Subscribe to our RSS Feed

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်လေယဉ် ပစ်ချခံရခြင်းဖြစ်၊ ဗြိတိသျှတို့ လုပ်ကြံဟု ယူဆရ


From : ရွှေရိုး

ကုလသမဂ္ဂနှင့် အာဖရိကတိုက်၏ လျှို့ဝှက်ဆန်းကြယ် သမိုင်းမြှုပ်ကွက်တခု အသစ်ပေါ်ထွက်လာပြန်ပြီ ဖြစ်သည်။ ၎င်း မှာ ဆွီဒင်နိုင်ငံသားကမ္ဘာ့ကုလသမဂ္ဂ၏ ဒုတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သည့် ဒက်ဟမ္မားရှိုး (Dag Hammarskjold) စီးနင်းလိုက်ပါလာသည့် လေယာဉ်သည် မှတ်တမ်းတင်ထားသကဲ့သို့ သွေးရိုးသားရိုးပျက်ကျမှုမျိုး မဟုတ်ဘဲ ပစ်ချလုပ်ကြံခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

ဆွီဒင်နိုင်ငံသားကမ္ဘာ့ကုလသမဂ္ဂ၏ ဒုတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သည့် ဒက်ဟမ္မားရှိုး ယခု ဖောက် ထုတ်တွေ့ရှိရသည့်ယူဆချက်အသစ်မှာ လွတ်လပ်သည့်သုတေသီတဥိးဖြစ်သည့် ဆွီဒင်နိုင်သား၏ လေ့လာဆန်းစစ်ချက် များအရ သိရှိရခြင်းဖြစ်သည်။ လွန်ခဲ့သည့် အနှစ်ငါးဆယ် (၁၉၆၁) ခုနှစ်က မြောက်ရိုဒီရှား (Northern Rhodesia) (ယခုဇမ်ဘီယာ now Zambia) ၌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် စီးနင်းလိုက်ပါလာသည့် လေယာဉ်ပျံပျက်ကျခဲ့ပြီး လေ ယာဉ်ပေါ်ပါလာသူ (၁၅) ဦးလုံး သေဆုံးခဲ့ရသည်။ ယခုတွေ့ရှိချက်များအရ ထိုပျက်ကျမှုမှာ သာမန်ပျက်ကျမှု မဟုတ်ဘဲ ထိုစဉ်ကမြောက်ရိုဒီရှားကိုလိုနီ အာဏာပိုင် ဗြိတိသျှတို့က ပစ်ချလုပ်ကြံခဲ့ခြင်းဖြစ်သည်ဟု စုံစမ်းတွေ့ရှိရသည့် အချက်အ လက်များက ညွန်ပြလျက်ရှိသည်။

ထိုပျက်ကျမှုနှင့်ပတ်သက်၍ ဗြိတိသျှစုံစမ်းရေးကော်မရှင်က လေယဉ်မှူး၏အမှားအဖြစ် သတင်းပို့ မှတ်တမ်းတင်ခဲ့သည်။ ဗြိတိသျှကော်မရှင်၏စုံစမ်းချက်များကို ကုလသမဂ္ဂစုံစမ်းရေးကော်မရှင်ကလည်း ဆက်လက်အတည်ပြုခဲ့သည်။ ထိုကော် မရှင်နှစ်ခုတို့သည် လေယဉ်ပျက်ကျမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရာ၌ အဖြစ်မှန်ကို ဖော်ထုတ်ပေးနိုင်မည့် အဓိက မျက်မြင်သက်သေဖြစ်သည့် အနီးဝန်းကျင်မှ ကျေးရွာသားများကို မေးမြန်းမှတ်တမ်းတင်ခြင်းမပြုခဲ့ပေ။ ထိုသက်သေ များ၏ပြောဆိုချက်များကို ငြင်းပယ်ခဲ့သည်။ ယခုတွေ့ရှိရသည့် အချက်အလက်များမှာ ယခုတိုင် သက်ရှင်လျက်ရှိသော ထိုစဉ်က မျက်မြင်သက်သေများ၏ ထွက်ဆိုချက်များကို အခြေခံထားသည်။ ထိုမျက်မြင်သက်သေတို့၏ ထွက်ဆိုချက် များအရ တွေ့ရှိလာရသည့် အချက်အလက်သစ်များမှာကြီးမားသည့် လုပ်ကြံမှုကြီးဖြစ်နေသည့်အတွက် သုတေသီက ဆက်လက်စုံစမ်းဖော်ထုတ်ရန် စိုးရိမ်ကြောက်လန့်နေသည်။

