Subscribe to our RSS Feed

အမေရိကရောက် မြန်မာလူမျိုး စီးပွားရေးအကြံပေး ဝန်ဆောင်မှုလုပ်ငန်းရှင် ဦးအောင်စိုးလွင်နှင့် တွေ့ဆုံခြင်း

From : the voice


အမေရိကန်မြန်မာ ကုန်သွယ်မှုလမ်းကြောင်းသစ် ဟူသော ဦးတည်ချက်ဖြင့် မြန်မာ့မြေသို့ Chevron, Asia Global Xpress, e-bay, Google, McDonalds, KFC အစရှိသည့် နာမည်ကျော် အမေရိကန် လုပ်ငန်းရှင်များ တစ်စုတစ်ဝေးတည်း ရောက်နှင့်နေပြီဖြစ်သည်။ နှစ်နိုင်ငံကုန်သွယ်ရေး အတွက် ရှေ့ဆက်ရန် လုပ်ငန်းများကို အပြုသဘော ဆောင်ရွက်ဆွေးနွေး ခဲ့ကြသော်လည်း လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ချက်များ၊ အမေရိကန်ကုန်သည်များ၏ စိတ်ဝင်စားမှု အခြေအနေ၊ နှစ်ဦးနှစ်ဖက် အခက်အခဲ၊ နှစ်ဖက်အစိုးရ ဖြည့်ဆည်းပေးရမည့် လုပ်ငန်းဆောင်တာများ၊ နိုင်ငံသားများ ပြင်ဆင်ထားရမည့် လိုအပ်ချက်များကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ဆယ်နှစ်ကြာ နေထိုင်၍ MS GLOBAL အမည်ရှိ စီးပွားရေးအကြံပေး ဝန်ဆောင်မှုလုပ်ငန်းကို ဦးစီးလုပ်ကိုင်နေသော မြန်မာလူမျိုး ဦးအောင်စိုးလွင် (ခ) Mr. Sammy Samuel အား တွေ့ဆုံမေးမြန်းမှု များကို ကောက်နုတ် ဖော်ပြအပ်ပါသည်။

Voice : အမေရိကန်လုပ်ငန်းရှင် တွေက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံ မှုလုပ်ဖို့ အဓိကဘာတွေ လိုအပ်ပါသလဲ။

Sammy : အဓိကကတော့ အချိန်ပဲ။ ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေနဲ့ပတ်သက်ပြီး အခုအချိန်မှာ မြန်မာပြည်သူတွေရဲ့ အမြင်ကတော့ ဘာမှလည်း မထူးခြားသေးဘူး။ ဒီမှာ ဆွေးနွေးပွဲတွေ လုပ်တယ်၊ ညီလာခံတွေ လုပ်တယ်။ ဒါပေမဲ့ ဘာမှ မထူးခြားဘူးပေါ့။ ကျွန်တော်တို့ ဇူလိုင်လ တုန်းကလည်း အမေရိကန်ကုန်သည် တွေနဲ့ အာဆီယံကုန်သည်တွေ အစည်းအဝေးလုပ်ကြသေးတယ်။ ပြီးတော့ တကယ်တမ်း အလုပ်ဖြစ်လားဆိုတော့ ဘာမှလဲ မဖြစ်သေးဘူး။ မြန်မာပြည်သူတွေ ပြောကြတာ Dell တွေမလာသေးဘူး၊ Apple တွေမလာသေးဘူးပေါ့။ အဲ့ဒါတွေလာဖို့ အဆင့်တွေအများကြီး ကျန်သေးတယ်၊ အချိန်တွေအများကြီး လိုသေးတာပေါ့နော်။ အခုလုပ်တဲ့ အမေရိကန်-မြန်မာကုန်သွယ်ရေး လမ်းကြောင်းသစ်ဆွေးနွေးပွဲ ကလည်း အစပေါ့။ ပထမဦးဆုံး အဆင့်ပဲရှိပါသေးတယ်။ နေ့ချင်းညချင်း ဖြစ်လာဖို့က လိုအပ်ချက် တွေရှိနေသေးတယ်။ အမေရိကန်ဘက်က လိုအပ်တာတွေရှိနေသလို မြန်မာအစိုးရ ဘက်ကလည်း လိုအပ်တာတွေရှိနေပါ သေးတယ်။

