Subscribe to our RSS Feed

ပရော်ဖက်ဆာဒေါက်တာ ဦးမှဲ့ (ပေးစာ)

From : ..ပရော်ဖက်ဆာဒေါက်တာ ဦးမှဲ့

          ခေတ်ကာလကြီးကလည်း တိုးတက်ဖွံ့ဖြိုးခေတ်မှီလာတဲ့ အခါ အိုင်တီတွေ အိုင်စီတီတွေ ဘာတွေ ညာ တွေနဲ့ ရှုပ်နေတာပါပဲ။ ဒါပေမယ့်လည် သူများတွေလို ခေတ်နဲ့လျော်ညီစေဖို့ အတွက်ကတော့ နောက်မှာအမြီး  ရှည်ရှည်လေးတစ်ခု၊ နှစ်ခုလောက်ကတော့ လိုအပ်မယ်လို့ထင်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်လည်း သူများတွေ လို ပိုက်ဆံလေးအကုန်ခံပြီး အင်တာနက်လေး သုံးကြည့်ခဲ့တာပေါ့ဗျာ။
          အဲ့ ….အဲ့ တွေ့ပြီဗျာ ဒေါက်တာချက်ကြီးတဲ့ အလဲ့တယ်ဆိုပါလား သူကလည်း ဒေါက်တာဆိုပဲ။ စာတွေ ရေးထားလိုက်တာများဗျာ ဘာတဲ့ မအာနဲ့တဲ့ ကျီးကန်းတွေကို အညှိုးရှိပုံရပါတယ်။ တစ်ချိန်က လက်ဖက်ရည် ဆိုင်မှာ အီကြာကွေးစားနေတုန်း ကျီးကန်းက သူ့အီကြာကွေးလုစားတယ်ထင်ပါ့။ မအာနဲ့လို့ဆိုတာကိုး။ ကျွန် တော်သိတဲ့ ချက်ကြီးဆိုတာက ငယ်ငယ်တုန်းက ငယ်သူငယ်ချင်းခင်ဗျ။ သူနဲ့ကငယ်ပေါင်းတွေဆိုတော့လည်း ပြောမနာ ဆိုမနာနဲ့ ကုန်ကုန်ပြောရရင် ရေတောင်အတူတူချိုးကြတော့လည်း သူ့ချက်က ကြီးနေတာကို တွေ့တာပေါ့လေ။ ဒါနဲ့ပဲ သူ့ကို ချက်ကြီးလို့ခေါ်လိုက်တယ်။ သူငယ်ချင်း ချက်ကြီး မင်းများလားကွာ။ ဒေါက် တာဘွဲ့တွေဘာတွေရလို့။ ဟုတ်ချင်မှလည်း ဟုတ်မှာပါလေ။
          နောက်တော့ကျောင်းနေရင်းနဲ့ အမှတ်လေးများကောင်းပြီး သူများတွေလို ဆရာဝန်ဆိုတဲ့ ဒေါက်တာ လေးများဖြစ်မလားဆိုပြီး မိဘတွေက ချွေးနဲစာလေးနဲ့ ကောင်းပေ့ဆိုတဲ့ အဆောင်မှာထားပေးပါတယ်။ အဆောင်အိပ်၊ အဆောင်စားပေါ့ဗျာ။ ဈေးကတော့ကြီးတယ်ဗျာ။ အဖေဆိုက်ကားနင်းပြီးစုထားတာလေးကုန် ပါလေရော၊ အမေဈေးဗန်းခေါင်းရွက်ရောင်းပြီး စုထားတာလေးတွေ ကုန်ပါရောလား။
