Subscribe to our RSS Feed

ကချင်ဒေသငြိမ်းချမ်းရေး KIA ခေါင်းဆောင်များတွင်သာ မူတည်ပါသည်

From : http://www.kachindailynews.com/2013/01/kia_1053.html

မြစ်ကြီးနား၊ ဇန်န၀ါရီ၂၉ရက်
          ကချင် တိုင်းရင်းသားတစ်ဦး အနေဖြင့် ကချင်ဒေသ ငြိမ်းချမ်းရေး အတွက် မည်သူ့တွင် အဓိက တာဝန်ရှိသည်၊  မည်သည့် အကြောင်းကြောင့် နှောင့်နှေး ကြန့်ကြာနေရသည်ကို စဉ်းစားမိခဲ့သည်မှာ ကြာပြီဖြစ်ပါသည်။ မိမိကဲ့သို့ပင် ကချင်ဒေသနေ ပြည်သူများ  နိုင်ငံအ၀ှမ်းရှိ တိုင်းရင်းသား များနှင့်  မြန်မာ့နိုင်ငံရေး စိတ်ဝင်စားသူ အားလုံး စဉ်းစားမိမည် ထင်ပါသည်။  မှားယွင်းသည့် အချက်အလက်များ  (Wrong  information)၊ လွဲမှားစွာ လက်ခံထားသည့် အယူဝါဒစွဲများ (Ideology deviation)၊ ဆန့်ကျင်ဘက်  အတွေးအခေါ်များ (Opposite idea) စသည်တို့ကို အခြေခံသော ရှုမြင်မှုကြောင့် ဖြစ်ရပ်မှန်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေနိုင်ပါသည်။ ရာဇ၀င်သမိုင်းပါ မျက်မမြင်ပုဏ္ဏားများကဲ့သို့ ကိုယ်ထင်ရာ ခန့်မှန်း ပြောဆိုနေခြင်းထက် ပကတိ အမှန်တရားဆိုင်ရာ အချက်လက်များကို စေ့ငုစွာရှာဖွေ ဖော်ထုတ်၍ အဖြေရှာသင့်ပါသည်။
    အငြိမ်းစားတရားရေး ၀န်ထမ်းတစ်ဦးအနေဖြင့် ၀ါသနာပါသည့် စာပေနှင့်မွေ့လျော်ရင်း အေးအေးပဲနေဖို့ စိတ်ကူးယဉ်ခဲ့မိသည်။ သို့ပေမယ့် ကျွန်တော်နေသည့် ကချင်ပြည်နယ်အတွင်း အနိဋ္ဌာရုံဖြစ်ရပ်များကြောင့် စိတ်ကူးယဉ် မနေနိုင်တော့ဘဲ စစ်တပ်နှင့် KIA တပ်မတော်တို့၏  မပြီးဆုံးသေးသော တိုက်ပွဲများ အကြောင်းကိုသာ အမြဲလိုစဉ်းစားလာမိခဲ့ပါသည်။ ကျွန်တော့အသက်  ၆၅ နှစ်ရှိပါပြီ။ ကျွန်တော့တစ်သက်တာ ကချင်ပြည်နယ် အတွင်း မှာသာ နေထိုင်လာခဲ့ရသည့်အတွက် ကချင်ပြည်နယ်အကြောင်း၊ ကချင်လူမျိုး အကြောင်း၊ စစ်တပ် အကြောင်းနှင့် KIA အကြောင်းတို့ကို ၆၅ နှစ်ကြာ အတွေ့အကြုံအရ စုံစုံလင်လင် သိရှိခဲ့ပြီးပါပြီ။ ကျွန်တော့်ညီအစ်ကိုတော်တချို့ KIA ထဲတွင်ရှိပါသည်။ မည်သည့်ဘက်တွင်မှ ရပ်တည်ခြင်း မရှိဘဲ ကြားမှာနေပြီး    ဖြတ်သန်းခဲ့ရသည့် အတွေ့ အကြုံနှင့် လေ့လာသိရှိရသမျှ အခြေအနေမှန်များကို အရှိအတိုင်း ရေးသားလိုပါသည်။
          အစိုးရသစ်သည် ၁၈-၈-၂၀၁၁ ရက်နေ့တွင် ကြေညာချက်အမှတ် (၁/၂၀၁၁)ဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဆွေးနွေးရန် တရားဝင်ဖိတ်ခေါ်ခဲ့ပါသည်။

 ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ ထပ်မံဖွဲ့စည်းပြီး သမ္မတကိုယ်တိုင် ဥက္ကဋ္ဌ အဖြစ် ပါဝင်ကာ ဒုတိယသမ္မတများနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့မှ အဖွဲ့ဝင်အဖြစ် ပါဝင်ကြောင်း သိရှိရသည်။  လက်ရှိအချိန်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့နှင့် လက်မှတ်ရေး ထိုးနိုင်ခဲ့ပြီး ဖြစ်သဖြင့် ဗဟိုကော်မတီ အဖွဲ့ဝင်အားလုံး ငြိမ်းချမ်းရေးကို လိုလိုလားလား   ဆောင် ရွက်နေ ကြောင်း    မြင်သာလျက် ရှိပါသည်။
    သမ္မတ၏မိန့်ခွန်းများတွင် အမြင်သဘောထား မတူသည်များကိုထားပြီး အမြင် သဘောထားတူညီသည် များကို ပြည်သူများ အကျိုးအတွက် ပူးပေါင်း  ဆောင်ရွက်ရေးမူဖြင့် ကြိုးပမ်း     ဆောင်ရွက် မည်ဖြစ်ကြောင်း   ပြောကြား  ထားပါသည်။ မှန်ပါသည်။ အမြင် သဘောထား မတူညီသည်များကို စစ်တိုက်ရင်း     ဆွေးနွေး၍ မရကြောင်း    တိုင်းရင်းသားအဖွဲ့အစည်း ၁၀  ဖွဲ့လုံးက လက်ခံ ယုံကြည်ပြီးဖြစ်ပါသည်။ ကျွန်တော်တို့ KIA လူကြီးများ ကို လည်း ယင်းသို့လက်ခံယုံကြည်စေလိုပါသည်။
         KIA လူကြီးများနှင့် အစိုးရ တာ ၀န်ရှိ သူများ စုစုပေါင်း ၁၀ ကြိမ် ထက် မနည်း    တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်း၊ ဆွေးနွေးခဲ့သည့် အကြိမ်တိုင်းတွင်  KIA မှ   နိုင်ငံရေး ဆွေးနွေးမှု ကိုသာ  ဦးစွာဆောင်ရွက်ရန် တောင်းဆိုခဲ့ကြောင်း၊ အပစ်အခတ် ရပ်စဲရေး(Cease-Fire)အား   နိုင်ငံရေး   ဆွေးနွေးမှုပြီးမှ သာ ဆောင်ရွက်မည်ဟု ပြောကြားလျက်ရှိကြောင်း KIA ငြိမ်းချမ်းရေး  ဆွေးနွေးရေး အဖွဲ့အတွင်းမှ သိရှိရပါသည်။



