From : မြစ်မခ
၂၀၁၂ခုနှစ် အောက်တိုဘာလ ၂၀ရက်နေ့တွင် ဗဟန်းမြို့နယ် ချင်းတွင်းလမ်းရှိ နိုင်ငံတော်သမ္မအကြံပေးရုံး၌ ဒီမိုကရေစီမိတ်ဆွေပါတီ(၁၁)ခုနှင့် သမ္မတအကြံပေး၂ဦးတို့တွေ့ဆုံကာ နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးအတွက် လိုအပ်ချက်များကို မေးမြန်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်ဟု ဒေါက်တာနေဇင်လတ်က ဆိုသည်။
“နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးမှာ ပိုပြီးထိရောက်ဖို့ နိုင်ငံရေးပါတီတွေရဲ့ရှု့မြင်ချက်တွေ ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအဲ့ဒါတွေ ဆွေးနွေးဖြစ်တာပါ။ တိုင်းရင်းသားအရေးတွေလဲ ဆွေးနွေးဖြစ်တယ်။” ဟု နိုင်ငံတော်သမ္မတအကြံပေး ဒေါက်တာနေဇင်လတ်က ပြောသည်။
အဆိုပါ တွေ့ဆုံပွဲကို ဒီမိုကရေစီမိတ်ဆွေပါတီများဖြစ်ကြသော ချင်းတိုင်းရင်းသားများ တိုးတက်ရေးပါတီ ၊ ဖလုံစဝေါ ဒီမိုကရက်တစ်ပါတီ ၊ ပြည်ထောင်စုဒီမိုကရေစီပါတီ ၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီအပါအ၀င် ပါတီ(၁၁)ခုတို့မှ တက်ရောက်ခဲ့ကြသည်။
ဒီမိုကရေစီမိတ်ဆွေပါတီဝင်များမှလည်း နိုင်ငံတော်သမ္မတထံသို့ တင်ပြလိုသော အကြောင်းအရာများကို သမ္မတအကြံပေးပုဂ္ဂိုလ်နှစ်ဦးထံသို့ တစ်ဦးချင်းဆီ ဆွေးနွေးကာ တင်ပြခဲ့သည်ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ) မှတာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ကျွန်တော်တို့ပါတီကတင်ပြခဲ့တာက နိုင်ငံတော်သမ္မတပြောထားတဲ့ clean governance good government အဲ့နှစ်ချက်ဖြစ်အောင်လုပ်မယ်လို့ပြောထားတယ် နောက်တစ်ချက်ထည့်ရအုံးမယ်ဘာလဲဆိုတော့ နိုင်ငံတော်သမ္မတကသာ ပြောင်းလဲနေတာ အောက်ခြေစနစ်က မပြောင်းလဲသေးဘူး။ အောက်ခြေကိုလဲ သြဇာအာဏာသက်ရောက်ဖို့လိုသေးတယ်ဆိုတာကို ဆွေးနွေးခဲ့တယ်” ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ)က ဦးသုဝေက ပြောသည်။
ဒီမိုကရေစီမိတ်ဆွေပါတီအချို့မှလည်း ပြည်ထောင်စုစနစ်ဖြစ်ပေါ်ရေး ၊ ငြိမ်းချမ်းရေးရရှိရေး ၊ စီးပွားရေး ၊ ပညာရေးနှင့်ပတ်သက်သော ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု ၄င်းက ပြောသည်။
“ဒီမိုကရေစီမိတ်ဆွေပါတီတွေက ပြည်ထောင်စုစနစ်ဖြစ်ပေါ်ဖို့ကို သဘောတူထားတာရှိတယ်။ နောက်တစ်ခုက ၈ပြည်နယ်ဖွဲ့စည်းရေးကိုလိုလားတယ်ဆိုတာတွေအများကြီးပဲ ဒီနေ့တော်တော်ဆွေးနွေးဖြစ်တယ်” ဟု ဦးသုဝေက ပြောသည်။
နိုင်ငံတော်သမ္မတအကြံပေး ဦးကိုကိုလှိုင်နှင့် ဒေါက်တာနေဇင်လတ်တို့သည် ဒီမိုကရေစီမိတ်ဆွေပါတီ အဖွဲ့များနှင့် ဆွေးနွေးခဲ့သော အကြောင်းအရာများကို နိုင်ငံတော်သမ္မတထံသို့ လျင်မြန်စွာ ပြောပြမည်ဖြစ်ကာ သမ္မတ၏ ပြန်လည်တုန့်ပြန်ချက်ကိုလည်း ဒီမိုကရေစီမိတ်ဆွေပါတီများထံသို့ ပြန်လည်အကြောင်းကြားမည် ဖြစ်သည်ဟု ဒေါက်တာနေဇင်လတ်က ဆိုသည်။
ဒီမိုကရေစီမိတ်ဆွေပါတီနှင့် နိုင်ငံတော်သမ္မတအကြံပေးအဖွဲ့တို့ တွေ့ဆုံခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်