Subscribe to our RSS Feed

ကချင်ပြည်နယ်တွင် မြန်မာစစ်တပ်မှ အပစ်အခတ်ရပ်စဲရန် ကြေငြာထားသော်လည်း KIA အဖွဲ့မှ အပစ်အခတ်မရပ်နိုင်သေး

From :http://www.kachindailynews.com/2013/02/kia_4066.html



 
မြန်မာအစိုးရမှ ကချင်ပြည်နယ်အတွင်း တပ်များ အပစ်အခတ်ရပ်စဲရန်အတွက် ဇန်န၀ါရီလ (၁၈) ရက်နေ့တွင် ကြေငြာချက်တစ်ရပ်ထုတ်ပြန်ခဲ့ပြီး ဇန်န၀ါရီလ (၂၀) ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ကချင်ပြည်နယ်တွင် ရောက်ရှိနေသည့် မြန်မာအစိုးရတပ်များအနေနှင့် အပစ်အခတ်ရပ်စဲသွားမည်ဟု ကြေငြာ ထုတ်ပြန်ခဲ့သည်။ ထိုကဲ့သို့ အစိုးရနှင့်မြန်မာစစ်တပ်မှ အပစ်အခတ်ရပ်စဲရန် ကြေငြာချက်များ ထုတ်ပြန်ခဲ့သော်လည်း
KIA အနေဖြင့် ယနေ့အထိ ၎င်း၏တပ်များအား အပစ်အခတ်ရပ်စဲရန်အတွက် တရားဝင် ကြေငြာချက်မထုတ်ပြန်သေးကြောင်းသိရှိရသည်။(၄-၂-၂၀၁၃) ရက်နေ့တွင် ရွှေလီမြို့၌ မြန်မာအစိုးရ ကိုယ်စားလှယ် ဦးအောင်မင်း နှင့် KIA အဖွဲ့မှ ဒုဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် အစည်းအဝေးတွင် KIA အနေဖြင့် ဆွေးနွေးပွဲပြီးပါက ၎င်းလက်အောက်ခံ တပ်များအားအပစ်အခတ်ရပ်စဲရန် ကြေငြာချက်ထုတ်ပြန်သွားမည်ဟု ကတိပေး
ခဲ့သော်လည်း အချိန်တစ်ပတ်ကြာသည်အထိ အပစ်အခတ်ရပ်စဲရေး တရားဝင်အမိန့်မပေးသေး ကြောင်းသိရှိရသည်။

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ (၇) ရက်နေ့နံနက်တွင် လိုင်ဇာမြို့အနီးရှိKIA တပ်မဟာ (၅) ဌာနချုပ်တွင် ပြုလုပ်သည့် အစိုးရနှင့် ငြိမ်းချမ်းရေး ဆက်လက်တည်ဆောက်ရေးနှင့်ပက်သက်သော အစည်းအဝေးတစ်ခုတွင် ဗိုလ်ချုပ်ဂွမ်မော်က နိုင်ငံတော်သမ္မတသည် မြန်မာစစ်တပ်အား အပစ်ရပ်ရန်ညွှန်ကြားထားကြောင်း၊ လက်ရှိအခြေအနေအရ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ကြီးကြီးမားမား မရှိတော့ကြောင်း ၊ သို့သော် အခြေအနေကို စိတ်မချသေးကြောင်းနှင့် အစိုးရတပ်များ၏ အခြေအနေကိုစောင့်ကြည့်ပြီးမှသာ မိမိတို့ အဖွဲ့အနေဖြင့်လည်း တရားမ၀င်မသိမသာဖြင့် အပစ်အခတ်ရပ်သွားမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်ဟု ၎င်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် KIA အရာရှိကြီးတစ်ဦးမှ ပြောကြားပါသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ပထမအပစ်အခတ်ရပ်စဲရေးနှင့် တပ်များနေရာချထားရေးကို ဆောင်ရွက်ရ မည်ဖြစ်ပြီး ဒုတိယအဆင့်မှသာဒေသဖွံ့ဖြိုးရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရေးတို့ ဆောင်ရွက်

ရမည်ဟု တစ်ကမ္ဘာလုံးမှလက်ခံထားရာ KIA ဘက်မှ ပစ်ရင်းခတ်ရင်းနိုင်ငံရေးဆွေးနွေးမည်ဆိုသောအချက်အား မည်သို့မျှပင် နားလည်၍မရကြောင်း ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်ရှိ ပါမောက္ခတစ်ဦးဖြစ်သူဒေါက်တာ ကျော်မင်းသက်က ပြောကြားသွားသည်။ ၎င်းမှ အခုအခြေအနေအရ KIA ကလဲ အပစ်အခတ်ရပ်စဲ ချင်ပုံရပါတယ်။ အရင်လို US ကလဲ သူ့ဘက်မှာမရှိတော့ဘူး။ သူ့အနေအထားက တရုတ်ကသေဆိုသေ၊ ရှင်ဆိုရှင် ဆိုတဲ့အနေအထားဖြစ်နေတယ်။ စစ်ရေး၊ နိုင်ငံရေး၊ အရာရာ ဆုံးရှုံးနေပေမဲ့ သူတို့ရဲ့သိက္ခာ မကျ ဆင်းချင်တာနဲ့ မလိမ့်တစ်ပတ် လုပ်နေတာလို့ ယူဆရတယ်ဟု ပြောဆိုသွားသည်။

KIA အနေဖြင့် ငြိမ်းချမ်းရေးတည်ဆောက်မည်ဆိုပါက ပထမအဆင့် အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး အရင်ဆုံးလုပ်ရမည်ဟု KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖောမှ ဖေဖော်ဝါရီလ (၄) ရက်နေ့တွင် ရွှေလီမြို့၌ KIA

ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် အကြံပြုပြောကြားခဲ့ကြောင်း သိရသည်။

အစိုးရမှ တရားဝင်အပစ်အခတ်ရပ်စဲရေးအမိန့် ထုတ်ပြန်ခဲ့သော်လည်း လက်တွေ့မြေပြင်တွင်မူ အစိုးရ တပ်များ၏ သွားလာမှုများအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်းများ ပြုလုပ်နေဆဲဖြစ်သည်ဟု မြန်မာ

စစ်တပ်မှ အရာရှိကြီးတစ်ဦးက ပြောကြားသည်။ အစိုးရတပ်များအား အပစ်ရပ်ရန်အမိန့်ပေးထားသလို KIA အဖွဲ့အနေဖြင့်လည်း လက်အောက်ခံတပ်များအား အလားတူအမိန့်ပေးသင့်သည်ဟု သမ္မတက ပြောကြားခဲ့ ဖူးသည်။ ကုလသမဂ္ဂ၊ အမေရိကန်အပါအ၀င် အနောက်နိုင်ငံများက အစိုးရနှင့် KIA တို့အကြား အပစ်အခတ် ရပ်စဲရန် တိုက်တွန်းထားပြီး KIA အဖွဲ့အနေဖြင့် ယခုအချိန်အထိ လက်အောက်တပ်များအား အပစ်ရပ်ရန် အမိန့်ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်