Subscribe to our RSS Feed

လဂျားယန် တပ်စခန်းအား ကယ်တင်ခြင်း အပိုင်း (၁) + (၂)

From : မြဝတီ

လဂျားယန် တပ်စခန်းအား ကယ်တင်ခြင်း အပိုင်း(၁)
မြို့တော် မြစ်ကြီးနားနှင့် တောင်ဘက်ရှိ ဗန်းမော်မြို့ကို ဆက်သွယ်ထားသော အရှည် ၁၁၄ မိုင်ရှိ ပြည်ထောင်စု လမ်းမကြီးသည် ကချင်ပြည်နယ်၏ အသက် သွေးကြောသဖွယ် အရေးပါ လှပါသည်။ ဒေသနေ ပြည်သူ အများစုမှာ ဤလမ်းမကြီးကို အမှီသဟဲပြု နေ့ညဖြတ်သန်း သွားလာနိုင်ပြီး မြစ်ကြီးနားမှ ဗန်းမော်မြို့ထိ ခရီးသည် ၆ နာရီ ခရီးသာ ကွာဝေးပါသည်။ ယင်းခရီး တစ်ဝက်ခန့်တွင် လဂျားယန်ရွာ ရှိပြီး လဂျားယန်သည် လိုင်ဇာမြို့၏ ဝင်ထွက် ပေါက် လည်း ဖြစ်ပါသည်။
ကချင် ပြည်နယ်သည် ၁၉၉၄ ခုနှစ်၊ KIAတို့ ငြိမ်းချမ်းရေး ယူစဉ် ကတည်းက တည်ငြိမ် အေးချမ်း နေခဲ့ပြီး ဖြစ်ပါသည်။ ၂၀၁၁ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် တာပိန် ရေအား လျှပ်စစ် စီမံကိန်း လုံခြုံရေး တာဝန် ထမ်းဆောင်နေသော တပ်မတော် အရာရှိ နှစ်ဦးအား KIA တို့မှ ဖမ်းဆီးထိန်းသိမ်း ခဲ့သဖြင့် ၄င်းကိစ္စအပေါ် အေးချမ်းစွာ ဖြေရှင်းရန် သွားရောက်ခဲ့သည့် အခြေချ စစ်ဗျူဟာမှူး ဦးစီး စစ်ကြောင်းကို ဆန်ခါစခန်း၊ ထုံးဘို စခန်းများရှိ KIA တို့မှ စောင့်ကြို ပစ်ခတ်ခဲ့ရာမှ တပ်မတော်နှင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွါး ခဲ့ပါသည်။
လဂျားယန် တပ်စခန်းသည် ပြည်ထောင်စု လမ်းမကြီး လုံခြုံရေးနှင့် နယ်မြေ အေးချမ်းရေး အတွက် အရေးပါသော တပ်စခန်း ဖြစ်ပါသည်။ ယင်းစခန်းသည် ၁၉၉၄ ခုနှစ်၊ KIA တို့နှင့် ငြိမ်းချမ်းရေး မယူစဉ် ကတည်းက မိမိ တပ်မတော်မှ အခြေချခဲ့ပြီး နယ်မြေ လုံခြုံရေး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ ငြိမ်းချမ်းရေး ဆောင်ရွက် ထားမှုကို အခွင့်ကောင်းယူကာ KIA တို့က လဂျားယန် စခန်း အနီးသို့ တိုးချဲ့လှုပ်ရှား အခြေပြု လာကြသဖြင့် ပုံတွင် ဖေါ်ပြထားသည့် အတိုင်း တပ်မတော် စခန်းငယ် တစ်ခုအား KIA အင်အား အများအပြားဖြင့် ဝိုင်းပတ် ပိတ်ဆို့ထားသည့် အခြေအနေသို့ ရောက်ရှိ ခဲ့ရပါသည်။
လဂျားယန်တွင် တာဝန် ထမ်းဆောင်ရသည့် စစ်သည် များအတွက် ရိက္ခာ ပို့ဆောင်သည့် လုပ်ငန်းသည် စစ်ဆင် တိုက်ခိုက်ရန် လှုပ်ရှား ဆောင်ရွက်သည့် ကိစ္စမျိုး မဟုတ်ဘဲ သာမန် လုပ်ရိုးလုပ်စဉ် အုပ်ချုပ်မှု ကိစ္စသာ ဖြစ်ပါသည်။ ယင်းသို့ လုပ်ဆောင်သည့် အချိန်တိုင်း တပ်မတော် အနေဖြင့် အသိပေးရန် မလိုသော်လည်း KIA အဖွဲ့ထံ စာဖြင့် ကြိုတင် အသိပေး အကြောင်းကြား ပြီးမှသာ ဆောင်ရွက် ခဲ့ပါသည်။ သို့သော် ရိက္ခာ ပို့ဆောင်စဉ်တိုင်း KIA တို့မှ အင်အား စုစည်း၍ နေရာအနှံ့ အပြားမှ စောင့်ကြို တိုက်ခိုက် ခဲ့ပါသည်။ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် လဂျားယန် လုံခြုံရေး တပ်စခန်းသို့ ရိက္ခာ ပို့ဆောင်မည့် အကြောင်းကို ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့မှ တစ်ဆင့် KIA အဖွဲ့ထံ တရားဝင်စာဖြင့် အကြောင်းကြား ခဲ့ပါသည်။ KIA တို့က စောင့်ကြိုတိုက်ခိုက် ခဲ့ပြန်ပါသည်။ ရိက္ခာ ပို့ဆောင် ခဲ့သည့် အကြိမ်တိုင်း KIA တို့၏ စောင့်ကြို တိုက်ခိုက်မှု ကြောင့် စုစုပေါင်း တပ်မတော်သား ၃၅ ဦး ကျဆုံးကာ ၁၉၀ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါသည်။

