Subscribe to our RSS Feed

ကချင်ပြည်နယ်တွင် တိုက်ပွဲများ သိသာစွာလျော့နည်းလာ

From : 7day


ကချင်ပြည်နယ်အတွင်း ဖေဖော်ဝါရီလဆန်းမှစကာ အစိုးရတပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်တို့အကြား တိုက်ပွဲများ
သိသာစွာလျော့ကျသွားကြောင်း နှစ်ဖက်စလုံးက ပြောကြားသည်။

“ရွှေလီဆွေးနွေးပွဲနောက်ပိုင်းမှာ နှစ်ဖက်ကြား တိုက်ခိုက်မှုတွေ သိသိသာသာ လျော့ကျသွားပါတယ်။ အချို့နေရာတွေမှာ ပစ်ခတ်မှုအနည်းငယ်ရှိပေမယ့် ဒါဟာတိုက်ပွဲအသွင် မဆောင်ပါဘူး။ နားလည်မှုလွဲပြီး ဖြစ်တဲ့သဘောပဲ ရှိပါတယ်”ဟု သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယ၀န်ကြီးဦးရဲထွဋ်က ဖြေကြားသည်။

ကေအိုင်အိုမှ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က “တိုက်ပွဲတွေ လျော့လာတယ်”ဟု ပြောကြားသည်။

တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခြင်း မရှိတော့သော်လည်း ဖားကန့်ဒေသ၊ လီဒိုလမ်းတစ်လျှောက်နှင့် မိုးမောက်မြို့နယ်တို့တွင် နှစ်ဖက်ထိတွေ့မှုများ ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့ကြောင်း ဦးလန်ကပြောသည်။

အချို့နေရာများတွင် အစိုးရတပ်များက ရဟတ်ယာဉ်များအသုံးပြုကာ တပ်အလဲအလှယ်ပြုလုပ်ခြင်းများ၊ အင်အားဖြည့်တင်းခြင်းများ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရကြောင်း ကေအိုင်အေကပြောကြားသည်။

ထိုအချက်ကို ဦးရဲထွဋ်က “ဝေးလံတဲ့ဒေသတွေမှာ ရောက်နေတဲ့ စစ်ကြောင်းတွေအတွက် လိုအပ်တဲ့ရိက္ခာ၊ ဆေးဝါးများကို ရဟတ်ယာဉ်နဲ့ ပေးပို့တာရှိသလို နောက်တန်းကို ဆေးကုသရန်၊ သင်တန်းတက်ဖို့ရှိနေသူတွေကို မြေပြင်မှာ ချီတက်သွားလာရင် မှားပြီးပစ်ခတ်တာမျိုးကို ရှောင်ရှားတဲ့အနေနဲ့ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်ခြင်း ရှိနိုင်ပါတယ်။ ဒါဟာထိုးစစ်အတွက် ပြင်ဆင်တာမဟုတ်ပါဘူး”ဟု ရှင်းလင်းဖြေကြားသည်။

“အခုရက်ပိုင်းမှာ ပူပန်မှုတော့ နည်းနည်းလျော့သွားတယ်။ ဟိုတစ်လောကဆို လူတွေမျက်နှာတွေကို ကြည့်လိုက်ရင် မသာမယာနဲ့”ဟု လိုင်ဇာမြို့အနီးရှိ အကြီးဆုံး စစ်ဘေးဒုက္ခသည်စခန်းဖြစ်သော ဂျယန်းစခန်းမှ တာဝန်ခံဦးနော်ဂျာက ဖုန်းဖြင့်ဖြေကြားသည်။

နှစ်ဖက်စစ်အရှိန်မြင့်ပြီး ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံမှုအနေနှင့် တရုတ်နိုင်ငံ ရွှေလီမြို့တွင် ဖေဖော်ဝါရီ ၄ ရက်က တွေ့ဆုံဆွေးနွေးခဲ့ပြီး စစ်ပြေငြိမ်းရေး အမြန်ဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။


 . www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်