Subscribe to our RSS Feed

ဒီကေဘီအေနှင့် အစိုးရ ငြိမ်းချမ်းရေးဆွေးနွေး

From : dvb

ဗိုလ်ချုပ် စောလားဘွယ်ခေါင်းဆောင်တဲ့ ဒီကေဘီအေ (ကလိုထူးဘော) နဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွေ ကရင်ပြည်နယ် မြ၀တီမြို့မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

မြ၀တီမြို့က အစိုးရဧည့်ရိပ်သာမှာ ကျင်းပတဲ့ ဒီဆွေးနွေးပွဲမှာ ဒီကေဘီအေနဲ့ အစိုးရလက်အောက်ခံ နယ်ခြားစောင့်တပ်တွေအကြား အခုလဆန်းပိုင်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့ကိစ္စ အဓိကဆွေးနွေးကြတာဖြစ်ပြီး နယ်ခြားစောင့်တပ်ကနေ သိမ်းယူခဲ့တဲ့ လက်နက်တွေ ပြန်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဒီကေဘီအေက ပြောပါတယ်။

ဒီကေဘီအေ အရာရှိတဦးဖြစ်သူ ဗိုလ်မှူး စောဆန်းအောင်က “အဓိကက မြိုင်ကြီးငူဒေသမှာဖြစ်ခဲ့တာတွေကို ဖြေရှင်းတယ်။ လွန်ခဲ့တဲ့ ၅ ရက်က အောက်ခြေမှာရှိတဲ့ ရဲဘော်တွေ တယောက်တယောက် လက်နက်သိမ်းယူတဲ့ကိစ္စတွေ။ ကလို့ထူးလား ကွပ်ကဲရေးဌာနက လက်နက်တွေသိမ်းတာ။ အဲဒါပြန်ပေးတဲ့ကိစ္စတွေ ဖြေရှင်းကြတယ်။ ရလဒ်က နိုင်ငံတော်က ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ ကျနော်တို့ကလည်း ငြိမ်းချမ်းရေးကို မပျက်စေချင်ဘူး။ ဦးအောင်မင်းတို့ကလည်းပြောတယ်လေ။ ဒါကြောင့် စိတ်ရှည်ရှည်နဲ့ သူတို့လည်း ဖော်ဆောင်နေတယ်။ လက်နက်တွေပြန်ပေးဖို့လေ။ ကျနော်တို့လည်း ပြန်ပေးသလောက် ပြန်ပေးပါတယ်။ ကျန်ရှိတဲ့ လက်နက်တွေပြန်ပေးဖို့။ မဟုတ်တဲ့လက်နက် ကိစ္စနဲ့ ငြိမ်းချမ်းရေး မပျက်စေချင်ဘူးပေါ့လေ” လို့ ပြောပါတယ်။

ဇန်န၀ါရီ ၅ ရက်နေ့က လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူဒေသမှာ ဒီကေဘီအေနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ အောက်ခြေအဆင့်တပ်သားတွေ ပဋိပက္ခဖြစ်ပြီး လက်နက်ငယ် အလက် ၅၀ လောက်ကို ဒီကေဘီအေက သိမ်းယူထားတာပါ။ ခုတော့ အများစု ပြန်ပေးပြီး ဖြစ်ကြောင်းနဲ့ ရက်ပိုင်းအတွင်း ကျန်တဲ့လက်နက်တွေ ထပ်ပေးသွားမယ်လို့လည်း ဒီကေဘီအေက ပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ ဒီကေဘီအေဘက်က စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားဘွယ်၊ ဒု-စစ်ဦးချုပ် စောမိုရှေးနဲ့ ကွပ်ကဲရေးတာဝန်ခံ ဗိုလ်ကျော်သက် စသူတို့တက်ရောက်ပြီး အစိုးရဘက်က ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးအောင်မင်း၊ ဦးခင်ရီ၊ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်း၊ တိုင်းမှူး ဗိုလ်ချုပ် တင်မောင်ဝင်းနဲ့၊ နယ်ခြားစောင့်တပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ် မောင်မောင်အုန်း စသူတို့ တက်ရောက်ဆွေးနွေးခဲ့ကြတာပါ။

ဒီဆွေးနွေးပွဲမှာ ဒေသဖွံ့ဖြိုးရေးကိစ္စတွေလည်း ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်မြောက်အောင် ၀င်ရောက်ဆောင်ရွက်ပေးနေတဲ့ မြန်မာငြိမ်းချမ်းရေး စင်တာက ဦးလှမောင်ရွှေက ပြောပါတယ်။

“ပြည်နယ်အဆင့်မှာ အပစ်အခတ်ရပ်စဲထားတယ်။ လက်မှတ်ထိုးထားတယ်။ ပြည်ထောင်စုအဆင့်မှာ ၁ ကြိမ်လုပ်ပြီးပြီ။ အခုတကြိမ်က မတွေ့တာကြာပြီ။ ကြားထဲမှာ နှစ်ဖက်အဖွဲ့အစည်း အခက်အခဲ အထူးတလည်ရှိခဲ့တာတွေ လာဖြေရှင်းတယ်။ နောက် နေရာချထားရေး၊ ဖွံ့ဖြိုးရေးတွေ၊ ပညာရေး၊ ကျန်းမာရေးတွေ ဒီဘက်က ဆောင်ရွက်ပေးနိုင်တာတွေ ရှိတယ်။ အဲဒါတော်တော်လေး ရင်းရင်းနှီးနှီး ဆွေးနွေးဖြစ်ခဲ့တယ်။”

ဒီဆွေးနွေးပွဲအပြီးမှာ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ မူးတူးဆေးဖိုး ဦးဆောင်တဲ့ ခေါင်းဆောင်တချို့လည်း မြ၀တီမှာ အလွတ်သဘော တွေ့ဆုံခဲ့ကြတယ်။

အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ဟာ မနေ့ကလည်း ဗိုလ်မှူးချုပ် စောဌေးမောင် ခေါင်းဆောင်တဲ့ ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့နဲ့လည်း ဘားအံမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။




 www.MyanmarExpress.net
 

1 comments:

နယ်ခြားစောင့်တပ် သိမ်းယူတာမဟုတ်ပါ အဲဒီစောက်ရူး ကလိုထူးဖော အဖွဲ့က ရဲစခန်းကိုဝင် ပြသနာရှာပြီး သေနက်တွေကို အင်အားပြပြီး ယူသွားခဲ့တာ ဒီကောင်တွေက သေနက်ကိုင်ပြီး ပွ ဖွ ။ အစိုးရနဲ့ အဆင်ပြေရင် black Eco လုပ်မယ်။ မပြေလို့ ကွိုင်တက်ရင် ဆူမယ် ပူမယ် သူပုန်ထမယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်