လဂျားယန် စခန်းရှိ စစ်သည်များ အနေဖြင့် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ရိက္ခာကုန်မည် ဖြစ်သော်လည်း ကျန်ရှိသည့် ရိက္ခာ အနည်းငယ်အား ရိက္ခာ လာရောက်ပို့ဆောင် သူများ မရောက်မှီ အချိန်အတွင်း နေ့စဉ် ချွေတာ စားသုံး နေခဲ့ရပါသည်။ ဤသို့ စားသုံးနေရသည့် ရက်များ ရှည်ကြာ လာခဲ့သည့် အတွက် ရိက္ခာလက်ကျန် မရှိတော့သည့် အခြေ အနေသို့ ဆိုက်ရောက် ခဲ့ရပြီး အချိန်မီ ရိက္ခာ မပို့ဆောင် နိုင်ပါက အစာရေစာ ပြတ်လပ်၍ သေဆုံးခြင်း၊ သို့မဟုတ် KIA မှ ဖမ်းဆီးမှု ခံရခြင်း၊ သို့မဟုတ် နှစ်မျိုးစလုံး ဖြစ်နိုင်ဖွယ် ရှိပါသည်။ ယင်းအခြေ အနေတွင် KIAတို့က လဂျားယန် စခန်းအား အပြင်မှ သံဆူးကြိုး ကာရံ၍ အဆက်အသွယ် ဖြတ်တောက် ပိတ်ဆို့ ထားခဲ့ပါသည်။
လဂျားယန် တပ်စခန်းမှ စစ်သည်များ၏ ရိက္ခာ ပြတ်လတ်မှုနှင့် လုံခြုံရေး အန္တရာယ်များ တွေ့ကြုံ နေရသည့် အခြေအနေ တို့မှ ကယ်တင်နိုင်ရန် တပ်မတော် အနေဖြင့် လမ်းကြောင်း ရှင်းလင်းသည့် တိုက်ခိုက်မှု တစ်ခုကို ရည်မှန်းချက် ကန့်သတ်ချက်၊ နယ်မြေ ကန့်သတ်ချက်နှင့် အင်အား ကန့်သတ်ချက်တို့ ထားရှိပြီး မလွှဲမရှောင်သာ ဆောင်ရွက်ခဲ့ ရပါသည်။
ယင်းတိုက်ခိုက် မှုတွင် KIA တို့မှ ယခင် ထင်မှတ်ထားသည်ထက် အင်အားများပြား လွန်းနေ ခြင်း၊ နေရာအများ အပြားတို့မှ အခိုင်အမာ ခံစစ်ဆင် ပိတ်ဆို့ထားခြင်း၊ မြေမြှုပ်မိုင်းများ၊ ချိန်ကိုက် မိုင်းများ၊ ဆွဲမိုင်းများ အများအပြား အသုံးပြု တိုက်ခိုက်ခြင်း၊ တပ်မတော် စစ်ကြောင်းများ ချီတက်ရာ လမ်းဝဲယာ တောင်ကုန်းများ ပေါ်မှ ပြင်းထန်စွာ ပိတ်ဆို့ ခုခံခြင်း များကြောင့် တပ်မတော် အနေဖြင့် လဂျားယန် စခန်းသို့ ရိက္ခာ အချိန်မီ ရောက်ရှိရေး အလို့ငှာ အရပ်သားပစ် မှတ်များကို မထိခိုက်စေဘဲ အကန့်အသတ်ဖြင့် ပစ်ကူရယူ တိုက်ခိုက် ဆောင်ရွက် ခဲ့ရပါသည်။
နိုင်ငံတော် အစိုးရနှင့် တပ်မတော် တို့သည် ငြိမ်းချမ်းရေးကို အမှန်ပင် လိုလားကြောင်း ထပ်ခါ တလဲလဲ ပြောကြား ခဲ့ပြီး ဖြစ်ပါသည်။ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် နိုင်ငံတော် သမ္မတက ထိုးစစ်ဆင် တိုက်ခိုက်မှုများ မပြုလုပ်ရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပြီး တပ်မတော် အနေဖြင့် တိကျစွာ လိုက်နာလျက် ရှိပါသည်။ KIA အဖွဲ့ နှင့်လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များကို အလွတ်သဘော ၄ ကြိမ်၊ ပြည်နယ် အဆင့် ၃ ကြိမ်၊ ပြည်ထောင်စု အဆင့် ၄ ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်ပါသည်။





