Subscribe to our RSS Feed

ကျေးလက်ဒေသများအား ဂျီအက်စ်အမ်မိုဘိုင်းဖုန်း အရစ်ကျရောင်းမည်

From :  ရန်ကုန်တိုင်းမ်


တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ကျေးလက်ဒေသများတွင် ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများကို အရစ်ကျပေးချေစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ အဆိုပါ ကျပ်နှစ်သိန်းတန် ဂျီအက်စ်အမ်ဖုန်းများကို အောက်တိုဘာလ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ရောင်းချပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်တာဝန်ခံ အင်ဂျင်နီယာများထံ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။ “တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက မြို့နေလူတန်းစားတွေ မပါဘဲ ကျေးလက်နေ ပြည်သူတွေကို အဓိကဦးစားပေးပြီး ရောင်းချပေးမယ့် အစီအစဉ် ဖြစ်ပါတယ်။ ဂျီအက်စ်အမ်ဖုန်း တစ်မျိုးတည်းကိုသာ အရစ်ကျစနစ်နဲ့ ရောင်းပေးမှာပါ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းကဲ့သို့ အရစ်ကျစနစ်ဖြင့် ဝယ်ယူရာတွင် ကနဦးအနေဖြင့် ကျပ် ၄၀၀၀၀ ပေးသွင်းရမည်ဖြစ်ပြီး ယင်းနောက် ကျန်ရှိသည့် ကျပ်တစ်သိန်းခြောက်သောင်းအား တစ်လချင်းစီ ခွဲဝေပေးသွင်းသွားရန် စီစဉ်ထားကြောင်း သိရသည်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချခြင်းကို အထောက်အကူ ဖြစ်စေရန်နှင့် ကျေးလက်နေပြည်သူတို့ လူထုစီးပွား ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ယင်းသို့ စီစဉ်ဆောင်ရွက်ပေးရခြင်း ဖြစ်သည်ဟု သိရသည်။ “သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေအလိုက် တင်ပြလာမယ့်အပေါ် မူတည်ပြီး ဆောင်ရွက်ပေးသွားမှာပါ။ ငွေပေးသွင်းတာကိုလည်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေကပဲ စုစည်းပြီး ပေးသွင်းရမယ်။ ပထမအရစ် ပေးသွင်းတာနဲ့ ဆင်းမ်ကတ်တွေကို ထုတ်ပေးသွားမှာပါ” ဟု ယင်းကထပ်မံ ပြောသည်။ ယင်းသို့ အရစ်ကျစနစ်ဖြင့် ရောင်းချရာတွင် ဂျီအက်စ်အမ် မိုဘိုင်းဘီဒီအက်စ် စခန်းများ လွှမ်းခြုံနိုင်သည့် ဧရိယာ အတွင်းရှိ ကျေးရွာ များကိုသာ ရောင်းချပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။ မန္တလေးတိုင်းဒေသကြီးတွင် နေထိုင်သူ ဒေသခံဖြစ်သည့် ဦးမြတ်ဇော်က “ဒီလို အရစ်ကျစနစ်နဲ့ ကျေးလက်နေ ပြည်သူတွေကို ရောင်းပေးတာ ကောင်းပါတယ်။ စပါးဈေး၊ ပဲဈေးကအစ မြို့ပေါ်ဖုန်းဆက်ပြီး လှမ်းမေးနိုင်တယ်။ သူတို့ရဲ့ လူမှုစီးပွားဘဝလဲ ဖွံ့ဖြိုးတယ်။ နည်းပညာပိုင်းနဲ့လဲ အလှမ်းမဝေးတော့ဘူးပေါ့” ဟု ပြောသည်။ ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများကို ဝယ်ယူလိုသူများအနေဖြင့် ဝယ်ယူသူ၏ မှတ်ပုံတင်မိတ္တူ၊ ဓါတ်ပုံနှစ်ပုံနှင့် ဖုန်းဝယ်ယူသည့် သဘောတူစာချုပ် မူရင်းတစ်စောင်တို့ဖြင့် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်တာဝန်ခံ အင်ဂျင်နီယာများထံ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ယခုနှစ် ဧပြီလတွင် စတင်၍ ကျပ်နှစ်သိန်းတန် ဂျီအက်စ်အမ် ဖုန်းများကို ရောင်းချပေးခဲ့ပြီး အစိုးရဝန်ထမ်းများအား ယင်းမိုဘိုင်းဖုန်းများနှင့် ကျပ်နှစ်သိန်းခွဲတန် WCDMA ဖုန်းများကို ဇွန်လမှ သြဂုတ်လအထိ အရစ်ကျပေးသွင်းစနစ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။
 

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်