          ဒါပေမယ့်လည်း ကျွန်တော်က မိဘကျေးဇူးဆိုတာကို စာစီစာကုံးတောင်မှ အသေအလဲကျက်မှတ်စရာ မလိုပဲနဲ့ ကိုယ်တိုင်ရေးသားနိုင်တဲ့ကောင်ဆိုတော့ကာ နှစ်ချင်းပေါက်ဒေါက်တာဘွဲ့ကို ရဖို့တန်းကနဲကို ဂုဏ် ထူးပေါင်းမြောက်မြားစွာနဲ့ အောင်ခဲ့တာပေါ့။ ဒီနေရာ၊ ဒီအတန်း၊ ဒီဆရာမ….အို…..ဒီတွေကိုစုံနေတာပဲ။ သတ်မှတ်ထားတဲ့ဒီတွေအပြင် မသတ်မှတ်ထားတဲ့ဒီတွေပါ ထွက်ပါလေရော။
          အောင်စာရင်းထွက်တဲ့နေ့ အဖေနဲ့ အမေမျက်နှာကို ဘယ်လိုကြည့်ရမှန်းမသိတာနဲ့ပဲ မသိတဲ့ အတူတု မကြည့်တာကောင်းပါတယ်လေဆိုပြီး ကျွန်တော်နေတာက အညာမဟုတ်ပေမယ့် ထန်းတောကရှိနေ ပြန်တော့ လူငယ်တို့ဘာဝ ကြွက်ကြော်ကလေးနဲ့ ကျွန်တော်နဲ့ ဇာတ်တူတဲ့ မိဘမျက်နှာမကြည့်ရဲတဲ့ သူငယ်ချင်း ချက်ကြီးကို ခေါ်ပြီး ကြွက်မျက်နှာလေးကြည့်လိုက် ၊ ဝါးဆစ်ဗူးပိုင်းလေးကြည့်လိုက်နဲ့ပဲ နောက်နေ့ မနက် အဖေက ချစ်စနိုးလေး ခွေးမသား ထတော့ ဘယ်အချိန်ရှိပြီလဲဆိုပြီး ညင်သာစွာ လှုပ်နှိုးလိုက်တဲ့ ဂျက်ကီ ချန်းကန်ချက်နဲ့ လန့်ဖြန့်ပြီး နိုးလာခဲ့ရပါတယ်။
          အမေကတော့ မပြောရှာပါဘူး ။ တစ်ဦးတည်းသောသားကလေးဆိုတော့။ ဒါနဲ့ပဲ အဖေနဲ့ ထပ်ပြီး အငြင်းပွားရင် ကြိုးကြာလက်သီးတို့၊ နဂါးလက်စောင်းတို့၊ ခြင်္သေဇက်ပိုးအုပ်နည်းတို့ စုံလင်တဲ့တိုက်ကွက်တွေ
ရောက်မလာခင် မာတာမိခင် ကျေးဇူးရှင်အနားကို တိုင်ပင်မယ့်လူမရှိပေမယ့်လည်း တိုင်ပင်စရာမလိုပဲနဲ့ ရောက်သွားပါတော့တယ်။
          အဖေက ဒေါသတော့ပြေသွားပုံရပါတယ် အဲ့ဒီခွေးဖြစ်မယ့်ကောင်ကို ဆိုက်ကားတစ်စီးရှာပေးလိုက်တဲ့။ ကဲဒါဆိုရင် ကျွန်တော်မျှော်မှန်းထားတဲ့ ဒေါက်တာဘွဲ့ကြီးဘယ်ရတော့မှာလဲ မဖြစ်ဖူး မဖြစ်ဖူး အဖေ့ကို မရရင် အမေ့ကိုပဲ မတည်နိုင်တဲ့ ကတိတွေအထပ်ထပ်ပေးပြီး အဖေ့ကို နားချခိုင်းရတော့မှာပဲ။ သိတယ်မဟုတ်လား မယားပြောတစ်ညဆိုတာ ဟဲဟဲ။ ကျွန်တော်က တစ်ခြားဟာတွေသာ မရရင်နေမယ် ဒါမျိုးကတော့ တတ်ပြီး သား။
          ဒီလိုနဲ့ပဲ လုံးလည်နဲ့ချာလည် ၊ ချာလည်နဲ့လုံးလည်လိုက်ရင်း မနှစ်ကကျက်ပြီးသား မရခဲ့တဲ့ စာတွေ ကိုဒီနှစ်တော့ ကျက်စရာမလိုတော့ဘူးဆိုတာကို ကျွန်တော့်ရဲ့ ဆဌမအာရုံကသိနေပြန်တော့လည်း ကြွက်မျက် နှာလေးကို ပဲ သွားကြည့်နေမိပြန်တယ်လေ။ အဲ့ဒီနှစ်လည်း ကျွန်တော့်ရဲ့ကြိုးစားအားထုတ်မှုကောင်းလွန်းလို့ ဒီထန်းတောတို့ ဒီကြွက်ကင်တို့ ..စတဲ့ ဒီပေါင်းများစွာနဲ့ ကျရှုံးခဲ့ပြန်ပါတယ်။
