Subscribe to our RSS Feed

ဂျပန်ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံရန် အကောင်းဆုံးနိုင်ငံစာရင်းတွင် မြန်မာပါဝင်လာ

From : ..7day


ဂျပန်စီးပွားရေးလုပ်ငန်းများအတွက် အနာဂတ်တွင် ရင်းနှီးမြှုပ်နှံရန် အလားအလာအကောင်းဆုံး နိုင်ငံများစာရင်း၌ မြန်မာနိုင်ငံသည် ပထမဆုံးအကြိမ် ထိပ်ဆုံး ၁၀ နိုင်ငံအနက် နံပါတ် ၁၀ ချိတ်နေသည်။

ကမ္ဘာတစ်ဝန်း ဖြန့်ကြက်၍ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသော ဂျပန်ကုမ္ပဏီများ လာမည့်သုံးနှစ်အတွင်း ရင်းနှီးမြှုပ်နှံပါက အကျိုးအမြတ် ရရှိရန်နှင့် အခွင့်အလမ်းအများဆုံးရှိနိုင်သော အနာဂတ်တွင်ရင်းနှီးမြှုပ်နှံရန် အကောင်းဆုံးနိုင်ငံ
စာရင်း၌ မြန်မာနိုင်ငံမှာ အလားအလာ များစွာရှိသည်ဆိုသော မှတ်ချက်များဖြင့် အဆင့် ၁၀ ချိတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စစ်တမ်းကို ဂျပန်နိုင်ငံရှိ JBIC ဘဏ်က လာမည့်သုံးနှစ်တာ ကာလအတွက် ရင်းနှီးမြှုပ်နှံရန် အလားအလာအကောင်းဆုံး နိုင်ငံများကို ဂျပန်ကုမ္ပဏီများအား မေးမြန်း၍ ၂၀၁၂ ဒီဇင်ဘာတွင် စစ်တမ်းပြုလုပ်ထားခြင်းဖြစ်သည်။

တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့ကို ဂျပန်စီးပွားရေးလုပ်ငန်းများက အနာဂတ်တွင် ရင်းနှီးမြှုပ်နှံရန် အလားအလာအကောင်းဆုံး ငါးနိုင်ငံအဖြစ် အမှတ်စဉ်အလိုက် ရွေးချယ်သည်။ ဂျပန်ရင်းနှီးမြှုပ်နှံသူများက ဘရာဇီးအား နံပါတ်ခြောက်၊ မက္ကဆီကိုအား နံပါတ်ခုနစ်၊ ရုရှားနံပါတ်ရှစ်၊ အမေရိကန် နံပါတ်ကိုး၊ မြန်မာနိုင်ငံ နံပါတ် ၁၀ စသည်ဖြင့် အနာဂတ်တွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းအကောင်းဆုံး နိုင်ငံများဟု ရွေးချယ်ဆန္ဒပြုကြသည်။

JBIC က အဆိုပါစစ်တမ်းကို ကောက်ယူထုတ်ပြန်သည်မှာ ၂၄ နှစ်ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံသည် ပထမဆုံးအကြိမ် ထိပ်ဆုံး ၁၀ နိုင်ငံ စာရင်းဝင်ခြင်းဖြစ်သည်။ ၂၀၁၁ ခုနှစ်က ကောက်ယူထုတ်ပြန်သော စာရင်းတွင် မြန်မာနိုင်ငံသည် အဆင့် ၁၉ သာ ချိတ်ခဲ့သည်။

JBIC ဘဏ်သည် အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ကမ္ဘာ့ဘဏ်တို့က မြန်မာနိုင်ငံမှ ကြွေးဟောင်းများ ပြန်ဆပ်၍ ကြွေးသစ်ရယူနိုင်ရန် ၂၀၁၂ ခုနှစ်တွင် ကူညီခဲ့သောဘဏ် ဖြစ်သည်။

လုပ်သားလခ သက်သာခြင်းသည် ဂျပန်ရင်းနှီးမြှုပ်နှံသူများကို အဓိကဆွဲဆောင်နေပြီး ပြည်တွင်းဈေးကွက် အလားအလာကောင်းခြင်း၊ အရည်အချင်းမီသော လူသားအရင်းအမြစ်ရှိခြင်း၊ ကုန်ကြမ်းပစ္စည်းများ ဈေးမကြီးဘဲ ရရှိရန်လွယ်ကူခြင်း၊ ထုတ်ကုန်မျိုးစုံ ထုတ်လုပ်နိုင်ခြင်း၊ ထုတ်ကုန်များ ဂျပန်သို့ ပြန်တင်ပို့ရန်နှင့် တတိယနိုင်ငံများသို့ တင်ပို့ရန် အလားအလာကောင်းများ ရှိနေခြင်းကြောင့် ရင်းနှီးမြှုပ်နှံရန် အကောင်းဆုံးအဆင့် ၁၀ ချိတ်ခဲ့ခြင်းဖြစ်သည်။

