Subscribe to our RSS Feed

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုပေးဖို့ ပါတယ်ဆိုတော့... အဲဒီတုန်းက ကျမဒေါ်စုလေရယ်မိပါတယ်



From : ရောင်နီ


တစ်နှစ်သား သက်တမ်းသာရှိသေးတဲ့ အစိုးရသစ် လက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေနဲ့ ငြိမ်းချမ်းရေးယူနိုင်ခဲ့တာ၊ အထူးသဖြင့် အနှစ်၆၀ကျော် လက်နက်စွဲကိုင်ခဲ့တဲ့ ကရင်လက်နက်ကိုင်အဖွဲ့ KNU နဲ့ ကရင်နီလက်နက်ကိုင်အဖွဲ့ KNPP တို့နဲ့ သဘောတူညီချက် တွေ ရရှိခဲ့တာကတော့ လက်ရှိအစိုးရရဲ့ ထူးခြားတဲ့ ငြိမ်းချမ်းရေးစွမ်းဆောင်နိုင်မှုတွေပါ။ နောက်ပြီး ဒီမိုကရေစီ စနစ်ကိုအသွင်ကူးပြောင်းရာမှာလည်း ရဲရင့်ပြတ်သားလွန်းအားကြီးလို့ ဘေးကနေကြည့်နေရတဲ့ ကျွန်တော်တို့ တောင် ရင်ခုန်နေရတယ်။ ဒီလောက်ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အသွင်ကူးပြောင်းနေတာ ဟုတ်မှဟုတ်ရဲ့လားလို့၊ အခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပြီးလေ့လာကြည့်တာပါ၊ အာရပ်နွေဦးလို အဖြစ်အပျက်မျိုးတွေပေါ့။
ဒါတွေကို နိုင်ငံတကာကသိဖို့လည်းမလိုပါဘူး၊ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းရင်းသား ပြည်သူလူထု အတွက် ကိုယ့်အလုပ်ကို လုပ်နေဖို့က အရေးကြီးတာပါ။ ဒီနေရာမှာ အခုလက်ရှိ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုယူဖို့ ကျွန်တော်တို့ဆီရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နှိုင်းယှဉ်ကြည့်ရအောင်…။
ကျွန်တော်သိသလောက်ဆိုရင် - ဒေါ်အောင်ဆန်းစုကြည်ဟာ ၈၇ မှာ အမေနေမကောင်းလို့ဆိုပြီး မြန်မာပြည်ပြန်သွားပါတယ်။ ဟိုရောက်တော့ နိုင်ငံကဆူဆူပူပူဖြစ်တဲ့အချိန်မှာ နိုင်ငံရေးစင်မြင့်ပေါ်ကို ဘာရည်ရွယ်ချက်၊ ခံယူချက်မှမရှိဘဲနဲ့ ရောင်လည်လည်နဲ့ရောက်လာခဲ့တယ်။ လူထုကလည်း ချက်ချင်းလက်ငင်း လူသိများနိုင်တဲ့ လူတစ်ယောက်ကို အရေးပေါ်လိုအပ်နေတော့ တစ်ချိန်ကနိုင်ငံရဲ့ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသမီးဆိုပြီး သူ့ကိုဝိုင်းမြှောက်ပြီး စင်ပေါ်တွန်းတင်ပေးခဲ့ကြတယ်။ ၈၈ ကျောင်းသားတွေရဲ့ ရှေ့မှာ ပြည်ပြေးစိန်ဝင်းတို့အလိုကြ စာတွေဖတ်ပြရတယ်၊ ဗိုလ်ချုပ်အောင်ဆန်းနာမည်နဲ့ လူသိများတဲ့ သူ့သမီးကို ခုတုံးလုပ်ပြီး အသုံးချခံခဲ့ရတာပါ။ သူမကလည်း နိုင်ငံရပ်ခြားမှာ ကျောင်းတက်၊ လင်ယူသားမွေးအလုပ်ကိုသာ လုပ်နေခဲ့ပြီး အခုမှနိုင်ငံကို ပြန်ရောက်လာတာကို။ နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးအကြောင်းမပြောနဲ့၊ ကိုယ့်အိမ်ကိုတောင် သူများလိုက်ပို့မှ ပြန်တတ်ခဲ့တာပါ။


