Subscribe to our RSS Feed

မြန်မာ့ဖွံ့ဖြိုးရေးအတွက် ဂျပန်က ဒေါ်လာ သန်း ၅၀၀ ကျော် ကူညီမည်

From : ..7day


မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ၃ ခုအတွက် ဂျပန်နိုင်ငံက ဂျပန်ယန်းငွေ ၅၁ ဒဿမ ၀၅၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၃၇ သန်းလောက်) ချေးငွေ ထောက်ပံ့ကူညီပေးသွားမယ်လို့ ဂျပန်အစိုးရက တရားဝင်ဆုံးဖြတ်လိုက်ကြောင်း ဂျပန်သံအမတ် H.E.Mr.Numata က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံ အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်ကို ဂျပန်သံအမတ်က ပြောကြားလိုက်တာလို့ မတ် ၂၈ ရက်ထုတ် နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြထားပါတယ်။

ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ ဒေသဖွံ့ဖြိုးရေး စီမံကိန်းအတွက် ဂျပန်ယန်းငွေ ၁၇ ဘီလီယံ၊ အလျင်အမြန်ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေနဲ့ အဆင့်မြှင့်တင် ဆောင်ရွက်ရမယ့် လုပ်ငန်းစီမံကိန်းတွေအတွက် ၁၄ ဒဿမ ၀၅၂ ဘီလီယံ၊ သီလ၀ါအထူးစီးပွားရေးဇုန် နယ်မြေမှာ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ယန်းငွေ ၂၀ ဘီလီယံ စတဲ့ စီမံကိန်း ၃ ခုအတွက် ကူညီသွားမယ်လို့ သိရပါတယ်။

ဒီချေးငွေတွေကို အတိုးနှုန်း ၀ ဒဿမ ၀၁ ရာခိုင်နှုန်းနဲ့ နှစ် ၄၀ ကာလအတွင်း ပြန်လည်ပေးဆပ်ရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို အထောက်အကူပြုနိုင်ရေးနဲ့ လူမှု၊ စီးပွား တိုးတက်ဖြစ်ထွန်းလာစေရေးအတွက် အခုလို ချေးငွေအကူညီပေးရတာဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။


 .. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်