From :မော်ဒန်
လွှတ်တော်မှာ မေးခွန်းမေးမြန်း ဖြေကြားခြင်း အပါအဝင် ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေကို ဥပဒေအတိုင်းသာ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက သည်ကနေ့ ကျင်းပတဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ပထမနေ့မှာ ပြောကြားပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်းက မေးခွန်းများ မေးမြန်းတဲ့အခါမှာ မျှတမှုရှိအောင် စီစဉ်ဆောင်ရွက်ပေးနိုင်ဖို့ မည်သို့မည်ပုံ ဆောင်ရွက်ပေးနေသည်နဲ့ အချို့သော လွှတ်တော် ကိုယ်စားလှယ်များက မေးခွန်းရှစ်ကြိမ်အထိ မေးမြန်းခွင့် အဘယ်ကြောင့် ရရှိကြောင်း သိလိုတယ်ဆိုပြီး တင်ပြသွားတာပါ။ လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ မေးတဲ့မေးခွန်းနဲ့ တင်သွင်းတဲ့အဆိုတွေကို အစိုးရအဖွဲ့ရဲ့ မေတ္တာရပ်ခံချက် အရ အစိုးရအဖွဲ့ကို အရင်ပေးလို့ ရတယ်လို့ သိရတယ်။ အစိုးရအဖွဲ့ကမှ သက်ဆိုင်ရာဌာနများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများကို ပေးပို့ပြီး ပြန်လည်ဖြေကြားဖို့ အဆင်သင့်ဖြစ်မှ အဆင်သင့်ဖြစ်ကြောင်း ပြန်လည်ပေးပို့ပါတယ်။ အဲသည်အခါကျမှ သက်ဆိုင်ရာ ဝန်ကြီးဌာန တာဝန်ရှိသူက လွှတ်တော်ကို လာရောက်ဖြေကြားနိုင်မယ့်နေ့မှာ အဲသည့်မေးခွန်းကို စီစဉ်ထည့်သွင်းတာလို့ သိရပါတယ်။ သူရဦးရွှေမန်းက “မေးခွန်းတွေကို အစိုးရအဖွဲ့က သက်ဆိုင်ရာများကို ပေးပို့ပြီး အဆင်သင့်ဖြစ်ကြောင်း၊ ပြောကြားနိုင်ပြီဖြစ်ကြောင်း၊ လွှတ်တော်များသို့ ပေးပို့တယ်။ ဒီမှာတင် မိမိတို့ သတ်မှတ်ထားတဲ့ လွှတ်တော်ဥပဒေ၊ နည်းဥပဒေများအရ ကိုက်ညီမှု မရှိပါဘူး။ ဒါကြောင့် နောင်ဆောင်ရွက်တဲ့နေရာမှာ ကျွန်တော်တို့ ပြဋ္ဌာန်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲဥပဒေ၊ လွှတ်တော်ဆိုင်ရာ ဥပဒေများအတိုင်းပဲ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း လွှတ်တော်ကို ထပ်လောင်း တင်ပြလိုပါတယ်” ဟု ပြောပြခဲ့ကြောင်း သိရှိရသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်