လေယဉ်ပျက်ကျသည့် ဒိုလာ (Ndola) မြို့စွန် ဆင်ခြေဖုံး ရပ်ကွက်များတွင် နေထိုင်သူများ၏ ပြောကြားချက်အရ ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ် စီးနင်းလိုက်ပါလာသည့် ဒီစီ-၆ (DC6) လေယာဉ်ကို ဒုတိယမြောက်လေယာဉ် အသေးစားတ စီးမှ ပစ်ချခဲ့ခြင်းဖြစ်သည်ဟု တညီတညွတ်တည်း ထွက်ဆိုခဲ့ကြသည်။ မြောက်ရိုဒိရှားဗြိတိသျှ အာဏာပိုင်များက လေ ယာဉ်ပျက်အား ရှာဖွေတွေ့ရှိကြောင်း ရားဝင်ထုတ်ပြန်ကြေငြားခြင်းမပြုမီအနီးဝန်းကျင် နယ်မြေအာ စစ်တပ်မှ ဝန်းရံပိတ် ဆို့လိုက်ပြီး ကျေးရွာသားများအား အဓမ္မခြိမ်းခြောက် မောင်းထုတ်ပစ်ခဲ့သည်။

ယခုတွေ့ရှိရသည့် အချက်အလက်များသည် ဇိုရမ်ဗော့ဒါးဆို (Goran Bjorkdahl,)သည့် ဆွီဒင်အမျိုးသား၏ တကိုယ်တော် လေ့လာစုံစမ်းမှုများအရ ပေါ်လာရခြင်းဖြစ်သည်။ ဇိုရမ်သည် အဆိုပါဒေသတွင် အမှုထမ်းခဲ့သော ပုဂ္ဂိုလ် တဦး၏ သားဖြစ်ပြီး ၎င်းဖခင်၏ပြန်လည်ပြောပြချက်များကြောင့် ဤလေယာဉ်ပျက်ကျမှုကို စုံစမ်း ဖော်ထုတ်ရန် စိတ် အားထက်သန်ဖြစ်ခဲ့ရသည်။ ၎င်းက “ကျနော့်အဖေဟာ ဇမ်ဘီယာမှာ ၁၉၇၀ လောက်မှာ တာဝန်ကျခဲ့တယ်။ လေယဉ် ပျက်ကျတဲ့ နေရာကိုလည်း ရောက်ခဲ့တယ်။ ဒေသခံတွေနဲ့ တွေ့တဲ့အချိန်မှာ ဒီအဖြစ်ပျက်ကို စုံစမ်းကြည့်ခဲ့တယ်။ ရွာ သားတဦးက လေယာဉ်အပိုင်းအစတခုကိုပေးပြီး သူတို့ မျက်မြင်တွေ့ ရှိချက်တွေကို ပြောပြခဲ့တယ်။ အဲဒီ့အချိန်ကစပြီး ကျနော် ဒီကိစ္စရဲ့ အဖြစ်မှန်ကို သိချင်လာတယ်။ တကိုယ်တော် စုံစမ်းဖော်ထုတ်ဖို့ ဆုံးဖြတ်ခဲ့တယ်။”

မစ္စတာဇိုရမ်ဗော့ဒါးသည် ကျေးရွာသားများ၏ ထွက်ဆိုချက်များအပြင် လေယဉ်ပျက်ကျခဲ့သည့် ၁၉၆၁ ခုနှစ် စက်တင် ဘာ ၁၇ ရက် မတိုင်မီရက်များအတွင်းက ဗြိတိသျှကြေးနန်းဆက်သွယ်မှတ်တမ်းများကိုလည်း ဖတ်ရှုလေ့လာခဲ့သည်။ ထိုကြေးနန်းများအရ ဗြိတိသျှနှင့် အမေရိကန်တို့သည် ကတန်ဂါ (Katanga) အရေးအခင်းနှင့်ပတ်သက်၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ဆုံးဖြတ်ဆောင်ရွက်ချက်များကို အလွန်ဒေါသ ထွက်ခဲ့ကြောင်းတွေ့ရသည်။ စိန်၊ ကြေးနီ၊ ယူရေနီ ယံနှင့် သယံဖာတပေါကြွယ်ဝသည့် ကတန်ဂါသည် ကွန်ဂို (Congo) နိုင်ငံမှ ခွဲထွက်ရန် လက်နက်ကိုင်ပုန်ကန်နေသည်။