အပစ်အခတ် ရပ်စဲခြင်းမရှိသေးဘဲ မည်သည့် ငြိမ်းချမ်းရေးမှ ရနိုင်ဖွယ် မရှိသကဲ့သို့ မည်သည့် နိုင်ငံရေး ဆွေးနွေးမှု ကို မှလည်း တိုက်ပွဲများ အတွင်း ဆောင်ရွက်နိုင်ဖွယ် မရှိဟု ကျွန်တော်မြင်ပါသည်။ စစ်မှန်သော ငြိမ်းချမ်းရေးရရှိလိုပါက အပစ်အခတ်ရပ်စဲရေးကို ဦးစွာဆောင်ရွက်ရပါမည်။ ဒုတိယအဆင့် အနေဖြင့် နိုင်ငံရေး ဆွေးနွေးမှုများနှင့် စစ်ကြောင့် ဒုက္ခရောက်သူများ အား ပြန်လည်နေရာ ချထားပေးရေး ကိစ္စများကို ဆောင်ရွက် သွားသင့်ပါသည်။
ကျွန်တော်တို့အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံဖြစ်သည့် အိန္ဒိယတွင် နာဂအဖွဲ့၊ ကူကီးအဖွဲ့များနှင့် အပစ်အခတ် ရပ်စဲခဲ့ပြီး နိုင်ငံရေးဆွေးနွေးမှုအား ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။ KIA လူကြီးများ၏ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒသည် စစ်ကို လိုလား နေသယောင်ရှိနေခြင်းကြောင့်   နိုင်ငံတကာ လက်ခံ ကျင့်သုံးနေသည့် Peace Process များကို ကျွန်တော်တို့ ကချင်ပြည်နယ်  အေးချမ်းရေးအတွက် လက်ခံဆောင်ရွက် သွားသင့်သည်ဟု ရိုးသားစွာအကြံပြုလိုပါသည်။ ၁၉၉၄ မှစ၍ ကျွန်တော်တို့ကချင်ပြည်နယ် ငြိမ်းချမ်းလာခဲ့ပြီးဖြစ်ပါသည်။ ၂၀၁၁ ဇွန်လလောက်မှစ၍ တာပိန်ရေအားလျှပ်စစ်စက်ရုံ လုံခြုံရေး ဆောင်ရွက်နေသော အစိုးရတပ်ဖွဲ့ဝင်အချို့ကို KIA အဖွဲ့ဝင်များက ဖမ်းဆီးသွားရာမှ တိုက်ပွဲများ စတင်ခဲ့ ပါသည်။
           KIA နှင့် အစိုးရတပ်  အောက်ခြေအဖွဲ့ငယ်အချင်းချင်း  အပြန်အလှန် ပစ်ခတ်မှု စတင်ဖြစ်ပွားသည်နှင့် တစ်ပြိုင်တည်း KIA သည် ကချင်ပြည်နယ်အနှံ့ တံတားများကို တစ်ခုပြီးတစ်ခု ဖျက်ဆီးခဲ့ပါသည်။ တစ်ရက်တည်း မှာပင် တံတား ၄/၅ စင်းကိုဖျက်ဆီးခဲ့ခြင်းဖြစ်ပါသည်။ တံတားများဖျက်ဆီးခြင်းနှင့်အတူ ရထားလမ်းများ၊ ကားလမ်းများ၊ လျှပ်စစ်တာဝါတိုင်များ၊ ဆက်သွယ်ရေး အဆောက်အဦများကိုလည်း  ဆက်တိုက်ဆိုသလို ဖျက်ဆီးပစ်ခဲ့ပါသည်။



KIA သည် ကချင်လူမျိုးအချင်းချင်း အဓမ္မဖမ်းဆီး၍ လူသစ်စုပါတော့သည်။ လိုအပ်သည့် လက်နက်၊ ခဲယမ်းများ ၀ယ်နိုင်ရန် ဒေသခံတိုင်းရင်းသားများ၊ စီးပွားရေးလုပ်ငန်းရှင်များထံမှ ဆက်ကြေး အဆမတန် ကောက်ခံသည်။ မိုင်းထောင်၊ မိုင်းခွဲသည့် အလုပ်များကို KIA အဖွဲ့ဝင်များအပြင် မသိနားမလည်သည့် ရွားသားများကိုပါ ခြိမ်းခြောက်စေခိုင်းခြင်းများ ဆောင်ရွက်ပါသည်။



အစိုးရမှ စစ်တပ်ကို ကချင်ပြည်နယ်တွင် ခုခံကာကွယ်ရုံမှအပ ပစ်ခတ်တိုက်ခိုက်ခြင်း၊ KIA စခန်းများသို့ သွားရောက်တိုက်ခိုက်ခြင်းများ မပြုလုပ်ရန် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် ညွှန်ကြားခဲ့ကြောင်း သတင်းစာ ဖတ်ရင်း သိရပါသည်။ စစ်တပ်အနေဖြင့် ၎င်းတို့၏ ရိက္ခာပို့ခြင်း၊ လူနာသယ်ခြင်း စသည့်ပုံမှန်လုပ်ငန်းများ မလွှဲမရှောင်သာ ဆောင်ရွက်နေရမည်ဖြစ်ပါသည်။ ယင်းသို့ဆောင်ရွက်စဉ်တွင် ကချင်တပ်မတော်မှ မိုင်းထောင်ခြင်း၊ စောင့်၍ တိုက်ခိုက်ခြင်းများ ဆောင်ရွက်နေသဖြင့်သာ စစ်တပ်မှ ပြန်လည်ခုခံရင်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်း ဖြစ်နိုင်ပါသည်။ ဤနေရာတွင် အားမရတာ တစ်ခုကိုပြောချင်ပါသည်။ ဖြစ်စဉ်ဖြစ်ရပ် အခြေအနေမှန်အားလုံးကို မြင်နေ၊ သိနေရသည့် ကျွန်တော့်အတွက် ရေးချင်၊ ပြောချင်လွန်းလှပါသည်။ ရေးသင့်၊ ပြောသင့်၊ ဖော်ထုတ်သင့်ပါလျက် စစ်တပ်မှ ဘာကြောင့် မပြောလဲဆိုတာကို စဉ်းစားမရနိုင်လောက်အောင်ဖြစ်ရပါသည်။



