Subscribe to our RSS Feed

အီလက်ထရောနစ် ဥပဒေသစ်ရေးဆွဲ၍ အဟောင်းအားပယ်ဖျက်မည်

From :  Myit Makha Mediagroup

အီလက်ထရွန်းနစ်ဥပဒေပြစ်မူနှင့် ပြစ်ဒဏ်မှာ ခေတ်နှင့်မလျှော်ညီတော့သဖြင့် ပြင်ဆင်ပယ်ဖျက်သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်းကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းတင်က ပြောကြားခဲ့သည်။
" ဦးသိန်းညွှန့်ရဲ့ဆွေးနွေးချက်တွေက ခေတ်စနစ်အရလိုက်လျောညီထွေမှုရှိပြီး လျှော်ကန်သင့်မြတ်ပါကြောင်း တွေ့ရှိရပါတယ်"ဟု ဒုတိယ၀န်ကြီးဦးသောင်းတင်က ပြောကြားခဲ့သည်။
အဆိုပါ ကိစ္စရပ်နှင့် ပတ်သတ်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ဦးသိန်းညွှန့်မှ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအား ဆွေးနွေးရန် အဆိုတင်သွင်းခဲ့သည့်အပေါ်တွင် ၀န်ကြီးမှ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
"၀န်ကြီးဖြေတာ အားရတယ်။ ၀န်ကြီးကလည်း ပြောတယ်။ ဒီဥပဒေဟာ ခေတ်နဲ့မလျော်ညီတော့ဘူး ဆိုတာကို လက်ခံတယ်။ အဲဒီဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို လွှတ်တော်က မှတ်တမ်းတင်ထားရှိဖို့ ဆုံးဖြတ် ခဲ့တယ်"ဟု ဦးသိန်းညွှန့်က ပြောသည်။
အီလက်ထရွန်းနစ် ဥပဒေသည် နိုင်ငံတော် အေးချမ်းသာယာရေး ဖွံ့ဖြိုးရေးကောင်စီ လက်ထက်က ပြဌာန်းထားတဲ့ ဥပဒေဖြစ်ပြီး နိုင်ငံတော် လုံခြုံရေးထိ ပါးစေသော အီလက်ထရွန်းနစ် နည်းပညာ သုံးစွဲခြင်းအတွက် ထောင်ဒဏ် (၁၅)နှစ်ချမှတ်နိုင်ကြောင်း အီလက်ထရွန်းနစ်ဥပဒေတွင်အခန်း-၁၂ ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ပုဒ်မ ၃၃တွင်  ဖော်ပြ ထားကြောင်း ၄င်းက ဆက်ပြောသည်။
" အီလက်ထရောနစ်ဆက်သွယ်ရေး ဥပဒေအခန်း(၁၂)ပြစ်မှုနဲ့ ပြစ်ဒဏ်များဟာ အခုအခြေအနေနဲ့ဘယ်လိုမှ မကိုက်ညီတော့ပါဘူး"ဟု ဦးသိန်းညွှန့်က ဆက်ပြောသည်။
အီလက်ထရွန်းနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ၂၀၀၄ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် ကြေညာချက် အမှတ် ၅/၂၀၀၄ ဖြင့် ထုတ်ပြန်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အီလက်ထရွန်းနစ် ဆက်သွယ်ရေး နည်းပညာ ဥပဒေသစ်ကို ခေတ်နှင့်လျော်ညီစွာရေးဆွဲသွားမည် ဖြစ်ပြီး ဥပဒေသစ်ထွက်ပေါ်လာမှသာ ဥပဒေဟောင်းအား ပယ်ဖျက်သွားမည်ဖြစ်ကြောင်း ၀န်ကြီး ဦးသောင်းတင် မှ ပြောကြားခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်