သို့သော် ရင်းနှီးမြှုပ်နှံသူများအတွက် အဓိကစိန်ခေါ်မှုများမှာ အခြေခံအဆောက်အအုံ မဖွံ့ဖြိုးမှု၊ လုံခြုံရေးနှင့် လူမှုရေး မတည်ငြိမ်မှု၊ တရားဥပဒေစနစ်မဖွံ့ဖြိုးမှု၊ သတင်းအချက်အလက်အမှန် ရရှိရန်ခက်ခဲမှု၊ ဥပဒေလုပ်ထုံးလုပ်နည်းများ မရှင်းလင်းဘဲ မကြာခဏ ပြောင်းလဲမှုတို့ဖြစ်ကြောင်းလည်း စစ်တမ်းတွင် ဖော်ပြထားသည်။

“လမ်းပန်းဆက်သွယ်ရေး ကောင်းအောင်၊ အခြေခံအ ဆောက်အအုံ ဖွံ့ဖြိုးအောင်၊ နိုင်ငံရေးတည်ငြိမ်အောင် လုပ်ဖို့က အရေးကြီးတယ်။ ဒါဆို ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာပြီး တိုင်းပြည်လည်း တိုးတက်လာမှာပါ” ဟု JBIC ဘဏ်၊ ငွေကြေးနှင့် အခြေခံအဆောက်အအုံဌာန ဒုတိယ ဒါရိုက်တာ မစ္စတာတိုမိုယုကီဟီရတက မြန်မာနိုင်ငံ လုပ်ဆောင်သင့်သည်ကို အကြံပြုသည်။

“အခုဆိုရင် တရုတ်မှာ ဂျပန်က ကုမ္ပဏီတွေ သွားပြီးအလုပ်လုပ်ဖို့ ခက်နေပြီ။ ထိုင်းမှာကျတော့ ရေခဏခဏကြီးနေတယ်။ ဗီယက်နမ်ကျတော့ တဖြည်းဖြည်း လုပ်ခလစာတွေ ကြီးလာပြီ။ ဒါကြောင့် ဘယ်ကိုသွားမလဲဆိုရင် နောက်တစ်နိုင်ငံတွေ့တာက ကမ္ဘောဒီးယား။ ကမ္ဘောဒီးယားနဲ့အတူ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေကြတာပါ” ဟု JICA အရှေ့တောင်အာရှ ဌာနခွဲ အကြံပေး အရာရှိ ကိုဂျိမတာကဲဟရုကလည်း ပြောသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလကုန်အထိ ဂျပန်ကုမ္ပဏီ ၃၁ ခုက မြန်မာနိုင်ငံတွင် ကန်ဒေါ်လာ ၂၆၀ ခန့် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေသည်။

၂၀၁၂-၁၃ ခုနှစ် ဘဏ္ဍာနှစ်အတွင်း ဂျပန်ရင်းနှီးမြှုပ်နှံမှုမှာ ယခင်ဘဏ္ဍာနှစ်ကထက် ဒေါ်လာသန်း ၅၀ ကျော် တိုးတက်လာကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးကပြောသည်။ လက်ရှိဂျပန်၏ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ သန်း ၂၆၀ ခန့်ဖြင့် အဆင့် ၁၁ တွင် ရှိသော်လည်း သီလ၀ါအထူးစီးပွားရေးဇုန် စတင်ပါက ခုန်တက်လာဖွယ်ရှိကြောင်း ဂျပန်ကုမ္ပဏီများက ခန့်မှန်းသည်။

မြန်မာနိုင်ငံတွင် အကြီးစား စက်မှုလုပ်ငန်းများ၊ မော်တော်ကားလုပ်ငန်းများ၊ အီလက်ထရွန်နစ်နှင့် လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရောင်းချခြင်း စသည်တို့တွင် ရင်းနှီးမြှုပ်နှံရန် အလားအလာ အကောင်းဆုံးဖြစ်ကြောင်း ဂျပန်ကုမ္ပဏီများက ခန့်မှန်းထားသည်။ ငွေကြေးကဏ္ဍတွင်လည်း ရင်းနှီးမြှုပ်နှံရန် ဂျပန်ဘဏ်နှင့် ငွေကြေးဆိုင်ရာလုပ်ငန်းများက စိတ်ဝင်စားနေသည်။


 .. www.MyanmarExpress.net

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်