Subscribe to our RSS Feed

ရန်ကုန်၌ စည်းကမ်းမဲ့စွန့်ပစ်သည့်အမှိုက် တစ်နေ့လျှင် တန်(၉၀)၀န်းကျင်ရှိနေ

From : ..Myit Makha Mediagroup on 9 Mar, 2013

ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူများအား အရေးယူဆောင်ရွက်လျက် ရှိသည့်အမှုမှာ တစ်နေ့လျှင် ၁၅ မှုခန့် ရှိကြောင်း ရန်ကုန်မြို့စည်ပင် သာယာရေးကော်မတီပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။
သတ်မှတ်ချိန်အတွင်း အမှိုက် မပစ်ခြင်း၊ သတ်မှတ်အိတ်ဖြင့် အမှိုက် မပစ်ခြင်း၊ ရေမြောင်းများ အတွင်းသို့ အမှိုက်ပစ်ခြင်း၊ လမ်းဘေးတွင် အမှိုက်များ ပစ်ခြင်း၊ နောက်ဖေးလမ်းကြားအတွင်းသို့ အမှိုက်ပစ်ခြင်းများအား အရေးယူလျှက်ရှိပြီး တစ်မှုလျှင် ဒါဏ်ငွေ ၁၀၀၀၀ (တစ်သောင်း)ပေးဆောင်ရကြောင်း သိရသည်။
အမှိုက်ကို လွယ်လွယ်ကူကူ ပစ်ပြီး ဒဏ်ငွေကျတော့ မပေးချင်ကြဘူး၊ငြင်းတာတွေ ပြဿနာရှာတာတွေ ရှိတယ်၊ အဲဒီတော့ သူတို့ပစ်တာကို ဓါတ်ပုံရိုက်ပြီး ဖမ်းရတယ်၊အဲဒါတောင် အတင်းငြင်းတဲ့သူက ရှိသေးတယ် ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန ဒုတိယဌာနမှုး ဦးလှဝင်းအောင်မှ ပြောသည်။
စည်ပင်သာယာရေး နယ်နမိတ် ခရိုင်(၄)ခုအတွင်း ၀န်ထမ်းဆယ်ဦးစီပါဝင်သည့် စည်းကမ်း ထိန်းသိမ်းရေးတစ်ဖွဲ့စီဖြင့် စည်းကမ်းမဲ့ အမှိုက်ပစ်သူများအား နေ့စဉ်အရေးယူလျက်ရှိကြောင်း သိရသည်။
 ‘လူတိုင်းက ကိုယ့်အသိနဲ့ကိုယ် ၀ိုင်းထိန်းမှ ရမယ်၊ နေရာနဲ့ အချိန်ကို သတ်မှတ်ချိန် အတိုင်း စနစ်တကျ အမှိုက်ပစ်ဖို့ လိုတယ် ဟု ဒုတိယဌာနမှုး ဦးလှဝင်းအောင် က ဆိုသည်။
ရန်ကုန်မြို့ စည်ပင်သာယာရေးနယ်နမိတ်အတွင်းမှ တစ်နေ့လျှင် အမှိုက်တန်ချိန် (၁၅၉၀)ခန့် ထွက်ရှိကြောင်း အဆိုပါ အမှိုက်ထွက်ရှိမှုများ၌ တစ်နေ့လျှင် တန်(၉၀) ၀န်းကျင်မှာ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်နေမှုများကြောင့် အမှိုက်သိမ်းစနစ်အတွင်းသို့ မရောက်ရှိပဲ အမှိုက်တန်ချိန် (၁၅၀၀)ခန့်သာ အမှိုက်သိမ်းစနစ် အတွင်းသို့ရောက် ရှိနေခြင်းဖြစ်သည်။
ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ အမှိုက်များကို သိမ်းယူရာတွင် အမှိုက်သိမ်း ၀န်ထမ်း ၃၀၀၀ ကျော်ဖြင့် နေ့စဉ် သိမ်းယူလျှက်ရှိပြီး ရန်ကုန်မြို့မှ ထွက်သော စွန့်ပစ်အမှိုက်များအား စွမ်းအင်ထုတ်  လုပ်ရန်စီမံကိန်းများ စတင်နေပြီဖြစ်ကြောင်း ကိုလည်း မြို့တော်စည်ပင်သာယာမှ သိရှိရသည်။
.. www.MyanmarExpress.net

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်