ထို ကတန်ဂါ ခွဲထွက်ရေးစစ်တွင် ဗြိတိသျှ၊ အမေရိကန်နှင့် ဘယ်လ်ဂျီယံနိုင်ငံ တို့မှ ကြေးစားစစ်တပ်များဖြင့် အလုံးအ ရင်း အားပေးထောက်ခံခဲ့ကြသည်။ ကုလသမဂ္ဂဆုံးဖြတ်ချက်အမှတ် (၁၆၁) အရ ထိုကြေစားတပ်များ ကတန်ဂါမှ ထွက် ခွာသွားရန်နှင့် ထွက်ခွာခြင်းမပြုပါက ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်မျာမှ တိုက်ခိုက်ရန်ဆုံးဖြတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက် အား အကောင်အထည်ဖော်၍ ကြေးစားတပ်များအား တိုက်ခိုက်ရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ဆုံးဖြတ်အ မိန့်ပေးခဲ့သည်။ တည်ကြည်၍ ကိုယ်ပိုင်အမြင်နှင့် လွတ်လပ်စွာဆောင်ရွက်တတ်သည့် ဆွီဒင်နိုင်ငံသား အတွင်းရေးမှူး ချုပ်သည် ကုလသမဂ္ဂဆုံးဖြတ်ချက်ဖြစ်သော ကိုလိုနီနယ်မြေများ လွတ်မြောက်ရေးကို စိတ်အားထက်သန် ဆောင်ရွက် တတ်လေ့ရှိသည်။ ထိုသို့ ၎င်း၏ဆောင်ရွက်ချက်များအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီဝင် အင်အားကြီးနိုင်ငံများ၏ မျက်မုန်းကျိုးခြင်း ခံခဲ့ရသည်။ ၎င်းမှာ သေဆုံးစဉ်ကာလ၌ အတွင်းရေးမှူးချုပ်ရာထူး ဒုတိယသက်တမ်းအတွက် ရွေး ချယ်တင်မြောက်ခံရဖို့ သေချာသလောက်အခြေအနေတွင် ရှိနေသည်။

သုတေသီ ဇိုရမ်ဗော့ဒါးက ၎င်းစုံစမ်းဖော်ထုတ်တွေ့ရှိချက်မျာကို နိဂုံးကောက်ချက်ပြုရာတွင် “ဒက်ဟမ္မားရှိုးရဲ့ လေယဉ် ကို အမည်မသိ ဒုတိယလေယာဉ်က ပစ်ချခဲ့တာ အခိုင်အမာဖြစ်တယ်။ ဗြိတိသျှ ရိုဒီရှားကိုလိုနီ အာဏာပိုင်တွေရဲ့ လုံခြုံရေးတပ်တွေက ရှာဖွာကယ်ဆယ်ရေး လုပ်ငန်းတွေကို နှောက်နှေးအောင်လုပ်ခဲ့တယ်။ ပြီးတော့ အနီးဝန်းကျင် နယ်မြေတွေကို ပိတ်ဆို့ရှင်းလင်းတယ်။ တွေ့ရှိပြီးအချိန် အတော်ကြီးကြာမှ တရားဝင် ကြေငြာခဲ့တယ်။ လေယဉ်ပျက်မှာ ပျက်ကျ မှုမှာ အသက်ရှင်ကျန်ခဲ့တဲ့ တဦးတည်းသော ပုဂ္ဂိုလ်ကိုလည်း ဆေးဝါးကုသတာ အသေအချာမလုပ်ဘဲ ရတဲ့ ဒဏ်ရာတွေနဲ့ သေသွားအောင် တမင်ပစ်ထားခဲ့တယ်။” ၎င်း၏ နောက်ဆုံးအချိန် ကာလအတွင်း ဒက်ဟမ္မားရှိုးက ဗြိတိသျှ သံအရာရှိတဦးသည် ခွဲထွက်ရေး ကတန်ဂါ သူပုန်များအား လျှို့ဝှက်ထောက်ခံနေပြီး ကုလသမဂ္ဂကြီး ကြပ်မှုဖြင့် ဆွေးနွေးအဖြေရှာသည့် ကြိုးပမ်းမှုများကို ဟန့်တားနှောက်ယှက်နေသည်ဟု သံသယဖြစ်ခဲ့သည်။

