်ငန်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် သကြားအခြေခံ အဆင့်မြင့် စက်မှုလုပ်ငန်းများ၊ အခြားတိုင်းဒေသကြီးတို့၌ ဆန်နှင့် ဆန်ထွက်ပစ္စည်း အဆင့်မြင့်စက်မှုလုပ်ငန်းများ၊ ဆီထွက်သီးနှံနှင့် တိရစ္ဆာန်အစားအစာဆိုင်ရာ အဆင့်မြင့်စက်မှုလုပ်ငန်းများ စသည်ဖြင့် ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်လျက်ရှိသည်။
ထို့ပြင် ရန်ကုန်မြို့တွင် ပြည်ပရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်လျက်ရှိသော အထပ်မြင့်အဆောက်အအုံ စီမံကိန်းများတွင် စင်ကာပူနိုင်ငံမှ အများဆုံးဖြစ်ကြောင်း အထပ်မြင့်အဆောက်အအုံ တည်ဆောက်ရေးစီမံ ကိန်းများ အရည်အသွေးစစ်ဆေးရေး ပညာရှင်အဖွဲ့မှ သိရသည်။
စင်ကာပူနိုင်ငံသည် မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁၈၅၈ ဒသမ ၈၃ သန်းကျော် ရင်းနှီးမြှုပ်နှံထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။
၂၀၁၂ ခုနှစ် နိုဝင်ဘာလကုန်အထိ ရရှိသောစာရင်းများအရ မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလာမှု ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာသန်း ၁၃၆၄ ဒသမ ၈၁၁ ရှိကြောင်းနှင့် အိမ်ခြံမြေကဏ္ဍတွင် အမေရိကန်ဒေါ်လာသန်း ၁၀၅၆ ဒသမ ၄၅၃ ရှိကြောင်းလည်း သိရှိရသည်။
''အခုနိုင်ငံသား ပုဂ္ဂလိကမြေပေါ်မှာ နိုင်ငံခြားသားဖြစ်စေ၊ နိုင်ငံခြားသားနဲ့ နိုင်ငံသားက Joint ဖြစ်စေ၊ ဟိုတယ်၊ အထပ်မြင့် အဆောက်အအုံတွေ ရင်းနှီးမြှုပ်နှံခွင့်တောင်းလာရင် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရ အဖွဲ့ရဲ့ မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနဲ့ ကိုက်ညီမှသာ ခွင့်ပြုရမှာ ဖြစ်ပါတယ်''ဟုလည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောကြားခဲ့ပါသည်။
ပုဂံယဉ်ကျေးမှုနယ်မြေရှိ စေတီပုထိုးများကို တွေ့ရစဉ်
www.MyanmarExpress.net

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်