လဂျားယန် တပ်စခန်းအား ကယ်တင်ခြင်း အပိုင်း(၂)  

သို့သော် KIA အဖွဲ့အနေဖြင့် ၂၀၁၁ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ မှ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၁၅ ရက်နေ့ထိ တပ်မတော် စစ်ကြောင်းများ သာမက စစ်ရေးအရ မဟုတ်သည့် လမ်းတံတား များအား ဖောက်ခွဲ ဖျက်ဆီးခြင်း ၁၉၈ ကြိမ်၊ အရပ်သား များအား မိုင်းဖြင့် တိုက်ခိုက်ခြင်း ၆၆ ကြိမ်၊ လုယက် ဖျက်ဆီးခြင်း ၉၈ ကြိမ်၊ လူသစ်များ အဓမ္မ ဖမ်းဆီးခြင်း ၃၅ ကြိမ် ပြုလုပ်ခဲ့ပါသည်။

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့ ရွှေလီမြို့တွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေး ပွဲတွင် နှစ်ဘက် ကြိုတင် ညှိနှိုင်းချက်အရ တပ်ပိုင်းဆိုင်ရာ ကိစ္စများ ဆွေးနွေးရန် တပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီး တစ်ဦး ကိုပင်လျှင် အဖွဲ့ဝင် အဖြစ် စေလွှတ် ပေးခဲ့ပါသည်။ KIA ဘက်မှ အရေးပါသည့် ခေါင်းဆောင်ပိုင်း တက်ရောက်မှု မရှိခဲ့ခြင်းကြောင့် ထိရောက်သည့် ဆွေးနွေးမှုများ မပြုလုပ် နိုင်ခဲ့ခြင်းမှာ ယခုကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားလာရခြင်း၏ အခြေခံ အကြောင်း တစ်ချက်ဖြစ်ပါသည်။

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၃၀ရက်နေ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အထ မမြောက်ခဲ့ သော်လည်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီမှ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ၁ ကြိမ်၊ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ၁ ကြိမ် KIO အဖွဲ့ထံသို့ တရားဝင် ကမ်းလှမ်းမှုများ ဆက်လက် ပြုလုပ်ခဲ့ပါသည်။
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် သတင်း ထုတ်ပြန်ရေး အဖွဲ့ ၏ သတင်း ထုတ်ပြန် ချက် (၃/ ၂၀၁၃)ကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော်လည်း ၎င်းနေ့တွင်ပင် တရားဥပဒေ စိုးမိုးရေး ဆောင် ရွက်နေသော ကာမိုင်း ပြည်သူ့ ရဲစခန်းအား ၀င်ရောက် တိုက်ခိုက်ခြင်း ၊ ဗန်းမော် -လွယ်ဂျယ်လမ်းရှိ အရပ်သား ကားများ မိုင်းခွဲ တိုက်ခိုက် ခြင်း၊ ဖားကန့် ဒေသရှိ ကျောက်မျက် ကုမ္ပဏီများအား ၀င်ရောက် မီးရှို့ ဖျက်ဆီးခြင်း စုစုပေါင်း ၁၁ ကြိမ် အကြမ်းဖက် တိုက်ခိုက်ခဲ့ပါသည်။

အချုပ်အားဖြင့် တပ်မတော် အနေဖြင့် တိုင်းရင်းသား များအား တိုက်ခိုက်ခြင်း မဟုတ်ဘဲ လမ်းပန်း ဆက်သွယ်မှု လုံခြုံချောမွေ့ စေရေးနှင့် ပြည်သူ လူထု၏ အသက်အိုးအိမ် စည်းစိမ်အား နှောင့်ယှက် ဖျက်ဆီးလျက် ရှိသော မည်သည့် လက်နက်ကိုင် အကြမ်းဖက် အဖွဲ့အစည်းကို မဆို တပ်မတော်၏ တာဝန်အရ ကာကွယ် တိုက်ခိုက်ရခြင်း ဖြစ်ပါကြောင်း ဖော်ပြအပ် ပါသည်။

 www.MyanmarExpress.net
 

1 comments:

အမေရိကန်လို အကြမ်းဖက်သမားတွေနဲ့မဆွေးနွေးသင်ဘူးအပြက်သာဆော်ရမှာ တံတားတွေမိုင်းခွဲလဲမင်းတို့ဒေသ မင်းတို့လူမျိုး တွေပဲဒုက္ခရောက်ကြ ငတ်ကြမှာပဲဒို့ကတော့အေးဆေးပဲ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်