ကတန်ဂါ သူပုန်များအား တိုက်ခိုက်ရန် ဆုံးဖြတ်အမိန့်မပေးမီ အတွင်းရေးမှူးချုပ်အား ထိုသို့ ဆုံးဖြတ်ပါက အမေရိ ကန်နှင့် ဗြိတိသျှ အင်္ဂလိပ်တို့က အလွန်အမျက်ထွက်စိတ်ဆိုးကြလို့မည်ဟု ၎င်း၏ အကြံပေးများက အတွင်းရေးမှူးချုပ် အား သတိပေးခဲ့သည်။ ထိုကြားမှ တိုက်ခိုက်ရန် အမိန့်ကိုပေးခဲ့ခြင်း ဖြစ်သည်။ ပျက်ကျသည့် လေယာဉ်ခရီးစဉ်မှာ တိဗြိသျှ တို့၏ အစီအမံဖြင့် နိုဒါမြိ့တွင် ကတန်ဂါ သူပုန်များနှင့်တွေ့ဆုံရန် သွားရောက်ခဲ့ခြင်း ဖြစ်သည်။

ယခုတွေ့ရှိချက်များသည် ထိုစဉ်က မျက်မြင်ကိုယ်တွေ့ သက်သေများဖြစ်သည့် ယခုအခါ အသက် (၇၀)မှ (၈၀) အကြား ရှိ ကျေးရွာသားများ၏ ထွက်ဆိုချက်များကိုအခြေခံသည်။ ထိုပုဂ္ဂိုလ်များအား ယခင်က မည်သူတဦးတယောက်က စုံ စမ်းမေးမြန်းခဲ့ခြင်း မရှိပေ။ အသက် (၈၄) နှစ်ရှိ မျက်မြင်သက်သေတဦးဖြစ်သည့် မစ္စတာဒါတန်ဘီဝီ (Dickson Mbewe) သည် အခင်းဖြစ်ပွားစဉ်ညက ၎င်း၏ အိမ်ျေရှ့တွင် မိတ်ဆွေများထိုင်၍ စကားပြောနေခဲ့သည်။ ထိုစဉ် “လေယာဉ်ပျံတဦး က လေယဉ်ကွင်းပေါ်မှာ ဝဲနေတာတွေ့လိုက်တယ်။ ပထမတော့ အလေးမထားမိဘူး။ နှစ်ကြိမ်၊ သုံးကြိမ်လောက်ရှိတော့ သတိထားမိတယ်။ လေယဉ်ပျံပျံကွင်းက ဆင်းသက်ခွင့်မပေးလို့ ဝဲနေတာလို့ထင်တယ်။ သိပ်မကြာဘူး နောက်ထပ် လေ ယဉ်ပျံတစင်းပေါ်လာတယ်။ အဲဒီတစင်းက သေးတယ်။ ပိုပြီးတော့လည်းမြန်တယ်။ ရှေ့ကလေယာဉ်ပျံကြီးနောက် ကို မောင်းလိုက်သွားတယ်။ အနီးကပ်ရောက်တော့မှ မီးရှူးမီးပန်းတွေ လွတ်လိုက်တယ်။ ပြီးတော့ တခြားတဖက် ကို မောင်းထွက်သွားတယ်။ ရှေ့ကလေယဉ်ပျံကြီးကတော့ ပျက်ကျသွားတယ်။” ဟု ပြန်ပြောင်းပြောဆိုခဲ့သည်။ မစ္စတာ ဘီဝီမှာ မီးသွေးဖုတ်သမားတဦးဖြစ်ပြီး နောက်မနက် ငါးနာရီခန့်တွင် လေယဉ်ပျက်ကျရာအနီးရှိ ၎င်း၏ မီးသွေးဖိုသို့ သွားရာ စစ် သားများ ရောက်ရှိနေပြီး အားလုံးကို ခြိမ်းခြောက် မောင်းထုတ်ခဲ့သည်။ သို့သော် ရိုဒီရှားး အာဏာပိုင် များက လေယဉ်ပျက်ကို ရှာဖွေတွေ့ရှိကြောင်း နေ့လည်သုံးနာတွင်မှ တရားဝင်ကြေငြာခဲ့သည်။

