Subscribe to our RSS Feed

နိုင်ငံတော်သမ္မတဦးသိန်းစိန်အား သြစတြီးယားနိုင်ငံ မှ ခမ်းခမ်းနားနား ဂုဏ်ပြုကြိုဆို

From :သမ္မတရုံး

နေပြည်တော် မတ် ၅
သြစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်အား သြစတြီးယားနိုင်ငံ သမ္မတ H.E. Dr. Heinz Fischer က မတ်(၄) ရက် နံနက်(၁၁)နာရီတွင် ဗီယင်နာမြို့ရှိ သမ္မတနန်းတော်၌ ဂုဏ်ပြုကြိုဆိုသည်။

အခမ်းအနားတွင် နှစ်နိုင်ငံသမ္မတတို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူကြပြီး နိုင်ငံတော်သမ္မတက ဂုဏ်ပြုတပ်ဖွဲ့ကိုစစ်ဆေးသည်။ ဆက်လက်၍ နှစ်နိုင်ငံခေါင်းဆောင်များသည် ၎င်းတို့နှင့်အတူ ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားသို့ တက်ရောက်လာကြ သူများနှင့် အပြန်အလှန် မိတ်ဆက် ပေးကြသည်။

ထို့နောက် သြစတြီးယားနိုင်ငံသမ္မတက နိုင်ငံတော်သမ္မတအား သမ္မတနန်းတော်၌ ရင်းနှီး ခင်မင်စွာနှုတ်ဆက်ပြီး သီးသန့်တွေ့ဆုံသည်။
       
ယင်းနောက် နှစ်နိုင်ငံဆွေးနွေးပွဲကို ကျင်းပရာ နိုင်ငံတော်သမ္မတနှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်းနှင့် သြစတြီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးစိုးနွယ် တို့ တက်ရောက်ကြပြီး သြစတြီးယားနိုင်ငံသမ္မတ နှင့်အတူ Cabinet Director Dr. Rene Pollitzer နှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက် ကြသည်။
       
တွေ့ဆုံရာ၌ မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ၊ နိုင်ငံရေးတည်ငြိမ်မှု ရရှိရန်အတွက် နိုင်ငံရေး အဖွဲ့အစည်းများအားလုံး နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်ခွင့်ရှိစေရန် ဆောင်ရွက်ပေးခဲ့သည့် အခြေအနေ၊ နိုင်ငံ တည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်ခွင့်ရစေရန် အတွက် အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းကျ ခံနေရသူများကိုလည်း ပြန်လည်စေလွှတ်ပေးခဲ့မှု အခြေအနေနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ထာဝစဉ်ငြိမ်းချမ်းရေး ရရှိစေရန်ဆောင်ရွက်နေမှု အခြေအနေများ၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကာလတွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများနှင့် ၎င်းတို့ကိုကျော်လွှားနိုင်ရန်အတွက် ဆက်လက် ဆောင်ရွက်သွားရမည့် အစီအမံများ၊ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် စေရန်အတွက် စီးပွားရေးပိတ်ဆို့မှုများကို လုံးဝ ဖယ်ရှားပေးရန် လိုအပ်သည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
       
တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံခေါင်းဆောင်များသည် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ကျင်းပ၍ တွေ့ဆုံဆွေးနွေးခဲ့မှုများကို ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံတော်သမ္မတက မီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။ သတင်းစာ ရှင်းလင်းပွဲတွင် သြစတြီးယားနိုင်ငံ သမ္မတက ဥရောပသမဂ္ဂမှ မြန်မာနိုင်ငံအပေါ် ချမှတ် ထားသည့် စီးပွားရေးပိတ်ဆို့မှုများကို လုံးဝဖယ်ရှားပေးရန်အတွက် သြစတြီးယားနိုင်ငံက ထောက်ခံသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
       
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များအား သြစတြီးယားနိုင်ငံသမ္မတက ဂုဏ်ပြု နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။
       
နိုင်ငံတော်သမ္မတသည် မွန်းလွဲပိုင်းတွင် သြစတြီးယားနိုင်ငံ နန်းရင်းဝန်ရုံးသို့ သွားရောက်၍ နန်းရင်းဝန် Mr. Werner Faymann နှင့် သီးသန့်တွေ့ဆုံခဲ့ပြီး သြစတြီးယားပါလီမန်တွင် ပါလီမန် ဥက္ကဋ္ဌ Mrs. Barbara Prammer နှင့်တွေ့ဆုံဆွေးနွေးသည်။
       
ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံနှင့် သြစတြီးယားနိုင်ငံတို့မှာ ၁၉၅၃ ခုနှစ်ကပင် နှစ်နိုင်ငံ သံတမန်ဆက်ဆံမှုကို ထူထောင်ခဲ့ကြောင်း၊ သို့သော် လွန်ခဲ့သည့် နှစ်(၂ဝ)အတွင်း နှစ်နိုင်ငံအကြား ကျင့်သုံးသည့် နိုင်ငံရေးစနစ်မတူညီခဲ့သည့်အတွက် ဆက်ဆံရေးလျော့ပါးခဲ့ရကြောင်း၊ ယခုအခါမိမိတို့နိုင်ငံတွင် ဒီမိုကရေစီစနစ် ပြောင်းလဲ ကျင့်သုံးနေပြီဖြစ်သဖြင့် နှစ်နိုင်ငံကြားတွင် အစိုးရချင်း၊ လွှတ်တော်ချင်း၊ ပြည်သူချင်း ဆက်ဆံရေးများကို ပိုမိုတိုးတက်ရန် ဆောင်ရွက်လိုကြောင်းပြောကြားပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲနေမှုများကို ရှင်းလင်း ပြောကြားခဲ့သည်။
       
သြစတြီးယား ပါလီမန်ဥက္ကဋ္ဌကလည်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် များကို ကြိုဆိုထောက်ခံအားပေးပါကြောင်း၊ မြန်မာနိုင်ငံ၏ လွှတ်တော် အသီးသီးနှင့်လည်း ပိုမိုရင်းနှီးစွာ ဆက်ဆံလိုပါကြောင်း၊ မြန်မာနိုင်ငံနှင့်ပတ်သက်၍ ဥရောပသမဂ္ဂ၏ မူဝါဒများကို ပြန်လည် သုံးသပ်သည့် အချိန်တွင် အပြုသဘောဆောင်သည့် ရလဒ်များ ထွက်ပေါ်လာမည်ဟု မျှော်လင့်ပါကြောင်း ပြန်လည်ပြောကြားခဲ့သည်။
       
ထို့နောက် ညနေပိုင်းတွင် နိုင်ငံတော်သမ္မတသည် သြစတြီးယားစီးပွားရေးနှင့် ကုန်သွယ်ရေး အသင်းချုပ်ရုံး၌ ကျင်းပသည့် မြန်မာ-သြစတြီးယား စီးပွားရေးဖိုရမ်သို့ တက်ရောက်ပြီး နှုတ်ခွန်းဆက် စကားပြောကြားရာ၌ မိမိတို့နိုင်ငံတွင် ပြောင်းလဲကျင့်သုံး နေသည့် ဒီမိုကရေစီစနစ် ခိုင်မြဲစေရန်အတွက် နိုင်ငံရေးတည်ငြိမ်မှုရှိရန် လိုအပ်သည် သာမက စီးပွားရေးဖွံ့ဖြိုးရန်လည်း လိုအပ်ပါကြောင်း၊ နိုင်ငံတွင်လိုအပ်နေသည့် အရင်အနှီး၊ နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်လျက် ရှိကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်သကဲ့သို့ နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားကိုလည်း မျှမျှတတ ဖော်ဆောင်ပေးနိုင်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် နည်းဥပဒေများကို ရေးဆွဲ ပြဋ္ဌာန်းပြီးဖြစ်သဖြင့် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ပါကြောင်း၊ သို့သော် လက်ရှိအခြေအနေတွင် ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့မှုများကို အပြီးအပိုင် ဖယ်ရှားပေးမှုမရှိသေးခြင်းနှင့် တိုင်းရင်းသား ပို့ကုန် လုပ်ငန်းရှင်များအတွက် GSP အခွင့်အရေးများ၊ ပေးအပ်မှု မရှိသေးခြင်းသည် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုအပေါ် အဟန့်အတားများ ဖြစ်နေသကဲ့သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံ တွင် ရေရှည် လာရောက် ရင်းနှီးမြှုပ်နှံမှုပြုရာတွင်လည်း အခက်အခဲ ဖြစ်ပေါ်နေရကြောင်း။
    
ထို့ကြောင့် ဥရောပသမဂ္ဂ၏ စီးပွားရေးပိတ်ဆို့မှုများကို လုံးဝဖယ်ရှားပေးနိုင်ရေးအတွက် တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက ဝိုင်းဝန်း တိုက်တွန်း ပြောကြားပေးစေ လိုကြောင်း၊ မိမိတို့နှစ်နိုင်ငံအကြားတွင် ဆက်ဆံရေးပိုမိုတိုးတက် ကောင်းမွန်လာသည်နှင့် အမျှ ရင်းနှီးမြှုပ်နှံမှု များကို ပိုမိုဆောင်ရွက်နိုင်ရန် ထပ်လောင်းဖိတ်ခေါ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။
       
နိုင်ငံတော်သမ္မတသည် ညပိုင်းတွင် ဗီယင်နာမြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ရာ ည (၈)နာရီ (၁၅)မိနစ်တွင် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ် မြို့သို့ရောက်ရှိသည်။




  www.MyanmarExpress.net

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်