နော်ဝေးနိုင်ငံရှိ အမေရိကန် သံရုံးအား ဗုံးဖြင့် တိုက်ခိုက်မည်ဆိုသော ခြိမ်းခြောက်မှု တစ်ခုကြောင့် အရေးပေါ် ရွှေ့ပြောင်းမှု ပြုလုပ်ခဲ့ရကြောင်း သိရှိရသည်။ အော်စလိုမြို့တော် အလယ်တွင် တည်ရှိသော သံရုံးနှင့် အနီးတဝိုက်မှ လူအများအပြားကို အင်္ဂါနေ့က အရေးပေါ် ရွှေ့ပြောင်းခဲ့ရခြင်း ဖြစ်သည်။ သံရုံးဝင်းအတွင်းမှ ထွက်ခွာသွားသည့် မော်တော်ယာဉ် တစ်စင်း၏ အောက်တွင် ဖောက်ခွဲရေး ကိရိယာဟု ယူဆရသော ပစ္စည်းတစ်ခုကို တွေ့ရှိပြီးနောက် ရဲများက ယခုလို အရေးပေါ် ဆောင်ရွက်ခဲ့ရခြင်း ဖြစ်သည်။
သို့သော်လည်း အဆိုပါ ပစ္စည်းသည် ဗုံးအတု တစ်ခုသာ ဖြစ်နေကြောင်း နောက်ပိုင်းတွင် ဖော်ထုတ် တွေ့ရှိခဲ့သည်။ လုံခြုံရေး အစောင့်များက ယင်းမသင်္ကာဖွယ် ပစ္စည်းကို တွေ့ရှိခဲ့သည့်နောက် အနီးရှိ တော်ဝင်နန်းတော်မှ လူများကိုပါ ပြောင်းရွှေ့ခဲ့ရသည်။ ထို့အပြင် မြေအောက် ရထားစနစ်ကိုလည်း အဆိုပါ ဧရိယာ တစ်ဝိုက်တွင် ဆိုင်းငံ့ထားလိုက်ပြီး နိုင်ငံတကာ ကလေးများ ဘောလုံးပွဲ တစ်ခုကိုလည်း ပယ်ဖျက်ခဲ့ရသည်။ ထိုပွဲကို အနီးရှိ ဗော့ဆလော့ကာ အားကစားကွင်းတွင် ကျင်းပရန် ရည်ရွယ်ထားခဲ့သည်။
ဗုံးခြိမ်းခြောက်မှု အခြေအနေနှင့် ကြုံတွေ့ရကြောင်း သတင်းရရှိသည်နှင့် နာရီအပိုင်းအခြား တစ်ခုအတွင်း အနီးပတ်ဝန်းကျင် အိမ်များမှ လူအများအပြားကို ရဲများက ရွှေ့ပြောင်းစေခဲ့သည်။ ထို့နောက်တွင်မူ ရဲများက "အော်စလို ရဲတပ်ဖွဲ့ဟာ မသင်္ကာစရာ ပစ္စည်းကို ဖယ်ရှားနိုင်ခဲ့ပါတယ်။ ဒါဟာ ဗုံးအယောင်ဆောင် လှည့်ဖျားမှု တစ်ခုသာ ဖြစ်ပါတယ်"ဟု ကြေညာသွားသည်။ အခင်းဖြစ်ပွားစဉ်က နော်ဝေးဘုရင်သည် နန်းတော်တွင် ရှိမနေသော်လည်း နန်းတော်သို့ လာရောက် လည်ပတ်သူများကိုမူ ဖယ်ရှားရှင်းလင်းခဲ့ရခြင်း ဖြစ်သည်။ ယခုကိစ္စနှင့် ပတ်သက်ပြီး အမေရိကန် သံရုံးကမူ မည်သည့်မှတ်ချက်မျှ မပေးခဲ့ဟုလည်း သိရှိရသည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်