Subscribe to our RSS Feed

UNFC နှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ဆွေးနွေးပွဲ KIO တက်မည်

From :7day

ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီတို့ ပထမဆုံးအကြိမ် တရားဝင်ဆွေးနွေးပွဲသို့ ကချင်လွတ်မြောက်ရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာ တက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၂၀ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲများ မပြုလုပ်ခင် အကြိုညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်မည့်စာရင်းတွင် ဒေါက်တာလဂျာမှာ ဒုတိယခေါင်းဆောင်အဖြစ် တက်ရောက်မည်ဟု UNFC က ပေးပို့သော စာရင်းတွင် ဖော်ပြပါရှိသည်။

မြန်မာအစိုးရဘက်မှ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ၊ သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးခင်ရီ၊ ဦးအုန်းမြင့်၊ ရှေ့နေချုပ်ဦးထွန်းထွန်းဦးနှင့် မြန်မာငြိမ်းချမ်းရေး စင်တာမှ တာဝန်ရှိသူများတက်ရောက်မည်ဟု ငြိမ်းချမ်းရေးအကျိုးဆောင်တစ်ဦးက ပြောသည်။

ယခုပြုလုပ်သော အစည်းအဝေးသို့ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီ ပြည်သူ့တိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF) ၊ ရခိုင်အမျိုးသားကောင်စီ (ANC) တို့မှ တာဝန်ရှိသူများအပါအ၀င် ၁၂ ဦးတက်ရောက်မည်ဖြစ်ပြီး မွန်ပြည်သစ်ပါတီသည် နိုင်ငံတကာမှ အဖွဲ့ခေါင်းဆောင်အဖြစ် တက်ရောက်မည်ဖြစ်သည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအား ၂၀၁၁ ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။


  www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်