          နှစ်နှစ်လောက်ဆက်တိုက်ကျခဲ့တာဆိုတော့လည်း မထူးတော့ဘူးဆိုပြီး ဒီလောက်တောင်ပညာရေးကံ မပါတာ တိုင်းပြည်အတွက်အသက်စွန့်မဟဲ့ဆိုပြီး ကျွန်တော် စစ်တပ်ထဲကို ဝင်ခဲ့ပါတော့တယ်။ စစ်အခြေခံသင် တန်းမှာ ကျွန်တော်မျှော်လင့်မထားတဲ့ နာမည်တစ်ခုကိုကြားလိုက်ရတယ် ချက်ကြီးတဲ့ ကျွန်တော်လည်း ဝမ်းသာအားရနဲ့ ပြေးကြည့်မိတော့ ကျွန်တော့်သူငယ်ချင်းချက်ကြီး မဟုတ်ဖူးဗျ။ မီးဖိုချောင်မှာ ထမင်းချက်တဲ့ လူကိုခေါ်တာကိုး။ အပျော်လေးတွေတောင်ပျောက်သွားတယ်
          ဒီလိုနဲ့နေရင်းနဲ့ပဲ ကျွန်တော်လည်း အင်တာနက်လေးသုံးကြည့်တော့မှ လားလားဒေါက်တာတွေ ဒေါက်တာတွေ ကျွန်တော်ရချင်ခဲ့တဲ့ ဒေါက်တာတွေ အများကြီးပဲဗျာ။ ထူးဆန်းတာက ဒေါက်တာကြွက်တဲ့ သူကဘာဖြစ်လို့ ဒေါက်တာဖြစ်ရတာတုန်း အမ်ဘီဘီအက်စ်လားဆိုတော့ မဟုတ်ဘူးဗျာ။ ဒီအတိုင်းပေးထား တာတဲ့ အော်ဒီလိုပေးလို့ရသလား။ ဒါဆိုရင် တက်တူတို့ ၊ ချက်ဆူတို့၊ ဂွက်ထော်တို့၊ မိခွေးမတို့ကိုပြောရမယ် နင်တို့လည်း အင်တာနက်သုံးကြ။ အင်တာနက်ဆိုတာက …….ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး ကျွန်တော်က ဆရာကြီးလေသံနဲ့ ရှင်းပြရတာပေါ့။ ဒါတောင် ဂွက်ထော်က ဟဲ့နင်ကလည်း အိမ်သာကျင်းနက်တာသုံးတော့ ငါပြုတ်ကျမှာကြောက်တယ်တဲ့။ ဟိုတလောကရွာမှာ အိမ်သာကျင်းထဲဆင်းလို့ ဦးလေးဖိုးထောင်နဲ့ ဦးလေးမောင်မြတို့ သေသွားတယ်လေ။ မသကာနင်ပြောသလို အဘတို့ကို အိမ်သာကျင်းနက်နက်တူးခိုင်းမိ ငါ့ အဘပြုတ်ကျနေပါဦးမယ်တဲ့။
          ရော်…ခက်ပြီ အိမ်သာအနက်ကိုပြောတာမဟုတ်ဖူးဟ အင်တာနက်လို့ပြောတာ။ တီဗီနဲ့ လက်နှိပ်စက် ကို ကြိုးချည်ပြီး ပူးသုံးတာကွာလို့ သူတို့သိအောင် သေသေချာချာရှင်းပြရသေးတယ်။ မောတယ်ကွာ ရေနွေး ကြမ်းနဲ့ လ္ဘက်သုတ်ကလေးတော့ ကျွေးအုန်းဟ ဆိုမှ မိခွေးမက ဝင်ခါနီးယင်ကောင်ကို အသာလက်နဲ့ပုတ်ပြီး အေးအေး နင်ပြောတဲ့ဟာကြီးကြောင့် ငါတောင်မေ့သွားတယ်တဲ့။