၈၈ အရေးအခင်းကာလမှာလည်း ငြိမ်းချမ်းရေး အတွက်၊ တိုင်းပြည်လူမျိုးအတွက် ဘာမှတိတိပပ လုပ်ခဲ့တာ မတွေ့ရပါဘူး၊ သူလုပ်မှ၊ သူပြောမှပိုပြီး ဆူပူအကြမ်းဖက် မှုတွေ ဖြစ်လာခဲ့ပါတော့တယ်။ ဒါကြောင့် နေအိမ်အကျယ်ချုပ် ထားပြီး ထိမ်းသိမ်းခံခဲ့ရတယ်။ တိုင်းပြည်အေးချမ်းပြီး တည်ငြိမ်လာတော့သူ့ကို ပြန်ပြီးလွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် လည်း သူ့ရဲ့အမူအကျင့်ကတော့ မတည်ငြိမ်နိုင်သေးပါဘူး၊ တိုင်းပြည်မငြိမ်မသက်ဖြစ်အောင်၊ သူသွားလေရာဆူပူအုံကြွမှုတွေဖြစ်အောင် သွေးထိုး/သွေးခွဲ စကားလုံးတွေကိုပဲ အမြဲစဉ်းစားနေတယ်လို့တောင် ထင်ရပါတယ်။ ဘာလို့လဲဆိုတော့ သူ့ကို ပြန်လွှတ်လွှတ်ချင်းမှာပဲ အဲဒီစကားလုံး တွေနဲ့ သွားလေရာပြောဆိုနေတော့ လူထုကို ထိမ်းမနိုင်၊သိမ်းမရဘဲ ဒီပဲယင်းအရေးအခင်း ပေါ်ပေါက်လာခဲ့ပြီး သူ့အသက်အန္တရာယ်ကိုတောင်စိတ်မချရလို့ ဘယ်မှသွားခွင့်မပြုတော့ဘဲ နေအိမ်အကျုယ်ချုပ်နဲ့ပြန်ထားခဲ့ပါတယ်။ အဲဒါတွေက ကျွန်တော်မှတ်မိနေတဲ့ သူ့ရဲ့ငြိမ်းချမ်းရေးကြိုးပမ်းအားထုတ်မှုတွေပါ။ သူ့ကို ငြိမ်းချမ်းရေး နိုဘယ်လ်ဆုပေးချိန်၊ ယူတဲ့အချိန်တွေဟာ ကျွန်တော်တို့တိုင်းပြည်ကတော့ ဆူပူအုံကြွမှုတွေကို ခါးစည်းခံရတာဟာ တိုက်ဆိုင်မှုပဲလား၊ တိုင်းပြည်``ခိုက်``တာလားဆိုတာ စဉ်းစားစရာပါပဲ။ အခုလည်း သူ့ယောက်ျားနဲ့ သူ့သားတွေ ယူပြီးသား နိုဘယ်လ်ဆုကို နောက်တစ်ကြိမ်ထပ်ပြီးယူနေတဲ့အချိန်မှာ ရခိုင်ပြည်နယ်မှာ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်နေတာကတော့ တော်တော်ကြီးကို တိုက်ဆိုင်လွန်းလှပါတယ်။
သူ - မြန်မာနိုင်ငံမှာရှိနေတဲ့ ကာလတလျှောက်လုံး ကျွန်တော်တို့နိုင်ငံနဲ့ တိုင်းရင်းသားတွေ အမိုက်မှောင် ကာလတွေကို ခါးစည်းပြီးခံခဲ့ကြရတာပါ၊ ကိုယ့်နိုင်ငံကို စီးပွားရေးပိတ်ဆို့မှုတွေ၊ ဒဏ်ခတ်အရေးယူမှုတွေ တိုးသည်ထက်တိုးလာအောင်၊ ကြာသည်ထက်ကြာလာအောင် အမျိုးမျိုးဒုက္ခပေးခဲ့တာပါ၊ စစ်အစိုးရခေတ်ကလည်း စစ်အစိုးရမို့လို့။ ထိပ်တိုက်ရင်ဆိုင်ရေးတွေဖြစ်အောင်၊ တိုင်းပြည်မငြိမ်မသက်ဖြစ်အောင်ပဲ အနောက်နိုင်ငံတွေက မြှောက်ထိုးပင့်ကော်လုပ်ခဲ့တာကို အခုချိန်ထိအမှတ်မရှိသေးပါဘူး။ အခုလည်း အစိုးရသစ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရေး တွေဖြစ်အောင် အနောက်နိုင်ငံကြီးတွေအားလုံးက ဟန်ချက်ညီညီနဲ့ လုပ်ဆောင်နေတာကို သတိပြုသင့်ပါပြီ။ သမ္မတကြီး ဦးသိန်းစိန်ကို