Voice : မြန်မာနိုင်ငံရဲ့လိုအပ်ချက် တွေက ဘာတွေဖြစ်မလဲ။

Sammy : မြန်မာနိုင်ငံရဲ့လိုအပ်ချက် တွေက Infrastructure အခြေခံ အဆောက်အဦတွေ၊ အခြေခံ ဝန်ဆောင်မှုတွေ လိုအပ်တယ်။ အခုဆိုဒီမှာ မီးခဏ ခဏပျက်နေတာပဲ။ လျှပ်စစ်မီး မမှန်တော့ ဟိုဘက်နိုင်ငံက အထူးသဖြင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းကြီးတွေ လည်ပတ်ဖို့ တော်တော် အခက်အခဲရှိတယ်။ နောက်တစ်ခုက ကျွမ်းကျင်လုပ်သား အားနည်းတာ။ ဒီမှာတော့ ကိုယ့်လုပ်ငန်းနဲ့ ကိုယ့်လုပ်သားတွေနဲ့ အဆင်ပြေသလို လည်ပတ်နေနိုင်ပေမယ့် တစ်ဖက် က နိုင်ငံခြားသားကုမ္ပဏီတွေ အထူးသဖြင့် အမေရိကန်ကကုမ္ပဏီ ဒီမှာ ပူးပေါင်းလုပ်ငန်း ဆောင်ရွက်တော့မယ် ဆိုရင် သင့်တော်တဲ့ဘာသာစကား ကျွမ်းကျင် လုပ်သားတွေ၊ စီမံခန့်ခွဲမှု ဆိုင်ရာ ကျွမ်းကျင်လုပ်သားတွေ အများကြီး ရှိနေဖို့ လိုအပ်ပါတယ်။ ဒီနှစ်ခုကို ကျော်လွှားနိုင်မယ် ဆိုရင်တော့ နှစ်ဦးနှစ်ဖက် အဆင်ပြေသွားမှာပါ။ အမေရိကန် ကုမ္ပဏီတွေ နေ့ချင်းညချင်း ဒီကို ရောက်လာဖို့က မဖြစ်နိုင်သေးပါဘူး။

Voice : အခု အမေရိကန်ကုန်သည် တွေနဲ့ မြန်မာ ကုန်သည်တွေ တွေ့ကြတဲ့ ပွဲက ပထမဦးဆုံး အဆင့်ဆိုတော့ ဘယ်လောက် အကျိုးသက်ရောက်မှု ရှိနိုင်မလဲ။

Sammy : တော်တော်လေး အကျိုးသက်ရောက်မှု ရှိပါတယ်။ ကုန်သည်တွေ ထဲမှာ တချို့က သူတို့အနေနဲ့ ပထမဦး ဆုံးအကြိမ် လာရောက်လာကြတာတွေ လည်းရှိတော့ သူတို့အတွက် လေ့လာ သလိုဖြစ်မယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေနဲ့ ဖြစ်နိုင်ခြေရှိတဲ့ အလားအလာကောင်း တွေကို သိသွားနိုင်မှာပါ။ နောက်လည်း ဒီလိုဆွေးနွေးပွဲတွေ လုပ်သွားဖို့ ရှိပါသေးတယ်။ ဒါပေမဲ့ အချိန် အကန့်အသတ်တစ်ခု ထိပဲပေါ့။ နောက်ပိုင်းကျရင် တကယ်လက်တွေ့ လုပ်မှပဲ ပိုပြီးထိရောက်မယ်။ ပြည်တွင်း က ကုမ္ပဏီတွေနဲ့ တွေ့မယ်။ ကိုယ်တိုင် ကွင်းဆင်းလုပ်မှ ရတော့မှာ။ ဒီဆွေးနွေး ပွဲက ကောင်းတယ်ဆိုတာ ဒီမှာလူစုံတယ်၊ စီးပွားရေးလုပ်ငန်းရှင်တွေ အချင်းချင်း ရင်းနှီးမှုယူမယ်။ နောက်ပိုင်း နှစ်ဦး နှစ်ဖက်ညှိကြမယ်။ လုပ်ငန်းတွေပူးပေါင်း ဆောင်ရွက်နိုင်တယ်ပေါ့။

