Subscribe to our RSS Feed

ဒုတိယသမ္မတဦးဥာဏ်ထွန်း ကမ္ဘာ့စီးပွားရေးဖိုရမ် တက်ရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိ

From : သမ္မတရုံး


နေပြည်တော် ဇန်နဝါရီ ၂၇

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတဦးဥာဏ်ထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၂၃ ရက်မှ  ၂၆ ရက်အထိ ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ်မြို့၌ ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ် နှစ်စဉ် အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီးနောက် ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိသည်။

ဒုတိယသမ္မတ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၂၃ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့မှ ထွက်ခွာ၍ ဗန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်သို့  ရောက်ရှိရာ လေဆိပ်၌ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးဦးတင်ဝင်းနှင့် သံရုံးအဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၂၄ ရက် နံနက် ၂ နာရီတွင် ဗန်ကောက်မြို့မှ ဇူးရစ်မြို့သို့ဆက်လက် ထွက်ခွာလာပြီး ယင်းနေ့ ဒေသစံတော်ချိန် နံနက် ၆ နာရီမိနစ် ၅ဝ တွင် ဇူးရစ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီး ဂျီနီဗာမြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်/ သံအမတ်ကြီး ဦးမောင်ဝေနှင့်အဖွဲ့ ရုံးဝန်ထမ်းများက ကြိုဆိုခဲ့ကြသည်။

ဒုတိယသမ္မတဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယင်းနေ့မွန်းလွဲပိုင်းတွင် ဇူးရစ်မြို့မှ ထွက်ခွာခဲ့ရာ ညပိုင်းတွင် ဒါးဗို့စ်မြို့သို့ရောက်ရှိခဲ့သည်။

ဒုတိယသမ္မတသည် ဇန်နဝါရီ ၂၅ ရက် နံနက် ၁၁ နာရီခွဲတွင် ကမ္ဘာ့စီးပွားရေးဖိုရမ် အမှုဆောင် သဘာပတိ Professor Klaus Schwab အား အစည်းအဝေးကျင်းပရာ ဒါးဗို့စ်မြို့ ကွန်ဂရက်စင်တာရှိ ၎င်း၏ ရုံးခန်း၌ တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ကမ္ဘာ့စီးပွားရေး ဖိုရမ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများကိစ္စ၊ မြန်မာနိုင်ငံ၌ ၂ဝ၁၃ ခုနှစ် ဇွန်လတွင် ကျင်းပမည့် အရှေ့အာရှကမ္ဘာ့စီးပွားရေးဖိုရမ်အတွက် ကြိုတင်ပြင်ဆင်နေမှုကိစ္စ စသည်တို့ ကိုဆွေးနွေးခဲ့ကြသည်။  

 ဒုတိယသမ္မတသည်  မွန်းတည့် ၁၂ နာရီမှ  မွန်းလွဲ  ၁  နာရီ  ၄၅ မိနစ်အထိ ကွန်ဂရက်စင်တာ Parsenn/Pishca ခန်းမ၌ ကျင်းပသည့် ကမ္ဘာ့စီးပွားရေး ခေါင်းဆောင်များ အလွတ်သဘော တွေ့ဆုံခြင်း-၂ဝ၁၃ ခုနှစ်အတွက်  အရေးပါမှုများကို အနက်ဖွင့်ဆိုခြင်း (Informal  Gathering  of   World Economic Leaders-Defining the Impe-ratives  for  2013) ခေါင်းစဉ်ဖြင့် နေ့လယ်စာစားသုံးရင်း ဆွေးနွေးသည့်  ဆွေးနွေးပွဲသို့ တက်ရောက်သည်။  အဆိုပါဆွေးနွေးပွဲသို့ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊    ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင်များနှင့်  နိုင်ငံတကာအဖွဲ့အစည်းများ၏    အကြီးအကဲများ တက်ရောက် ခဲ့ကြသည်။

ဒုတိယသမ္မတသည် ယင်းနေ့မွန်းလွဲ ၁နာရီ    ၅၅  မိနစ်တွင်ကွန်ဂရက်စင်တာ အခန်းအမှတ် ME-23၌    ဆွစ်ဇာလန်နိုင်ငံ ဒုတိယသမ္မတ H.E.  Mr. Didier Burkhalter နှင့် တွေ့ဆုံခဲ့သည်။

ယင်းသို့တွေ့ဆုံရာသို့ ဒုတိယသမ္မတနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်နှင့် မြန်မာအမြဲတမ်းကိုယ်စားလှယ်/ သံအမတ်ကြီး ဦးမောင်ဝေတို့ တက် ရောက်ခဲ့ကြသည်။  ယင်းသို့တွေ့ဆုံဆွေးနွေးရာတွင်  နှစ်နိုင်ငံဆက်ဆံရေး၊ ချစ်ကြည်ရေးနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုကိစ္စများ၊  ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ၏    အကူအညီပေးမှု ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ဒုတိယသမ္မတသည်  မွန်းလွဲ ၂ နာရီခွဲတွင် ကွန်ဂရက်စင်တာရှိ     Rinerhorn  Club ခန်းမ၌ ကျင်းပသော Business   Interaction- Group  on  Myanmar ခေါင်းစဉ်ဖြင့်  ဆွေးနွေးသည့်  ဆွေးနွေးပွဲသို့ တက်ရောက်၍    မြန်မာနိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အခြေအနေ များကို ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသူများက မြန်မာနိုင်ငံတွင်  ကဏ္ဍအသီးသီးမှ လာရောက် ရင်းနှီးမြှုပ်နှံမှုကိစ္စများနှင့်    ပတ်သက်၍ မေးမြန်းသည်များကို ဒုတိယသမ္မတ၊ ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းနှင့် ဒုတိယဝန်ကြီးဦးဆက်အောင်တို့က ပြန်လည်   ရှင်းလင်း ပြောကြား ခဲ့ကြသည်။ ဆိုပါဆွေးနွေးပွဲသို့စီးပွားရေးကုမ္ပဏီကြီးများ၏  အမှုဆောင် အရာရှိများ အပါအဝင်  စီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ခဲ့ကြသည်။