မြစ်ဆုံကိစ္စတို့၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့ကိစ္စဆိုတာတွေက ဒီမိုကရေစီ လမ်းကြောင်းကို ရဲရဲကြီးလှမ်းနေတဲ့၊ အတင့်ရဲလွန်းတဲ့အနေအထားမို့လို့သာ ထိပ်တိုက်ရင်ဆိုင်ရေးတွေ၊ ဆူပူမှုတွေဖြစ်မလာဘဲ အေးအေးဆေးဆေးဖြစ်နေတာပါ၊ တစ်ဘက်တင်း၊ တစ်ဘက်လျော့မို့လို့ပါ၊ နှစ်ဘက်စလုံးက တင်းလိုက်ရင်တော့ ပြတ်သွား တော့မှာကို ကြိုမြင်နေမိပါတယ်။
ဒီလိုမျိုးတွေ အလျှော့ပေးပြီးလိုက်လျောနေတာကို ထပ်ပြီး ကြိုးတင်းလာပြန်တယ်၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကိုယ်တိုင်လာပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ထဲ ရောက်ဖို့အတွက် အစိုးရသစ်ကို နည်းမျိုးစုံဖြင့် ဖိအားတွေပေးလာ ခဲ့ပါတယ်။ အခုဆိုရင် ပြည်သူ့လွှတ်တော်အမတ်တစ်ယောက်တောင် ဖြစ်နေပါပြီ။ ဒါကလည်း ခေါင်းကလေးအရင်ဝင်ပါရစေ၊ ပြီးတော့မှ တကိုယ်လုံးဝင်တော့မယ့်ပုံစံပေါ့ဗျာ။ ပြည်သူလူထုအရေးအတွက်လည်း လွှတ်တော်ထဲကနေ ဒီမိုကရေစီနည်းလမ်းကျကျ တိုင်းသိပြည်သိ အကျိုးအကြာင်း ခိုင်ခိုင်လုံလုံနဲ့ လုပ်ချင်တာတွေ၊ ဖြစ်ချင်တာတွေကို တောင်းဆိုလို့ရနေပါပြီ။
အဲဒီလောက်ထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရသစ်နဲ့ ပြေလည်နေတာကိုလည်း အနောက်နိုင်ငံတွေက မကျေနပ်ကြသေးပါဘူး၊ အခုလောလောဆယ်ကိုပဲကြည့်ပါ၊ သူတို့နိုင်ငံတွေကိုခေါ်ပြီး ဆုတွေပေး၊ ထောက်ပံ့ကြေး တွေပေး၊ ဂုဏ်ထူးဆောင်ဘွဲ့တွေပေး၊ ဂုဏ်ထူးဆောင်နိုင်ငံသားဖြစ်ခွင့်တွေပေးနဲ့ သူတို့နိုင်ငံအတွက် တကယ့် ဧည့်သည်တစ်ယောက်ပမာ၊ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ပမာ ကြိုဆိုကြ၊ ဂုဏ်ပြုကြနဲ့ သူတို့အပြုံးတွေရဲ့ နောက်ကွယ်က အကြံအစည်တွေကို ဒေါ်အောင်ဆန်းစုကြည်တော့မသိဘူး၊ ကျွန်တော်တို့ကတော့ သိနေပါတယ်။ ၈၈ တုန်းက အသုံးချခံရသလိုမျိုး၊ စင်ပေါ်တင်ပေးသလိုမျိုး တစ်ပုံစံတည်းပါပဲ။ နိုင်ငံတကာကသိအောင် သူတို့နိုင်ငံရဲ့ လွှတ်တော်တွေမှာ စကားတွေ ပြောခိုင်းမယ်။ သူ့ကို အာရုံစိုက်လာမိအောင်ပေါ့ဗျာ။
ဒါကို စင်ပေါ်တက်ရတယ်၊ ကမ္ဘာကသိတယ်၊ ထင်ပေါ်ကျော်ကြားတယ်ဆိုပြီး သာယာနေရင်တော့ ကျွန်တော်တို့နိုင်ငံရဲ့ ရှေ့ဆက်လျှောက်မယ့် ဒီမိုကရေစီလမ်းကြောင်းကိုတော့ ရင်လေးမိပါတယ်။ အနောက်နိုင်ငံ တွေက သူတို့ရဲ့မူဝါဒအတိုင်း သူတို့ကြိုးဆွဲရာကမယ့် အစိုးရကိုပဲ အလိုရှိတာပါ။ ဘယ်နိုင်ငံဖြစ်ဖြစ်ကိုပါ၊ ဒါက - သူတို့ရဲ့မူဝါဒ။ ကိုယ်ကလည်း ကိုယ့်မူဝါဒအတိုင်း