၎င်းက ဆက်လက်ပြောကြားရာတွင် “လူဖြူစစ်သားတစုက လူသေအလောင်းတခု ကို ရှေ့နှစ်ယောက် နောက်နှစ်ယောက် သယ်သွားတယ်။ ပြီးတော့ အဲဒီနေရာကို ဘယ်သူ့မှ နေခွင့်မပေးတော့ဘူး။” တချို့ပြောတာကတော့ လေ ယာဉ်ပျက်က တယောက်တော့ အသက်ရှင်နေသေးတာ တွေ့ခဲ့ရတယ်။ ဘီဝီသည် ထိုအကြောင်းနဲ့ ပတ်သက်၍ မည် သူ့ကိုမျှ ပြန်လည်ပြောပြခြင်း မရှိခဲ့ပေ။ “ကြည့်ရတာ အခြေအနေတွေ က အေးအေးဆေးဆေး ပုံမှန်မဟုတ်ဘူး။ အဲဒီ့ အနီးဝန်း ကျင်မှာရှိတဲ့ ကျုပ်တို့အားလုံး ခြိမ်းခြောက် မောင်းထုတ် ခံခဲ့ရတယ်။ ကြောက်တာနဲ့ ရဲစခန်းလည်း သွားသတင်းမပို့ရဲဘူး၊ သွားရင်တော့ အသေအခြာ အဖမ်းခံရမှာပဲ။”

မျက်မြင်သက်သေ နောက်တဦးမှာအသက်(၇၅)နှစ်ရှိ မစ္စတာချီပိုရာ (Custon Chipoya) ဖြစ်သည်။ ၎င်းမှာလည်း မီးသွေး ဖုတ်သမား တဦးပင်ဖြစ်သည်။ ၎င်းကလဲ ပထမလေယဉ်ကြီးကို ဒုတိယလေယဉ်ပျံက ပစ်ချခဲ့ကြောင်း သက်သေခံ ပြောကြားခဲ့သည်။ “ဂျိုးဂျိုး ဂျိမ်းဂျိုမ်းအသံနဲ့ လေယာဉ်ပျံတစီးကို တွေ့လိုက်တယ်။ လေယာဉ်ထဲက မီးရောင်တွေကို တောင်ရှင်းရှင်းကြီးတွေ့နေရတော့ ဆင်းဖို့လုပ်နေတာလို့ ကျနော်ကထင်ခဲ့တယ်။ ဒါပေမယ့် လေယာဉ်ပျံက နောက်တ ခေါက်ထပ်ပြီးတော့ ဝဲလာပြန်တော့ ကျနော်တို့အားလုံးက အလေးထား ကြည့်လိုက် မိတယ်။ တတိယခေါက်ဝဲလာပြီး လေဆိပ်ဆီကို ဦးတည်ပျံနေတဲ့အချိန် လေယာဉ်ပျံလေးတစီး ရုတ်တရက် ပေါ်လာပြီး လေယဉ်ကြီးနောက်ကို လိုက် သွားတယ်။ အဲဒီလေယာဉ်ပျံက ဂျက်လေယာဉ်ဖြစ်ဖို့များတယ်။ လေယာဉ်ကြီးနောက်ကို ရောက်တာနဲ့ မီးရှူးမီးပန်းလို ဟာတွေ ပစ်ပြီး ဆန့်ကျင်ဘက် အရပ်ကို မောင်းသွားတယ်။” “အဲဒီနောက် ရှေ့ကလေယာဉ်ပျံကြီး မီးစလောင်တယ်။ နောက်တော့ ပေါက်ကွဲသွားတယ်။ အစအနတွေက ကျနော်တို့ဘက်ကိုတောင် လွင့်လာပြီး သစ်ပင်က သစ်ကိုင်းတွေ တောင် ပြတ်ကျကုန်တယ်။ ကျနော်တို့လည်း စစ်ဖြစ်နေတာလို့ ထင်ပြီး ထွက်ပြေးခဲ့ကြတယ်။” မနက် ၆ နာရီတွင် ထိုနေ ရာသို့ ရောက်စဉ်၌ ရဲနှင့် စစ်တပ်မှ ထိုနေရာအား ဝိုင်းဝန်းပိတ်ဆို့နေသည်ကို တွေ့ခဲ့ရကြောင်းလည်း ပြောဆိုခဲ့သည်။