ဒုတိယသမ္မတသည် ညနေ ၃ နာရီ  ၅၅မိနစ်တွင်  ကွန်ဂရက် စင်တာရှိ အခန်းအမှတ် ME-23 ၌ နယ်သာလန်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Mark Rutte နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ဒုတိယသမ္မတနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် မြန်မာအမြဲတမ်း ကိုယ်စားလှယ်တို့တက်ရောက်ခဲ့ကြသည်။  ယင်းဆွေးနွေးပွဲ၌  နှစ်နိုင်ငံ ဆက်ဆံရေး၊  ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။

ဒုတိယသမ္မတသည် ညနေ ၄ နာရီ ၁၅ မိနစ်မှ ၅ နာရီ ၁၅ မိနစ်အထိ ကျင်းပသည့် Resilience in Diversity ခေါင်းစဉ်ဖြင့် ပြုလုပ်သော ဆွေးနွေးပွဲသို့ အခြားအာဆီယံနိုင်ငံ အကြီးအကဲများဖြစ်သည့် လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. SomsavatLengsavad၊ မလေးရှားနိုင်ငံဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး H.E. Mohd Najib Bin Tun Abdul Rzak၊ ဖိလစ်ပိုင်နိုင်ငံသမ္မတ H.E. Benigno Siemeon Cojuangco Aquino III၊ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး H.E. Kittiratt Na-Ranong တို့နှင့်အတူ ဦးဆောင် ဆွေးနွေးသူများအဖြစ် ပါဝင်တက်ရောက်ဆွေးနွေး ခဲ့သည်။ CNN နိုင်ငံတကာ သတင်းဌာနမှ  Ms. Ellana Lee က Moderator အဖြစ် ဆောင်ရွက်ခဲ့သည်။ ယင်းသို့ဆွေးနွေးရာတွင် အာဆီယံ စီးပွားရေးပေါင်းစည်းမှု မြှင့်တင်ရေး၊ အာဆီယံဒေသတွင်း လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရေးတို့နှင့် ပတ်သက်သည့် ကိစ္စရပ်များအပေါ် ဆွေးနွေးပြောကြားခဲ့ကြသည်။ ဒုတိယသမ္မတကမြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက် နေမှုများ၊ အာဆီယံအသိုက်အဝန်းအတွက် မြန်မာနိုင်ငံ၏ အထောက်အကူ ပေးနိုင်မည့်ကဏ္ဍများ၊ ဒေသအတွင်း စားနပ်ရိက္ခာဖူလုံရေးအတွက် မြန်မာနိုင်ငံအနေဖြင့် အဓိကအခန်းကဏ္ဍမှ ပါဝင်လာမည့် ကိစ္စများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ဒုတိယသမ္မတသည် မလေးရှားနိုင်ငံဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး H.E. MohdNajib Bin Tun Abdul Rzak ၏ ဖိတ်ကြားချက်အရ ယင်းနေ့ ညပိုင်းတွင်  Central Sporthotel ၌ ကျင်းပသည့် Malaysian Night ဧည့်ခံပွဲသို့ တက်ရောက်ခဲ့သည်။

မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များအဖြစ် လိုက်ပါလာသည့် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဌေး၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်နှင့် အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်တို့သည် သက်ဆိုင်ရာ အစည်းအဝေးများ၊ ဆွေးနွေးပွဲများ၊ တွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်ခဲ့ကြသည်။

ဒုတိယသမ္မတဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များသည် ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် ဒါးဗို့်စ်မြို့မှ ဇူးရစ်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိသည်။ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် ဇူးရစ်မြို့မှ ဗန်ကောက်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည် ထွက်ခွာလာရာ လေဆိပ်၌ မြန်မာအမြဲတမ်း ကိုယ်စားလှယ်/သံအမတ်ကြီး ဦးမောင်ဝေနှင့် အဖွဲ့ရုံးဝန်ထမ်းများက ပို့ဆောင်နှုတ်ဆက်ခဲ့သည်။

ဒုတိယသမ္မတဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ဗန်ကောက်မြို့မှ တစ်ဆင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိရာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံရုံးမှ Counsellor Mrs. Corinne Henchaz Pianani နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌် ကြိုဆိုခဲ့ကြသည်။

ဒုတိယသမ္မတဦးဥာဏ်ထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်များ အဖြစ် လိုက်ပါခဲ့သည့် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ စွမ်းအင်ဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဦးသိန်းဌေး၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသန့်ကျော်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင် နှင့် တာဝန်ရှိသူများ ပြန်လည် လိုက်ပါလာကြသည်။


 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်