ကျောက်နီမှော် ကိစ္စမှစခဲ့သည့် ရခိုင်ပြည်နယ် တောင်ကုတ်၊ မောင်တော၊ စစ်တွေ ပြဿနာများတွင် စစ်တပ်သည် ဒေသအာဏာပိုင်အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး အချိန်မီ ထိန်းသိမ်းခဲ့ပါသည်။ ထို့ကြောင့်လည်း အခြေအနေပြန်လည်တည်ငြိမ်သွားခြင်းဖြစ်ပါသည်။ ရခိုင်ပြည်နယ်မှာသာ စစ်တပ်က ၀င်မထိန်းလျင် ရခိုင်-ရိုဟင်ဂျာ အရေးအခင်းဟာ ပြောမပြတတ်လောက်အောင် ဆိုးရွား လာမည်မှာသေချာပါသည်။ Internet Website တွေ၊ ဂျာနယ်တွေမှာ ရခိုင်ကိစ္စ အခြေအနေတွေ တောက်လျှောက်ဖော်ပြခဲ့သလို ယခုကျွန်တော်တို့ ကချင်ပြည်နယ်ကိစ္စ တွေကိုလည်း အလားတူဖော်ထုတ်ပြဖို့ အကြံပြုချင်ပါသည်။
ကျွန်တော့်အမြင် ကချင်ပြည်နယ်အကြောင်း ပြောနေသူတွေဟာ ကချင်ပြည်နယ် ဘယ်နားရှိမှန်းမသိ၊ KIA ဆိုတာ ဘာလဲမသိဘဲ ရေးနေပြောနေ ကြသည်ဟုထင်ပါသည်။ ကချင်ပြည်နယ်ထဲက ကချင်တစ်ဦး အတွက် ကတော့ ဂျာနယ်တွေပေါ်က စာသားတွေဟာ ဂွမ်မော်ရဲ့ ပလီစိချောက်ချက် စကားတွေပဲဆိုတာကို တွေးကြည့်ရင်၊ ပြေးကြည့်တာထက် ပိုသိပါသည်။ ဒါကြောင့် စစ်တပ်ကိုအကြံပေးချင်တာက ခင်ဗျားတို့သိတဲ့ ကချင်ပြည်နယ်က အဖြစ်မှန်တွေကို မစားရ၀ခမန်းနှင့် ပြောနေ၊ ရေးနေသူတွေ နှုတ်ပိတ်သွားအောင် ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ဖို့ အချိန်တန်ပြီဖြစ်ပါသည်။
          အစိုးရက ငြိမ်းချမ်းရေးအတွက် စစ်တပ်ကို ခုခံစစ်သာပြုလုပ်ရန် အမိန့်ထုတ်ထားပြီးဖြစ်ပါသည်။ အစိုးရတပ် မှလိုက်နာပြီးနေထိုင်နေပေမယ့် KIA အနေနဲ့ အမိန့်ထုတ်ပြီးမှ လုံခြုံရေးယူထားသည့် ရဲစခန်းနှင့် ရဲကင်းများကို ၀င်ရောက်ပစ်ခတ်ခြင်း၊ မိုင်းထောင်ခြင်းများရှိနေပါသည်။ KIA လိုချင်သော အပစ်ခတ်မရပ်ဘဲ ငြိမ်းချမ်းရေးကို ဆွေးနွေးမည်ဟု ဆိုသောကြောင့် အစိုးရက လိုက်လျောပြီး ဆွေးနွေးမည်ဖြစ်ကြောင်းသိရှိရ ပါသည်။ အစိုးရနဲ့ စစ်တပ်က ငြိမ်းချမ်းရေးကို လိုချင်လွန်းနေသောကြောင့် လိုက်လျောနေပေမယ့် KIA က သဘာထားရိုးရိုးသားသားနဲ့ ငြိမ်းချမ်းရေးကို ဆွေးနွေးမှာလား ကောက်ကျစ်စဉ်းလဲစွာနဲ့ လုပ်ဆောင်မလား ဆိုတာ ထပ်မံစောင့်ကြည့်နေရမှာဖြစ်ပါသည်။
ကချင်ပြည်နယ်မှ အငြိမ်းစားတရားရေးဝန်ထမ်းတစ်ဦး

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်