ရဲရဲဝံ့ဝံ့ ယုံယုံကြည်ကြည်နဲ့ လက်တွဲညီစွာ လျှောက်ဖို့လိုတာပါ၊ ဒါကို ကောင်းကောင်းနားလည်ဖို့လိုပါတယ်။ ဒီနေရာမှာ ကျွန်တော်အဖြစ်အပျက်လေးတစ်ခုကို သတိရမိတယ်။ ဆိုဗီယက်ယူနီယံက ဂေါ်ဘာဂျော့ရှ်ကို ဘာမှမလုပ်ရသေးဘဲနဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို အရင်ပေးတယ်၊ ပြီးတော့မှ သူတို့ဖြစ်ချင်တာကို လုပ်ခိုင်းတယ်။ လုပ်လဲပြီးရော ဆိုဗီယက်ယူနီယံကြီး အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားပါတော့တယ်။ ဒါ - တကယ့်ဖြစ်ရပ်မှန်ပါ။ အခုလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်ငြိမ်းချမ်းရေး ကိစ္စကိုမှ မလုပ်ရဘဲနဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ပေးထားတာပါ။ ဆုပေးပြီးမှ သူတို့ဖြစ်ချင်တာတွေကို လိုက်ပြီးခိုင်းနေတာပါ၊ အခုအချိန်ထိလုပ်ပေးနေရတုန်းပါ၊ ဘာ-ကောင်းတာတွေများရှိခဲ့လို့လဲ၊ တိုင်းပြည်ကြီး ဘယ်လောက်ငြိမ်းချမ်းခဲ့လို့လဲ။ နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီကိုလည်း နိုင်ငံတော်တော်များများက ဂုဏ်သိက္ခာရှိတဲ့အဖွဲ့အစည်းအဖြစ် မထင်မြင်ကြတော့ပါဘူး၊ လက်ဝါးကြီးအုပ်ချင်တဲ့ နိုင်ငံကြီးအချို့ရဲ့ နိုင်ငံရေးလှည့်ကွက်တွေကို ဆောင်ရွက်ပေးနေရတဲ့ လက်ဝေခံအဖွဲ့အဖြစ်သာ မြင်နေကြပါပြီ။
ဒါကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည်ကို သူ့ယောကျာ်း မိုက်ကယ်အဲရစ်က- ``ငြိမ်းချမ်းရေးနိုဘယ်လ်ဆုပေးဖို့ ဆန်ခါတင်စာရင်းမှာ မင်းပါတယ်လို့ပြောတော့`` ဒေါ်အောင်ဆန်းစုကြည်က - ``အဲဒီအချိန်တုန်းက ကျွန်မရယ်မိတယ်လို့`` ဆုယူအခမ်းအနားမှာ ပြောသွားခဲ့ပါတယ်။ ဝန်ခံသွားပါတယ်။
ဟုတ်တာပေါ့၊ လာပြီးနောက်နေသလို ခံစားရတာကို၊ ကိုယ်က ဘာမှမယ်မယ်ရရ လုပ်တာမရှိတာကို။ အခု ငြိမ်းချမ်းရေးနိုဘယ်လ်ဆုယူထားတဲ့ သူ-အသိဆုံးဖြစ်မှာပါ။ ကျွန်တော်ကတော့ အခုအစိုးရသစ်ကို အဝေးကနေ ဂုဏ်ယူနေမိပါတယ်။ ဘယ်သူ့စေခိုင်းချက်မှ မပါဘူး၊ ပြည်သူလူထုအတွက် ရဲရဲဝံ့ဝံ့နဲ့ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေတာပါ။ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားပြည်သူတွေအားလုံးကလည်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး စည်းကမ်းရှိတဲ့ ဒီမိုကရေစီစနစ်ကြီးကို သွားချင်တာပါ။ ပြည်ပနိုင်ငံတွေနဲ့ အကူအညီတွေ ရယူမှာမှန်ပေမယ့် သူတို့ရဲ့လက်ဝေခံနိုင်ငံ၊ ကြိုးဆွဲတာ ကမယ့် ရုပ်သေးအစိုးရနိုင်ငံမျိုးနဲ့တော့ လက်မခံနိုင်ပါဘူး။ ဒါဟာ ကျွန်တော်တို့ပြည်သူအားလုံးရဲ့ ဆန္ဒတွေပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနောက်နိုင်ငံခရီးစဉ်ဟာ သူ့ကို ရည်ရွယ်ချက်ရှိရှိနဲ့ နာမည်ကြီးအောင်၊ လူသိများအောင် လုပ်ပေးပြီး၊ နောက်ဆုံးမှာတော့ ကျွန်တော်တို့နိုင်ငံကို ခေတ်သစ်ကိုလိုနီနည်းနဲ့ သူတို့အလိုကျ ကြိုးဆွဲလို့ရအောင် လုပ်နေတယ်ဆိုတာကို ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကြီးကိုပိုက်ပြီး၊ ကိုယ်နဲ့ ``တန်၏-မတန်၏`` မသိဘဲ ကျေနပ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သိစေချင်ပါတယ်။ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားညီအကိုတွေအားလုံးကိုလည်း လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ကိုယ်ရွေးချယ်ပေးမယ့် နိုင်ငံ့ခေါင်းဆောင်ဟာ ဘယ်လိုအခြေခံစိတ်ဓါတ်မျိုးတွေရှိပြီး၊ ဘယ်လိုအရည်အချင်းတွေ ရှိတယ်ဆိုတာ သေသေချာချာပိုင်းခြားသိဖို့ အထူးလိုအပ်ပါကြောင်း ပြောလိုက်ပါရစေ…။

Myanmar Express

2 comments:

We 100% agree with "Yaun Ni's article", actually Nobel Peace Prizes were given by Nobel Prize Committee was influenced by Western countries which are very dirty tricks. We want to share another example: Nobel Peace Prize for 2010, Nobel Prize Committe granted to Chinese prisoner Liu Xiaobo who is in jail never did any peace making in China and only opposed against the Chinese Government and created riot, violent disturbance between Chinese Government and Chinese people. Nobel Peace Prize Committee supported to give this tricky Prize to the person who are creating all problems between Government and citizens, the name of the Prize is Peace, but this Prize never make Peace.

If someone ( Not Daw Su) and a group is really capable, intelligent, reputable by whole world, skillful in general knowledge, ability, language..etc, and really selflessly working ofr country (not for their famiies' property or power), we are ready to ignore Daw Su. We cannot live alone in this world, OK?

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်