Voice : အဲဒီလိုတွေလုပ်ငန်း အကောင်အထည်ဖော်ဖို့ အချိန်ဘယ် လောက်လောက်ယူရဦးမှာလဲ။

Sammy : အချိန်ကတော့ ရင်းနှီး မြှုပ်နှံတဲ့ ကဏ္ဍတွေ ပေါ်မှာပဲ မူတည် တယ်။ ကဏ္ဍအလိုက် ကွာခြားသွားတာ ပါပဲ။ တချို့ကုန်ထုတ်လုပ်မှု ကုမ္ပဏီ တွေဆို ဒီလိုပြဿနာတွေ ရှိတယ်။ တချို့ကုမ္ပဏီတွေဆို စစဝင်စမှာ ရုံးခန်း အသေးလေးတစ်ခု ဖွင့်မယ်။ လူငါး ယောက်လောက်နဲ့ပေါ့။ ဒါကတော့ တကယ်တမ်း လုပ်ငန်းကြီးလည်ပတ် နေကြတာ မဟုတ်ဘဲ နောက်ပိုင်းမှာ အချိန်နည်းနည်းယူပြီး တစ်ဆင့်ပြီး တစ်ဆင့် လုပ်သွားမှာပေါ့။ တစ်ခါတည်း ဟိုဘက်ကနေ လူအယောက်တစ်ရာလောက် ခေါ်လာပြီး လုပ်ငန်းအကြီးအကျယ် စဖို့ဆိုတာ မဖြစ်နိုင်လောက်သေးပါဘူး။ အချိန် တချို့စောင့်ရဦးမယ်။ ကျွန်တော့် အထင်တော့ အနည်းဆုံး ငါးနှစ်နဲ့အထက် အနည်းဆုံးစောင့်ရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ဘက်က လိုအပ် ချက်ရှိသလို သူတို့ဘက်ကလည်း လိုအပ်ချက်တွေ ရှိနေသေးတယ်။

Voice : သူတို့ဘက်ကလိုအပ်ချက် ဆိုတာ ဘယ်လိုမျိုးလဲ။

Sammy : သူတို့ဘက်ကလိုအပ် ချက်ဆိုတာ အခုအမေရိကန်က ဆန်ရှင် (စီးပွားရေးပိတ်ဆို့မှု) အပြည့်အဝရုပ် သိမ်းသေးတာ မဟုတ်တော့ သူတို့ဆီက ငွေလွှဲရတာ တော်တော်ခက်တယ်။ ပြဿနာ အများကြီးရှိတယ်။ ငွေလွှဲရင် ဒီမှာလက်ခံမယ့်သူ မရှိဘူး။ အဲဒီတော့ စင်ကာပူလို၊ ထိုင်းလိုနိုင်ငံတွေကို ကြားခံပြီး လွှဲနေရတယ်။ သူတို့ဘက်ကလည်း လျှော့လာပါတယ်။ ဒီဘက်က ပြုပြင်ပြောင်းလဲမှုတွေကို တိုးတက်လာလေ သူတို့ဘက်ကလည်း ပိတ်ဆို့မှုတွေ ပိုပြီးလျှော့လာဖို့ ရှိပါတယ်။

Voice : မြန်မာနိုင်ငံ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ နည်းဥပဒေနဲ့ ပတ်သက်ပြီးတော့ အမေရိကန် ကုန်သည်တွေကရော ကျေနပ်မှုရှိရဲ့လား။

Sammy : အခုနောက်ဆုံး နိုဝင်ဘာမှာ အတည်ပြုလိုက်တဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေက တော်တော်လေး မျှတတယ်။ အထောက်အပံ့ ဖြစ်စေပါ တယ်။ တော်တော်များများလည်း လက်ခံကြပါတယ်။ သူတို့ထင်ထားတာ တွေနဲ့ အပြည့်အဝ ကိုက်ညီမှုမရှိတောင် အတိုင်းအတာတစ်ခု အနေနဲ့တော့ ကျေနပ်မှုရှိကြပါတယ်။

Voice : အခု နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေထဲမှာ နိုင်ငံခြားသား ၄၉ ရာခိုင်နှုန်းသာ လုပ်ငန်းမှာ ရှယ်ယာ ပါဝင်ခွင့် ပေးတာကို တချို့လုပ်ငန်းရှင် တွေ အလိုမကျဖြစ်နေတာနဲ့ ပတ်သက်ပြီး အစ်ကို့အမြင်လေးကို ပြောပြပါလား။

Sammy : အမှန်တော့ အခုလို မြန်မာနိုင်ငံရဲ့ စီးပွားရေး ဦးမော့စပြုလာ တဲ့အချိန်မှာ နိုင်ငံခြားသားတွေကို ၁၀၀ ရာခိုင်နှုန်း လုပ်ပိုင်ခွင့် ပေးလိုက်လို့ ဘယ်လိုမှမဖြစ်ဘူး။ ဥပမာ-ခရီးသွား လုပ်ငန်းလိုဟာမျိုးကို ၁၀၀ ရာခိုင်နှုန်း လုပ်ပိုင်ခွင့်ပေးလို့ သူက အင်တိုက် အားတိုက် အလုံးအရင်း ဝင်လုပ်နေရင် ပြည်တွင်းက ခရီးသွားလုပ်ငန်း သေးသေးလေးတွေ ပြိုလဲသွားလိမ့်မယ်။ အဲဒါကြောင့် အစိုးရက အားလုံးမျှမျှတတ ဖြစ်အောင် နည်းဥပဒေ ချမှတ်ထားတာ ပဲ။ ကျွန်တော်ကတော့ လက်ခံပါတယ်။

