From :planet
ဥရောပ ယူနီယံ (EU)၏ လက်ရှိ
အခြေအနေများကို အပြောင်းအလဲ ပြုလုပ်နိုင်ခြင်း မရှိပါက မိမိတို့ နိုင်ငံသည်
အဖွဲ့ဝင် အဖြစ်မှ နုတ်ထွက်ရန် စဉ်းစားရလိမ့်မည်ဟု ဗြိတိန် ဝန်ကြီးချုပ်
ဒေးဗစ် ကင်မရွန်က ပြောကြားလိုက်သည်။ ကင်မရွန်က မိမိသည် ဗြိတိန်နှင့်
EUတို့ကြား ဆက်ဆံရေးကို ပြန်လည် ညှိနှိုင်း ဆွေးနွေးရန် အလိုရှိနေပြီး
ထို့နောက်မှသာ ဗြိတိန် ပြည်သူလူထု၏ သဘောထား ဆန္ဒကို
ကောက်ခံသွားလိုကြောင်းလည်း ဆိုသည်။ အကယ်၍ ဆွေးနွေးမှုများ ပြုလုပ်ဖြစ်ခဲ့ပါက
ဗြိတိန်ပြည်သူများတွင် ရွေးချယ်ခွင့် နှစ်ခု ရိုးရှင်းစွာ ရှိလာပြီး
ရလဒ်ကို လက်ခံရန်၊ သို့မဟုတ် EUကို စွန့်ခွာရန်သာ ဆုံးဖြတ်ရုံ
ရှိတော့ကြောင်းလည်း ကင်မရွန်က ဆိုသည်။

(EU နှင့် ပတ်သက်သည့် မိန့်ခွန်းပြောကြားနေသော ဒေးဗစ်ကင်မရွန်)
အကယ်၍ ဗြိတိန်တွင် ကွန်ဆာဗေးတစ်တို့ ရွေးကောက်ပွဲ အနိုင်ရရှိခဲ့ပါက EUအရေးအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတစ်ရပ် ပြုလုပ်ရန် ဝန်ကြီးချုပ်က လိုလားနေသည်။ လေဘာပါတီမှ အက်မီလီဘန်းကမူ သမ္မတသည် ပျော့ညံ့လွန်းပြီး ပါတီ၏ အကျိုးစီးပွားအတွက်သာ စေခိုင်းခံနေရသူဟု ဝေဖန်ခဲ့သည်။ ကင်မရွန်က အကယ်၍ လာမည့် အထွေထွေ ရွေးကောက်ပွဲတွင် ကွန်ဆာဗေးတစ်တို့ အနိုင်ရပါက (၂၀၁၇)ခုနှစ် မတိုင်မီ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတစ်ခု ပြုလုပ်ရန် ရည်ရွယ်ထားကြောင်း ဆိုသည်။ အဆိုပါ ဆန္ဒခံယူပွဲသည် ဗြိတိန်၏ ကံကြမ္မာကို အဆုံးအဖြတ် ပေးနိုင်မည်ဟုလည်း ဝန်ကြီးချုပ်က သုံးသပ်ခဲ့သည်။ အကယ်၍ EUနှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေးတစ်ရပ် တည်ဆောက်နိုင်ခဲ့ပါက မိမိသည် ယင်းအဖွဲ့အစည်းကြီးတွင် ဗြိတိန်နိုင်ငံ ဆက်လက် ရှိနေစေရေး စိတ်လိုလက်ရ ထောက်ခံမည်ဟုလည်း ကင်မရွန်က ပြောကြားသွားသည်။

(မိန့်ခွန်းပြောကြားရန် လန်ဒန်မြို့လယ်ရှိ Bloomberg Headquarters သို့ ရောက်ရှိလာသည့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်)
"ဗြိတိသျှ ပြည်သူတွေ ကိုယ့်ရဲ့ ပြောဆိုခွင့်အတွက် အချိန်ကျရောက်လာပါပြီ။ ဥရောပမှာ ဗြိတိန်ရဲ့ မူဝါဒရေးရာနဲ့ ဆိုင်တဲ့ မေးခွန်းအတွက် အခြေတကျ ဖြစ်စေဖို့ အချိန်ကျရောက်လာပါပြီ။ ကျွန်တော်ကတော့ ဗြိတိသျှ ပြည်သူတွေကို ပြောလိုက်မှာပါ။ ဒါဟာ ခင်ဗျားတို့ရဲ့ ဆုံးဖြတ်ချက်ပဲ ဆိုတာကိုလေ"ဟု ဝန်ကြီးချုပ်က ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။ ကွန်ဆာဗေးတစ်တို့သည် ပါလီမန်တွင် ၎င်းတို့၏ ကိုယ်စားလှယ်များကို EUအရေးအတွက် ဆုံးဖြတ်ချက်တစ်ခု တည်မြဲစေရေး ကြိုးပမ်းနေသော်လည်း ရုန်းကန်နေရဆဲ ဖြစ်သည်။
ထိုအခြေအနေတွင် EU၏ မူဝါဒ ရေးရာများအပေါ် ဗြိတိန်နိုင်ငံ အနေဖြင့် ကိုယ်စားပြု ဆုံးဖြတ်သည့် သဘောထားသည် ဗြိတိသျှ ပြည်သူတို့နှင့် သက်ဆိုင်မည်ဟု ကင်မရွန်က ဆိုသည်။ "ဒါကြောင့်လည်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ တစ်ရပ်ကို ကျွန်တော် လိုလားတာပါ။ ဒီကိစ္စမှာ အငြင်းပွားမှုတွေ ရှိမယ်ဆိုတာ ကျွန်တော် ယုံကြည်ပြီးသားပါ။ စကားရည်လုပွဲတွေဆီ ဦးတည်လာဖို့လည်း ဖြစ်နိုင်တယ်"ဟု ဝန်ကြီးချုပ်က ပြောကြားသွားသည်။ ကင်မရွန်သည် လန်ဒန်မြို့လယ်တွင် ယခုမိန့်ခွန်းကို ပြောဆိုခဲ့ပြီး EUအဖွဲ့ဝင် နိုင်ငံခေါင်းဆောင်များ၊ စီးပွားရေး အဖွဲ့အစည်းများနှင့် မူဝါဒရေးရာ ထောက်ခံသူများ၊ ဝေဖန်သူများက အလေးအနက် စောင့်ဆိုင်း နားထောင်ခဲ့ကြောင်းလည်း သိရှိရသည်။
www.MyanmarExpress.net
ဆွေးနွေးမှုများ ပြုလုပ်ဖြစ်ခဲ့ပါက ဗြိတိန်ပြည်သူများတွင် ရွေးချယ်ခွင့်
နှစ်ခု ရိုးရှင်းစွာ ရှိလာပြီး ရလဒ်ကို လက်ခံရန်၊ သို့မဟုတ် EUကို
စွန့်ခွာရန်သာ ဆုံးဖြတ်ရုံ ရှိတော့ကြောင်းလည်း ကင်မရွန်က ဆိုသည်။

Posted in: ကမ္ဘာ့သတင်း
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်