Subscribe to our RSS Feed

ဂျပန်အစိုးရက နိုင်ငံရပ်ခြားဖွံ့ဖြိုးရေးထောက်ပံ့မှုချေးငွေ (ODA)အဖြစ် မြန်မာနိုင်ငံသို့ စီမံကိန်းသုံးခုအတွက် ကန်ဒေါ်လာ သန်း ၅၃၀ ကျော် (ယန်း ဘီလီယံ ၅၁ ဒသမ ၀၅၂ သန်း) ပေးအပ်မည်ဖြစ်ကြောင်း ယနေ့ကြေညာ

From : ..7day

ဂျပန်အစိုးရက နိုင်ငံရပ်ခြားဖွံ့ဖြိုးရေးထောက်ပံ့မှုချေးငွေ (ODA)အဖြစ် မြန်မာနိုင်ငံသို့ စီမံကိန်းသုံးခုအတွက် ကန်ဒေါ်လာ သန်း ၅၃၀ ကျော် (ယန်း ဘီလီယံ ၅၁ ဒသမ ၀၅၂ သန်း) ပေးအပ်မည်ဖြစ်ကြောင်း ယနေ့ကြေညာသည်။

မတ် ၂၈ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာနျူမာတာနှင့် မြန်မာနိုင်ငံ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးရေးဝန်ကြီးဌာန၀န်ကြီး ဒေါက်တာကံဇော်တို့သည် ဂျပန်အစိုးရက မြန်မာသို့ ပေးအပ်သော နိုင်ငံရပ်ခြားဖွံ့ဖြိုးရေးထောက်ပံ့မှု ချေးငွေများကို စီမံကိန်းသုံးရပ်အတွက် ဂျပန်ယန်း ၅၁ ဒသမ ၀၅၂ ဘီလီယံ (ခန့်မှန်းခြေ ဒေါ်လာ ၅၃၇ သန်း) ပေးအပ်မည်ဟု ပူးတွဲကြေညာခြင်းဖြစ်သည်။

ဆင်းရဲမွဲတေမှုလျှော့ချရေး အဆင့်တစ်အတွက် ဒေသဆိုင်ရာဖွံ့ဖြိုးရေးစီမံကိန်း (ယန်းငွေ ၁၇ ဘီလီယံ) ခေါင်းစဉ်ဖြင့် အခြေခံကျသော ဒေသဆိုင်ရာ အခြေခံအဆောက်အအုံများဖြစ်သည့် နိုင်ငံအနှံ့ လမ်း၊ တံတားများ၊ ရေနှင့် လျှပ်စစ်မီး သွယ်တန်းရေးတို့တွင် ဆောက်လုပ်ရေးနှင့် မွမ်းမံပြင်ဆင်ရေးများအတွက် အသုံးပြုရန်၊ လတ်တလော ပြန်လည်ထူထောင်ရေးနှင့် အဆင့်မြှင့်တင်ရေး စီမံကိန်းအဆင့်တစ် ခေါင်းစဉ်ဖြင့် (ယန်း ၁၄ ဒသမ ၀၅၂ ဘီလီယံ) ရန်ကုန်မြို့ပြ ဧရိယာတစ်ဝိုက်တွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားပို့လွှတ်သည့် ဌာနခွဲများ ပြင်ဆင်ရေးမှတစ်ဆင့် လျှပ်စစ်ဓာတ်အားပို့လွှတ်မှု ကောင်းမွန်ရေးနှင့် သီလ၀ါဧရိယာ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး စီမံကိန်းအဆင့်တစ်အတွက် (ယန်း ၂၀ ဘီလီယံ) သီလ၀ါအထူးစီးပွားရေးဇုန်နှင့် ဆက်နွယ်သော ဆိပ်ကမ်းဆိုင်ရာ အဆောက်အအုံများ၊ ဓာတ်အားပေးစက်ရုံများ ကဲ့သို့သော အခြေခံအဆောက်အအုံများကို အဆင့်မြှင့်တင်ခြင်းတို့ ဆောင်ရွက်ရန် ချေးငွေပေးအပ်ခြင်းဖြစ်သည်။

ဂျပန်အစိုးရ၏ ODA ချေးငွေများကို တစ်နှစ်လျှင် အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် နှစ်လေးဆယ်ကာလအတွင်း (နှစ်သုံးဆယ်ကာလ ပေးဆပ်မှုအပါအ၀င်) ပေးဆပ်ရမည်ဖြစ်သည်။

ဂျပန်အစိုးရသည် မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှု လျှော့ချရေးအပါအ၀င် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုများအတွက် နိုင်ငံရပ်ခြားဖွံ့ဖြိုးရေး ကူညီမှုချေးငွေများကို ဆက်လက်၍ နှစ်ဆတိုးပေးအပ်သွားရန် အားထုတ်သွားပါမည်ဟုလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။


 .. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်