From : သမ္မတရုံး
ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်များ
အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန် Myanmar Peace Center ကိုလည်း
ဖွဲ့စည်းတည်ထောင်ထားပြီး လိုအပ်သည့် နည်းပညာဆိုင်ရာ နှင့် ငွေကြေးဆိုင်ရာ
လိုအပ်ချက်များကို ထောက်ပံ့ကူညီပေးနေသည့် ဥရောပသမဂ္ဂကိုလည်း ကျေးဇူးတင်ရှိ
ပါကြောင်းကို ပြောကြားလို ပါကြောင်းဖြင့် ပြောကြား ခဲ့သည်။
နေပြည်တော် မတ် ၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်သည် မတ်(၅)ရက် ညနေပိုင်းတွင် ဘယ်လ်ဂျီယံနိုင်ငံ
ဘရပ်ဆဲလ်မြို့ရှိ ဥရောပပါလီမန်၌ ဥရောပပါလီမန် နိုင်ငံခြားရေးရာ
ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး
လုပ်ငန်းများဆောင်ရွက်နေမှုကို ရှင်းလင်းပြောကြားသည်။
ထိုသို့ပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့်
ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် အောင်မြင်ရန်နှင့် ငြိမ်းချမ်းရေး
ဖော်ဆောင်မှုလုပ်ငန်းများ အောင်မြင်ရန် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်
နေပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များ အောင်မြင် နိုင်ရေးအတွက် ကျယ်ပြန့်သည့်
ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်များ၊ အလုပ်အကိုင် အခွင့်အလမ်းသစ်များနှင့်
ဝင်ငွေ တိုးတက်မှုများကို ဆောင်ကြဉ်းနိုင်သည့် စီးပွားရေးစနစ်သစ်တစ်ခုကို
ပူးတွဲဖော်ဆောင်ရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအပေါ်
အရေးယူပိတ်ဆို့မှုများ ရှိနေသရွေ့ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်များအတွက်
အဟန့်အတားများ ဖြစ်စေမည် ဖြစ်သည့် အတွက် ဥရောပသမဂ္ဂ၏
အရေးယူပိတ်ဆို့မှုများကို အပြီးတိုင်ဖယ်ရှားပေးရန်နှင့် အခြားနိုင်ငံများ၏
ပိတ်ဆို့မှုများကို ဖယ်ရှားနိုင်ရေးအတွက်လည်း အကူအညီများပေးကြရန်
မေတ္တာရပ်ခံလိုပါကြောင်း။
အလုပ်သမားအခွင့်အရေး အထူးသဖြင့် အတင်းအဓမ္မခိုင်းစေမှု
ပပျောက်ရေးနှင့် ပတ်သက်၍ International Labour Organization’s Tripartite
Systemကို အခြေခံပြီး အလုပ်သမားများ အတွက် ပိုမိုကောင်းမွန်သော
အလုပ်ခွင်ဝန်းကျင်ကို ဖန်တီးပေးနိုင်မည့် အစီအမံများကို သက်ဆိုင်ရာ
Stakeholder များနှင့် ပူးပေါင်း အကောင်အထည် ဖော်နိုင်ရန် အတွက်လည်း
ကြိုးစားနေပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အသင်းအဖွဲ့များ
လွတ်လပ်စွာဖွဲ့စည်းခွင့်နှင့်အညီ အလုပ်သမား၊ လယ်သမား အဖွဲ့အစည်းများ
လွတ်လပ်စွာ ဖွဲ့စည်းနိုင်ရေး အတွက်လည်း မိမိတို့အစိုးရက ဦးဆောင် ကြိုးပမ်း
နေပါကြောင်း။
မြန်မာနိုင်ငံနှင့် ဥရောပနိုင်ငံများအကြား
ကုန်သွယ်မှုဆိုင်ရာ ဖြေလျှော့မှုများနှင့် Generalized System of Preferences
(GSP)အား ဥရောပသမဂ္ဂအနေဖြင့် ပြန်လည် အတည်ပြုပေးခြင်းဖြင့်
ဥရောပနိုင်ငံများတွင် မြန်မာ့ထုတ်ကုန်များ၏ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းကို
မြှင့်တင်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ မြန်မာ့ပို့ကုန်ဈေးကွက်
ပြန်လည် ရှင်သန်လာသည်နှင့်အမျှ ဆင်းရဲမှုလျှော့ချရေးကို ပိုမိုထိရောက်စွာ
လုပ်ဆောင်နိုင်မှာဖြစ်ပြီး လုပ်အားအထူးပြုစက်မှု လုပ်ငန်းများနှင့်
ဆက်စပ်လုပ်ငန်းများတွင် လုပ်ကိုင် ကြသည့် ထောင်ပေါင်း များစွာသော
နိုင်ငံသားများနှင့် ၎င်းတို့၏မိသားစုများ၏ လူနေမှုအဆင့်အတန်းကိုလည်း