ထိုစဉ်က မြောက်ရိုဒီရှားကိုလိုနီအစိုးရမှ အဖြစ်အပျက် စုံစမ်းစစ်ဆေးရေးကော်မရှင်တခုကို ဖွဲ့စည်းခဲ့သည်။ သို့သော် ထိုကော်မရှင်သည် အထက်ပါမျက်မြင်သက်သေများအား မေးမြန်းစုံစမ်းခြင်း မပြုလုပ်ခဲ့သကဲ့သို့ တွေ့ရှိချက်များအား စုံစမ်းရေးကော်မရှင်သို့ သတင်းပို့ကြရန် အများပြည်သူတို့အား ကြေငြာဖိတ်ခေါ်ခြင်းလည်း မပြုလုပ်ခဲ့ပေ။ ထို့အပြင် အများပြည်သူတို့အကြား လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍ ပြောဆိုမှုများအား သွယ်ဝိုက်သောနည်းများဖြင့် ပိတ်ပင် ခဲ့သည်။ အဖြစ်အပျက်နှင့် ပတ်သက်သည့် မျက်မြင်သက်သေတချို့ပင် ဖမ်းဆီးထောင်ချခံခဲ့ရကြောင်း မျက်မြင်သက် သေတဦးဖြစ်သည့် အသက် (၇၅) နှစ်ရှိ ဂျွန်ဂွန်ဂို (John Ngongo)က ပြောကြားခဲ့သည်။ အဆိုပါ ဒီစီ-၆ လေယာဉ်၌ စီးနင်းလိုက်ပါလာသော အတွင်းရေးမှူးချုပ် ဒက်ဟမ္မာရှိုးအပါအဝင် ၁၅ ဦးရှိသည့်အနက် တဦးသာ အသက်ရှင် ကျန် ခဲ့သည်။ ၎င်းမှာ အတွင်းရေးမှူးချုပ်၏ လုံခြုံရေးဝန်ထမ်း အမေရိကန်တပ်ကြပ်ကြီး ဟာရိုးဂျူလီယံ (Harold Julian) ဖြစ်သည်။ တရားဝင် မှတ်တမ်းများအရ ၎င်းမှာလည်း ရရှိသည့် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ရသည်။ သို့သော် ၎င်းအား ကုသခဲ့ရသည့် ဒေါက်တာမာ့ခ်လော်ရင်သယ် (Mark Lowenthal) ကမူ ၎င်းရရှိသည့် ဒဏ်ရာများမှာ ကယ်တင်ကုသ နိုင်သည့် အခြေအနေဖြစ်သည်ဟု ဆိုသည်။ ဒေါက်တာမာ့ခ်က “ဒီလောက် ရှည်လျားလှတဲ့ ကျွန်တော့်ရဲ့ ဆရာဝန် သက်တမ်းမှာ စံတင်လောက်တဲ့ အံ့မခန်း ကုသမှုဆိုင်ရာ ချွတ်ချော်ပျက်ကွက်မှု ဖြစ်ပါတယ်။ ဘယ်လိုမှ မမေ့နိုင်ပါဘူး။ အမေရိကန်တွေ သူတို့နိုင်ငံသားတယောက် ဒဏ်ရာရနေတာကို ဘာကြောင့် ကယ်ဆယ်ရေး အစီအမံတွေ မလုပ်သလဲ။ ကျောက်ကပ်ယိုယွင်းပျက်စီးပြီး သေမလို ဖြစ်နေတဲ့ သူ့နိုင်ငံသား တယောက်အတွက် ကယ်ဆင်ရေးလေယာဉ် လွှတ်မ ပေးခဲ့တာလဲဆိုတာ အဲဒီ့အချိန်ကတော့ ကျနော် မစဉ်းစားမိခဲ့ပါဘူး။” ဟု သုတေသီ ဗော့ဒါးထံ အီးမေးလ်ဖြင့် အကြောင်း ကြားခဲ့သည်။ ဆက်လက်ပြီး ၎င်း၏ အီးမေးလ်တွင် “ကျနော်ကတော့ နောက်ငါးရက်အကြာမှာ နိုဒါးမြို့က ထွက်ခဲ့ရတယ်။ တပ်ကြပ်ကြီး ဟာရိုးဂျူလီယံက မသေခင်မှာ ဝေဟင်မှာ လျှပ်ပျက်သလို မီးပန်းတွေကို တွေ့လိုက်ရပြီး ပေါက်ကွဲသံ တခုကိုပါ ကြားလိုက်ရကြောင်း ရဲတွေဆီမှာ ထွက်ဆိုသွားတယ်။” ဟု ဒေါက်တာမာ့ခ်က ဆိုသည်။ သုတေသီဗော့ဒါးက ၎င်း၏ သုတေသနစာတမ်းတွင် အတွင်းရေးမှူးချုပ် စီးနင်းလာသည့် လေယာဉ်သည် အဘယ့်ကြောင့် ဆင်းသက်ခွင့် မရဘဲ နိုဒါးလေဆိပ်တွင် အကြိမ်ကြိမ်ပျံဝဲနေရသနည်း။ လောလောလတ်လတ် အသစ်တပ်ဆင်ထားသည့် လေကြောင်း ထိန်း မျှော်စင်၏ အသံဖမ်း တိတ်ခွေမှတ်တမ်း၌ အဘယ်ကြောင့် လေယဉ်ပျက်ကျမှု အဖြစ်အပျက်ကို မှတ်တမ်းမတင် ခဲ့သနည်း။ အဖြစ်အပျက်နှင့် ပတ်သက်၍ အဘယ်ကြောင့် နောက် ၃၃ နာရီကြာမှ တမ်းတမ်းတင်ခဲ့သနည်းဆိုသည့် အ ချက်များကို မေးခွန်းထုတ်ထားသည်။

