From :dvb
www.MyanmarExpress.net
အပစ်အခတ်ရပ် သဘောတူထားတဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ဟာ ဒီကနေ့ မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ပေါ်ဖို့ အကြိုညှိနှိုင်း ဆွေးနွေးခဲ့ပါတယ်။
အစိုးရဘက်က ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ ဒုဥက္ကဋ္ဌ၊ သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းတို့ ဦးဆောင်တဲ့အဖွဲ့ဟာ ရှမ်းပြည်တပ်မတော် စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ရွက်စစ်ဦးဆောင်တဲ့အဖွဲ့နဲ့ ၁ နာရီခွဲကြာ ဆွေးနွေးကြတာပါ။
ရှမ်းပြည်တပ်မတော်တောင်ပိုင်းရဲ့ ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က “နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့ကိစ္စတွေ ဆွေးနွေးဖြစ်ကြပါတယ်။ ရှေ့ဆက်ပြီးတော့ ဘယ်လိုသွားမလဲ။ ဒီအတောအတွင်းမှာ ကျနော်တို့ လိုတဲ့ ငြိမ်းချမ်းရေးကို တိုင်းရင်းသားပြည်သူအားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲမျိုးဖြစ်လာအောင် ဘယ်လိုသွားကြမလဲဆိုတာ ဆွေးနွေးဖြစ်တယ်။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုမဖြစ်ပေါ်ခင်မှာ ပြဿနာပေါင်းစုံကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ၀ိုင်းဝန်းဖြေရှင်းဖို့ တွေ့ဆုံဆွေးနွေးတာလည်း ဖြစ်တယ်။”
အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးတဲ့အခါမှာ ပြည်သူ့ဆန္ဒသဘောထားပေါ် အခြေခံတဲ့မူဝါဒအရ ဆွေးနွေးသွားမယ်လို့ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောပါတယ်။
“ပြည်သူလူထုရဲ့ သဘောဆန္ဒနဲ့အညီ နိုင်ငံရေးဆွေးနွေးသွားမယ်လို့ ပြောထားတယ်။ ပြည်သူတွေရဲ့ ဆန္ဒက တန်းတူညီမျှရေးဖြစ်တယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင်နဲ့ စစ်မှန်တဲ့ ပြည်ထောင်စု၊ နောက် ငြိမ်းချမ်းရေးပေါ့။ အဲ ၄ ချက်ကို အခြေခံထားတယ်။ တချို့ကလည်းပြောတယ် ပင်လုံစိတ်ဓာတ်ကိုအခြေခံပြီးသွားကြမယ်လို့ ပြောကြတယ်။”
နိုင်ငံရေးဆွေးနွေးပွဲ မတိုင်ခင်မှာ အာဏာပိုင်နဲ့ ပြည်သူအကြား၊ ရှမ်းပြည်တပ်မတော်နဲ့ အာဏာပိုင်တွေကြား မလိုလားအပ်ဘဲ ဖြစ်ပွားနေတဲ့ အသေးအမွှားပြဿနာတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ အရင်ဖြေရှင်းဖို့လည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဥပမာအားဖြင့် အပစ်အခတ်ရပ်စဲထားတဲ့ ရှမ်ပြည်တပ်မတော်တောင်ပိုင်းနဲ့ ဆက်သွယ်တဲ့ပြည်သူတွေကို အစိုးရဘက်က အရေးယူမှုလုပ်တာတွေ ဆက်မလုပ်ဖို့နဲ့ ဒီလုပ်ဆောင်ချက်ဟာ သူတို့ရဲ့ နယ်မြေဖွံ့ဖြိုးရေးလုပ်ငန်း၊ စည်းရုံးရေးလုပ်ငန်းတွေမှာ အဟန့်အတားဖြစ်စေတယ်လို့ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောပါတယ်။
ဒီနေ့ဆွေးနွေးပွဲဟာ အလွတ်သဘောတွေ့ဆုံတာဖြစ်လို့ ဆုံးဖြတ်ချက်တစုံတရာချမှတ်ခြင်း မရှိတဲ့အကြောင်းနဲ့ ၀န်ကြီး ဦးအောင်မင်းက ဒုဗိုလ်မှူးကြီး ရွက်ဆစ်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ အဖွဲ့ဝင်တွေကို နေပြည်တော် အလည်အပတ်ဖိတ်ခေါ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီနေ့ ဆွေးနွေးပွဲမှာ ရှမ်းပြည်တပ်မတော်ဘက်က စစ်ဦးစီးချုပ်နဲ့အတူ ဒုဗိုလ်မှူးကြီး စိုင်းငင်း၊ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်နဲ့ ဗိုလ်ကြီး စိုင်းဆိုင်မိုင်းတို့ တက်ရောက်ခဲ့ပြီး အစိုးရဘက်ကတော့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးခင်မောင်ရီနဲ့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလှမောင်ရွှေ၊ ဦးညိုအုန်းမြင့်တို့ အပါအ၀င် စုစုပေါင်း ၂၀ ကျော် တက်ရောက်ခဲ့ပါတယ်။

1 comments:
i don't know what they are discussion for. but i know that the shan army are trying to improve their force only. i heard that they are discussion for the peace every time and the other way the army are forcing the villager to be soudier for them even we are not likely to do that. where is human right. i m from northern shan state mansan village, my email is myintmyatkaungkinpya@gmail.com
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်