          မိခွေးမက လ္ဘက်သုတ်နေတုန်း ကျွန်တော်ကလည်း စစ်ထဲဝင်တုန်းက အတွေ့အကြုံတွေကို အားရပါးရ ငါကဘယ်လိုလုပ်ခဲ့တာကွ ဆိုပြီး အစချီကာ ကြွားလုံးထုတ်နေတာပေါ့။ အမေဆိုရင် ပြောလို့မဆုံးတပြုံးပြုံးနဲ့ တစ်ရွာလုံးကိုပတ်ကြွားနေတာလေ။ ကျွန်မသားလေးက ပရော်ဖက်ဆာဒေါက်တာတဲ့။ အင်တာနက်မှာ ဆေးကု တာတဲ့လေ။ ထားလိုက်ပါတော့ အမေ့ကိုတော့ နားလည်အောင်ရှင်းပြမနေတော့ပါဘူးလေ။
          ဂွက်ထော်က ကျွန်တော်ပြောတာတွေကိုနားထောင်ပြီး ဒါဆိုရင်ငါက ပရော်ဖက်ဆာဒေါက်တာ ဂွက်ထော်ပေါ့နော်တဲ့။ အေးရတယ် လုပ်လိုက်တစ်ချို့ဆိုရင် ဒေါက်တာဆိတ်ဖွား၊ ဒေါက်တာကြွက်၊ ဒေါက်တာဇီးကွက်တို့ ဘာတို့တောင်မှဲ့တာဟ။ နင်က နင့်နာမည်နဲ့နင်ဆိုတော့လည်း ဘယ်လိုမှဲ့မှဲ့ အဆင်ပြေပါတယ်။ ငါဆိုရင် ဆိတ်ဖွားဆိုလို့ အမျိုးမျိုးကို တွေးခဲ့ရသေးတာ။
          အိမ်က ဆိတ်မကြီးကမွေးတာလားလို့ ဒါမှမဟုတ်ရင်လည်း ဆိတ်တွေအများကြီးမွေးထားတဲ့ အဖွား ကြီးကမွေးတာလား။ ဒါမှမဟုတ် ဆိတ်နို့တိုက်ပြီး မွေးထားရလို့လား။ ဆိတ်မကြီးမွေးတဲ့အချိန်မှာများ တပြိုင် တည်းမွေးလို့လား။ ဒါမှမဟုတ်ရင် ဆိတ်ရဲ့ဖွားဖက်တော်နဲ့ တူနေလို့လား။ အို……အမျိုးကိုစုံနေတာပါပဲ တွေးပစ်လိုက်တာ။ ဒါမျိုးကျ ပိုက်ဆံမကုန်တော့လည်း အားနေတဲ့ အချိန်တွေ အလကားဖြစ်မှာစိုးလို့ စုံအောင် တွေးပေးလိုက်တာပေါ့။
          ဘယ်ရမလဲ ကြွားလုံးတွေထုတ်ထုတ်ပြီး လ္ဘက်သုတ်စားလိုက်ရတယ်လေ။ အေး.စားလို့လည်းကောင်း တယ် ငါပြန်ဦးမယ်။ နောက်တစ်ခါလာမှ ဒီ့ထက်ကောင်းတာတွေထပ်ပြောပြမယ်။ နင်တို့ကိုလည်း ဒေါက်တာ ဘွဲ့ရအောင်လုပ်ခဲ့ပေးမယ် ဆိုပြီး ထပြန်လာခဲ့တာပေါ့။ မပြန်ခင်ထပ်ကြွားလိုက်ရသေးတယ် နင်တို့မမေ့နဲ့နော် ငါ့နာမည်က ပရော်ဖက်ဆာဒေါက်တာ ဦးမှဲ့တဲ့။

.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်