Subscribe to our RSS Feed

စာပေစိစစ်ရေး ဖျက်သိမ်းပြီ


စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနအား ဇန်နဝါရီ ၂၄ ရက်မှ စတင်ဖျက်သိမ်းလိုက်ပြီဖြစ်ပြီး ယင်းအစား မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲအဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ကြောင်း ယင်းဌာန၏ ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင်က ပြောသည်။

ယခုဖျက်သိမ်းလိုက်သော ဌာနသည် ယခင်က ထုတ်ဝေမည့် စာပေများအား ကြိုတင် စိစစ်ခြင်း လုပ်ငန်းများအား ၂ဝ၁၂ သြဂုတ်လ ၂ဝ ရက်အထိ လုပ်ဆောင်ခဲ့ပြီးနောက် ယင်းနေ့မှစ၍ ဌာန၏ လုပ်ဆောင်ချက်များ လုံးဝရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။

" အခု စာပေစိစစ်နဲ့ မှတ်ပုံတင်ဌာနခွဲကို လုံးဝဖျက်သိမ်းလိုက်ပြီး မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ အသစ်ကို စပြီး ဖွဲ့စည်းလိုက်ပါတယ်။ ဒီဌာနခွဲရဲ့ လုပ်ငန်းစဉ်တွေကိုတော့ အခုမှ စဖွဲ့တဲ့အတွက် အသေးစိတ် မပြောနိုင်သေးပါဘူး" ဟု ဦးမျိုးမြင့်အောင်က ပြောသည်။

ထုတ်ဝေမည့်စာပေများကို ဆယ်စုနှစ်လေးခုကြာ စိစစ်ဖြတ်တောက်ခဲ့သော စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနကို ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်တွင် ပြုလုပ် သည့် ပြည်ထောင်စု အစိုးရ အဖွဲ့အစည်း၏ ခွင့်ပြုချက်အရ အပြီးတိုင် ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ယနေ့ထုတ်နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

အသစ်ဖွဲ့စည်းလိုက်သော မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲတွင် စာပေအနုပညာဆိုင်ရာ မူပိုင်ခွင့် မှတ်ပုံတင်ပြုလုပ်ခြင်း၊ ပုံနှိပ်လုပ်ငန်းနှင့်ထုတ်ဝေခွင့်မှတ်ပုံတင် လုပ်ငန်းများကို ပြုလုပ် မည်ဖြစ်
ကြောင်း ယနေ့ ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြပါရှိသည်။

အခု ဖွဲ့စည်းလိုက်သည့် မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်အောက်တွင် ဖွဲ့စည်းသွားမည်ဖြစ်ပြီး အဆိုပါ ဌာနအောက်သို့ ပြောင်းရွှေ့ဖွဲ့စည်း ရခြင်းမှာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ရှိ ပြန်ဆက် ဦးစီးဌာနရုံးများဖြင့် လျင်မြန်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း သတင်းရရှိသည်။


 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်