Voice : အစ်ကိုက အခုလက်ရှိဒီမှာလည်း လုပ်ငန်းရှိတယ်။ အမေရိကန် မှာလည်း လုပ်ငန်းလုပ်နေတာ ဆိုတော့ ဒီမှာလုပ်ငန်းတစ်ခု မှတ်ပုံတင်ဖို့ အဆင့်ဆင့် ဆောင်ရွက်ချက်တွေ၊ အချိန်ကြာတာတွေ၊ အခက်အခဲတွေ ကြုံတွေ့နေရသေးလား။

Sammy : ဟုတ်ပါတယ်။ အရင်ကတော့ ပြည်တွင်းရော၊ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းတွေရော လုပ်ဖို့ မှတ်ပုံ တင်တဲ့အခါ အဆင့်ဆင့် ဆောင်ရွက်နေ ရတာတွေ အခက်အခဲတွေ ရှိခဲ့ပါတယ်။ အခုတော့ နိုင်ငံတော်အစိုးရက တတ်နိုင်သမျှ အမြန်ဆုံးဖြစ်အောင် ဆောင်ရွက် ပေးနေပါတယ်။ အရင်လို အခက်အခဲ သိပ်မရှိတော့ပါဘူး။ အခု သူတို့တွေ ရင်းနှီးမြှုပ်နှံကြမယ်ဆို ကျွန်တော်တို့ ဘက်က ပေးဆပ်ရမယ့် အခြေခံ အဆောက်အဦပိုင်း ဒါတွေလည်း အစိုးရ ဘက်က အကုန်လုံး မဟုတ်တောင် တချို့တစ်ဝက်ကတော့ ပြေလည်နေပါပြီ။ အမှန်တော့ အစိုးရဘက်ကတင်မဟုတ် ဘဲ ပြည်သူတွေဘက်ကရော ကိုယ်ရည် ကိုယ်သွေး အားကောင်းပြီး ကျွမ်းကျင် လုပ်သားတွေဖြစ်နေဖို့ လိုအပ်ပါတယ်။

Voice : အခု အမေရိကန်-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းသစ် စတင် လိုက်တာဟာ ရှေ့ဆက်သွားမယ့် အလားအလာကောင်းတွေ ရှိနေလား။ ဒါမှမဟုတ် အလယ်အလတ်မှာပဲရှိနေ သေးတာလား။

Sammy : အခု အခြေအနေကတော့ အလယ်အလတ်မှာပဲ ရှိနေပါသေးတယ်။ အခုက ကျွန်တော်ပြောပြသလို ကျွန်တော် နဲ့ သိတဲ့ မိတ်ဆွေတွေက မေးတယ်။ ဘယ်မှာလဲ Dell တွေ လာသွားတယ်၊ Apple တွေလာသွားတယ်။ ဘယ်မှာလဲ စက်ရုံလည်း မဖွင့်ကြသေးဘူး။ ဘာညာ ပေါ့။ တကယ်တမ်း သူတို့ဘက်ကိုပဲ အပြစ်တင်နေလို့မရဘူး။ ကိုယ့်ဘက်မှာ လည်း ဘာမှပြည့်စုံသေးတာ မဟုတ်ဘူး။ အခုဆိုကြည့် ဒီမှာ မီးတွေ ခဏခဏ ပျက်နေတော့ Dell တို့၊ Apple တို့လို စက်ရုံကြီးတွေ လာလည်ပတ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ နောက်ဒီမှာ ကွက်လပ်တွေ၊ လိုအပ်ချက်တွေ အများ ကြီးရှိနေတယ်။ လူတွေမှာရော၊ လုပ်ငန်း စဉ်တွေမှာရော ဒါကြောင့် အဲဒါတွေ အရင်ဖြည့်ဆည်းလိုက်ရင်တော့ တော်တော် အဆင်ပြေသွားမှာပါ။ သူတို့ဘက်က လည်း လိုအပ်တာဖြည့်ဆည်းမယ်၊ ကိုယ့်ဘက်လည်း ဖြည့်ဆည်းလိုက်မယ် ဆိုရင် အလွန်ဆုံး လေးငါးနှစ်ပါပဲ။ တရုတ်လို၊ ဗီယက်နမ်လိုဖြစ်ဖို့က သိပ် မကြာတော့ပါဘူး။