မြှင့်တင်နိုင်မည်ဖြစ်ပါကြောင်း၊ စီးပွားရေး တိုးတက် ကောင်းမွန်အောင်
လုပ်ဆောင်နိုင်ခြင်းအားဖြင့် ပြုပြင်ပြောင်းလဲရေး
လုပ်ငန်းများရှေ့ဆက်နိုင်ရေးအတွက် လိုအပ်သည့် နိုင်ငံရေးတည်ငြိမ်မှုကိုလည်း
သေချာစေမည် ဖြစ်ပါကြောင်း။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေသည်
မြန်မာနိုင်ငံ၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့်ဥပဒေဆိုင်ရာ
ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာမူဘောင်၏ တစ်စိတ်တစ်ဒေသဖြစ်ပြီး
မြန်မာနိုင်ငံတွင် ဦးစားပေးရင်းနှီးမြှုပ်နှံမှု
လုပ်ဆောင်နိုင်မည့်ကဏ္ဍများကို သတ်မှတ် ဖော်ဆောင် ပေးသွားမည်ဖြစ်ပါကြောင်း၊
စီးပွားရေးဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းနိုင်ရန် လွတ်လပ်သော
ကြားဝင်စေ့စပ်ဖြန်ဖြေပေးနိုင်သည့် စနစ်တစ်ခုကိုလည်း မြန်မာနိုင်ငံတွင်
နိုင်ငံတကာစံချိန်၊ စံနှုန်းများနှင့်အညီ ပေါ်ပေါက်လာရေးအတွက်လည်း
စတင်ဆောင်ရွက်နေပါကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို တစ်ပြိုင်တည်း
လုပ်ဆောင်နိုင်ရန် ETTI တွင် ပါဝင်ရေးအတွက်လည်း အစိုးရအဖွဲ့ဝင် ဝန်ကြီးများ
ပါဝင်သည့် ကော်မတီများဖွဲ့စည်းပြီး စတင်လုပ်ဆောင်နေပြီ ဖြစ်ပါကြောင်း။
၁၉၄၈ခုနှစ် လွတ်လပ်ရေးရရှိပြီး
ကတည်းကပေါ်ပေါက်ခဲ့ရသည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခမီးကို အဆုံးသတ်ပြီး
ရေရှည်တည်တံ့၍ တရားမျှတမှုရှိသည့် ငြိမ်းချမ်းရေး ရရှိရန်အတွက်
နိုင်ငံရေးဆွေးနွေးပွဲများက တစ်ဆင့် အားလုံးသဘောတူ လက်ခံမည့် ရလဒ်တစ်ခု
ထွက်ပေါ်လာသည်အထိ မဆုတ်မနစ်ကြိုးပမ်းသွားမည် ဖြစ်ပါကြောင်း၊ အပစ်အခတ်
ရပ်စဲရေးများမှ တစ်ဆင့် ရေရှည် တည်တံ့မည့်ငြိမ်းချမ်းရေးကို
တည်ဆောက်နိုင်ရန် အတွက် လိုအပ်သည့် နိုင်ငံရေးဆွေးနွေး အဖြေရှာမှုများ၊
ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်နိုင်ရန် သက်ဆိုင်သည့်
အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ ပါဝင်နိုင်သည့် ဖြစ်စဉ်တစ်ခုဖြစ်အောင်
မူဘောင်များ ချမှတ်ရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်း များကို
ဆောင်ရွက်လျက်ရှိပါကြောင်း။
ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ လက်ရှိရရှိထားသည့်
အောင်မြင်မှုများမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ
ခေါင်းဆောင်များ၏ စိတ်ရင်းစေတနာ၊ လွန်ခဲ့သည့် တစ်နှစ်ကျော်
ကာလအတွင်းရရှိခဲ့သည့် ယုံကြည်မှု တည်ဆောက်နိုင်ခြင်း ဆိုသည့်
ခိုင်မာမှုများနှင့်မိမိတို့အစိုးရ၊ လွှတ်တော်များ၊ နိုင်ငံရေးအင်အားစုများ၊
စီးပွားရေး၊ လူမှုရေးအင်အားစုများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းအမျိုးမျိုး၊
တပ်မတော်နှင့် ပြည်သူလူထုတစ်ရပ်လုံး၏ ပြင်းပြသည့်ဆန္ဒများ
ပေါင်းစပ်ပြီးငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်စည်းလုံးညီညွတ်မှု
တည်ဆောက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့်
ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့်ပင် ဖြစ်ပါကြောင်း၊ ကာလရှည်ကြာ သဘောထား
ကွဲလွဲမှုများကြောင့် နာကျည်းမှုများ၊ စိတ်ဒဏ် အနာတရဖြစ်မှုများကို
ချေဖျက်ပြီး ကွဲပြားမှုများ ရှိသော်လည်း ခွဲခြားမှုမရှိသည့် အားလုံးပါဝင်သော
လူ့အဖွဲ့အစည်းသစ် တစ်ရပ်ကို တည်ဆောက်သွားကြရမည် ဖြစ်ပါကြောင်း။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်