ထိုမှတ်တမ်းအရ ထိုစဉ်က ရိုဒီရှားနှင့် ညာဆာလန်းဆိုင်ရာ ဗြိတိသျှ မဟာမင်းကြီး ကုဘာ့သ်အယ်ပို့တ် (Cuthbert Alport) သည် အခင်းမဖြစ်ပွားမီညနေ၌ လေဆိပ်သို့ရောက်လာပြီး “အတွင်းရေးမှူးချုပ် ဒက်ဟမ္မားရှိုးဟာ (နိုဒါးလေ ဆိပ်တွင် ဆင်းသက်မည့်) စိတ်ကူးပြောင်းသွားပြီး တခြားတနေရာသို့ သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။ ထို့ကြောင့် လေဆိပ်မန်နေဂျာက တစုံတရာနှိုးဆော်ခြင်း မပြုခဲ့ခြင်းကြောင့် ဝန်ထမ်းများ ပြင်ဆင်မှုမလုပ်ဘဲ အိပ်ရာ ဝင်ခဲ့ကြကြောင်း မှတ်တမ်းတင်ရေးထားသည်။ ဗြိတိသျှတို့၏ မသင်္ကာဘွယ် ကြံစည်ဆောင်ရွက်မှုများသည် အခင်းမ ဖြစ်ပွားမီ ရက်များစွာကပင် ပြုလုပ်နေကြောင်း မှတ်တမ်းများတွင် တွေ့ရှိရသည်။

တရားဝင်အားဖြင့်ဗြိတိသျှတို့သည် ကတန်ဂါအရေးအခင်းတွင် ကုလသမဂ္ဂ၏ကြားဝင်ဆောင်ရွက်မှုကို ထောက်ခံခဲ့သော် လည်း နောက်ကွယ်၌မူ ခွဲထွက်ရေးသူပုန်များကို အားပေးထောက်ခံနေသည်။ စေ့စပ်ဆွေးနွေးပွဲများကို နှောက်ယှက်နေ သည်ဟု အတွင်းရေးမှူးချုပ်နှင့် ၎င်း၏လက်ထောက်များက ယုံကြည်ကြသည်။ အကြောင်းမှာ ကတန်ဂါရှိ သတ္ထုတွင်း များမှ ဗြိတိသျှတို့၏အကျိုးစီးပွားများနှင့် လူဖြူကိုလိုနီများအား ထောက်ခံ၍ ဖြစ်သည်။စက်တင်ဘာ(၁၃))ရက်နေ့ မနက်ပိုင်းတွင် ကတန်ဂါ ခွဲထွက်ရေး သူပုန်ခေါင်းဆောင် မွန်ဆီ ရွှန်ဘေ (Moise Tshombe) က ကုလသမဂ္ဂ၏ ကြား ဝင်ဆောင်ရွက်မှုကို လက်ခံလိုက်နာရန် အရိပ်အမြွက်ပြခဲ့သော်လည်း ကတန်ဂါဆိုင်ရာ ဗြိတိသျှကောင်စစ်ဝန် ဒင်ဇယ် ဒွန်းနစ်(Denzil Dunnett)နှင့်တွေ့ဆုံပြီးနောက် ညနေပိုင်းတွင် စိတ်ကူးပြောင်း၍ငြင်းဆန်သွားခဲ့သည်။

ဆိုဗီယက်၊ ပြင်သစ်နှင့် ကွန်ဂိုနှင့် ကတန်ဂါကိုလိုနီပိုင်ရှင်ဟောင်း ဘယ်လ်ဂျီယံတို့၏ ဖယ်ကြဉ်မှုကို ခံနေရသော မစ္စတာ ဒက်ဟမ္မာရှိုးသည် ကတန်ဂါသူပုန်များနှင့် ၎င်းတို့တွင် ပါဝင်နေသော ပြည်ပ ကြေးစားစစ်သားများအား တိုက်ခိုက်ရန် မော်သော်စစ်ဆင်ရေး (Operation Morthor) အားဆင်နွှဲရန် ၎င်း၏ဆုံးဖြတ်ချက်ကြောင့် ဗြိတိသျှနှင့်အမေရိကန်တို့ အားဒေါသအမျက် ထွက်စေခဲ့သည်။ ထိုစဉ်က အမေရိကန်သမ္မတကနေဒီသည် အတွင်းရေးမှူးချုပ်၏ဆုံးဖြတ်ချက်ကို အကြီးအကျယ်ဝမ်းနည်းကြောင်း မိမိလည်း ထို့အတူဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဒင်းရပ်စ် (Dean Rusk) က ဟမ္မားရှိုး၏ လက်ထောက်တဦးအား ပြောကြားခဲ့သည်။