Voice : အမေရိကန်က ရေနံတူးဖော်ရေးနဲ့ နာမည်ကြီးနေတာ ဆိုတော့ အခုနောက်လဆို စွမ်းအင်ဝန်ကြီးဌာနက လေလံခေါ်ဖို့ရှိတယ်။ အဲဒီမှာအမေရိကန် ကုမ္ပဏီတွေ ပါဝင်သွားဖို့ ရှိလား။

Sammy : ရှိတယ်။ အနည်းဆုံး သုံးလေးခုတော့ ရှိနေတာသေချာတယ်။ အရင်ကတော့ Total တို့ PPT တို့က မြန်မာ့ရေနံလောကမှာ လွှမ်းမိုးထား တာပေါ့။ အခုတော့ အလယ်အလတ် ကုမ္ပဏီ သုံးခုလောက် ကတော့ သေချာ ပေါက်လာဖို့ရှိတယ်။ နောက်လအတွင်း မှာ နာမည်စာရင်း သိရပါလိမ့်မယ်။

Voice : နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွေ လာတော့မယ်ဆိုတော့ မြန်မာနိုင်ငံရဲ့ ဘဏ်စနစ်ကရော ဘာတွေ လိုအပ်ချက် ရှိနေမလဲ၊ ပြင်ဆင်မှုတွေ ကော ဘာတွေလုပ်ရမလဲ။

Sammy : လိုအပ်ချက်ကတော့ မြန်မာနိုင်ငံ ဘဏ်တွေအနေနဲ့ အများကြီး ရှိနေတယ်။ အများကြီး ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်။ အထူးသဖြင့် ဝန်ဆောင်မှု တွေ ကျွန်တော်တို့ အခုဒီကဘဏ်တွေ က ပြည်တွင်းမှာပဲ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ လည်ပတ်နေတာ အဆင်ပြေပေမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာရင် ဒီနည်းအတိုင်း ဆက်သွားရင် မလွယ်ဘူး။ ငွေလွှဲအယူတွေ ကလည်း ဒီလိုကြားခံတွေနဲ့ ရေရှည်လုပ်နေလို့ မဖြစ်ဘူး။ သူတို့ဘက်ကလည်း ပိုက်ဆံ ရှုံးတယ်။ လက်ခံတဲ့သူ အတွက်လည်း အချိန်ကြန့်ကြာတယ်။ တိုက်ရိုက်ငွေလွှဲ ဖို့ကို ဒီမှာလက်ခံဖို့ ဘယ်ဘဏ်မှမရှိဘူး။

Voice : ဒါပေမဲ့ ပြီးခဲ့တဲ့ ၂၂ ရက် က အမေရိကန်အစိုးရက AGD အပါအဝင် ဘဏ်လေးခုကို Sanction ရုပ်သိမ်း လိုက်ပါတယ်။ အဲဒါလောက် လုပ်ရုံနဲ့ အဆင်မပြေဘူးလား။

Sammy : အဲဒီလောက်နဲ့တော့ အဆင် မပြေဘူး။ ဒီမှာ ဟိုနိုင်ငံကဘဏ်တွေ တစ်ခုမှမရှိဘူး။ နာမည်ကြီးဘဏ်တွေ City Bank လိုဟာမျိုးတွေ မရှိဘူး။ ဟိုဘက်က အမေရိကန်ဘဏ် တစ်ခုခု ကနေ ဒီက AGD ဘဏ်ကို ငွေလွှဲဖို့ဆိုတာ လုံးဝ အဆင်မပြေတဲ့ကိစ္စပဲ။ နည်းစနစ် နှစ်ခုက အချင်းချင်း တူမှမတူတာ။ ပြီးတော့ အမေရိကန်တစ်ယောက်က သူယုံကြည်စိတ်ချရတဲ့ ဘဏ်နဲ့ပဲ ဆက်သွယ် လုပ်ချင်တာပေါ့။ ဒါဘယ်နိုင်ငံခြားသားမဆိုပါ။ အခုတော့ စင်ကာပူ ကတော့ အများဆုံးကြားခံပေါ့။ ငွေ လွှဲတဲ့အခါမှာ နောက်ပိုင်း လုပ်ငန်းကြီးတွေလုပ်မယ်။ ငွေကြေးပမာဏများ လာပြီဆိုရင် ဒီလိုကြားခံနဲ့ လွှဲတာက ဘယ်လိုမှအဆင်မပြေ တော့ပြန်ဘူး။ အဲဒီတော့ ဒါလေးတွေတော့ ညှိနှိုင်း ဆောင်ရွက်ပေးစေချင်တယ်။



 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်