မည်သူက လုပ်ကြံသည်ကို အတိအကျ မသိနိုင်သော်လည်း ခိုင်လုံသော အချက်များအရ အတွင်းရေးမှူးချုပ်မှာ လုပ်ကြံ ခံရခြင်း အသေအခြာပင်ဖြစ်သည်။ ထိုတွေ့ရှိချက်များအရ လုပ်ကြံမှု နောက်ကွယ်၌ အနောက်တိုင်း အင်အားကြီး နိုင် ငံများ ပါဝင်ပါတ်သက်နေကြောင်း သုတေသီဗောဒါးက နိဂုံးကောက်ချက်ချထားသည်။

ကွန်ဂိုနိုင်ငံ၏ ပေါကြွယ်ဝသည့် သယံဇာတများနှင့် ၎င်းအပေါ်မှ အနောက်နိုင်ငံများ၏ ကြီးမားသည့် အကျိုးစီးပွားများမှာ အာဖရိကန်လူမည်း လွတ်မြောက်ရေး လှုပ်ရှားမှုများကြောင့် အကြီးအကျယ် ခြိမ်းချောက်ခံနေရသည်။ လက်လွတ်ဆုံးရှူံး မည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။ သို့သော် လူဖြူများက ထိုအကျိုးစီးပွားကို အငန်းမရ ဖက်တွယ်ရန် အားထုတ် ကြိုးပမ်းမှုများက ဤလုပ်ကြံသတ်ဖြတ်မှု၏ အခြေခံအကြောင်းတရားပင် ဖြစ်သည်။

မစ္စတာဒက်ဟမ္မာရှိုးမှာ ကုလသမဂ္ဂ၏ ပဋိညဉ်စာတမ်းနှင့် နိုင်ငံတကာတရားဥပဒေစိုးမိုးရေးကို ယုံကြည်၍ အခိုင်အမာ ရပ်ခံသူတဦးဖြစ်သည်။ ၎င်း၏ ကြေးနန်းနှင့် ပုဂ္ဂိုလ်ရေးပေးစာများအရ မစ္စတာဟမ္မာရှိုးသည် အင်အားကြီးနိုင်ငံများ၏ ညစ်ကျယ်ကောက်ကျစ်သည့် စရိုက်များကို စက်ဆုတ်စိတ်ပျက်မိကြောင်း ရေးသားထားသည်ကိုတွေ့ရသည်။ ဤသု တေသနစာတမ်းအရ ဖော်ထုတ်တွေ့ရှိရသည့် အချက်များနှင့် ပတ်သက်၍ ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးဌာနမှ သမိုင်း ရေးရာ အရာရှိတဦးကမူ ဤစာတမ်းပါ စုံစမ်းတွေ့ရှိချက်များကို တစုံတရာ ဝေဘန်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။

(အင်အားကြီးနိုင်ငံများ၏ ညစ်ကျယ်ကျယ်စရိုက်နှင့် ကိုယ်ကျိုးစီးပွား ကာကွယ်ရန် ဘာမဆိုလုပ်တတ်သည့် အမူအ ကျင့်ကို သတိပြုနိုင်ရန်အတွက် အင်္ဂလန်ဂါးဒီယန်းသတင်းစာ (August 19, 2011 ) ၌ ပါရှိသော Julian Borger နှင့် Georgina Smith တို့၏ UNchief’s plane ‘was shot down’ ကိုဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်သည်။)

Myanmar Express

1 comments:

As same as Ga-Lone-U-Saw was under controlled by British Government assassinated General U Aung San. During that time in 1947 Myanmar was still Colony did not have a chance to investigate to charge British Government. Myanmar people knew that was dirty tricked and influanced by British but did not know exactly which British Official had a responsibility. British is the worst tricked on this planet. If some one know about assassination of General U Aung San influanced by British please post on Myanmar Express, we want to know that.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်