Subscribe to our RSS Feed

ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း ပြောင်းရွှေ့ရေးကိစ္စ မြို့တော်ဝန်၏ ကတိစကားအတိုင်း ဖြစ်စေရမည်ဟု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ကတိပြု


။


မြန်မာနိုင်ငံ၏ သက်တမ်းအရှည်ကြာဆုံးနှင့် အကြီးဆုံး ကားဈေးကွက်ကြီးဖြစ်သည့် ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း ပြောင်းရွှေ့ရေးကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့တော်ဝန်၏ ကတိစကား အတိုင်းဖြစ်စေရမည်ဟု “သမ္မတရုံးဝန်ကြီးဌာန” ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။

ဖေဖော်ဝါရီ ၂၃ ရက်တွင် Myanmar Peace Center ၌ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းမှ အဖွဲ့အစည်းများနှင့် တွေ့ဆုံချိန်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
“သက်ဆိုင်ရာကို ကျွန်တော် မေးပါမယ်၊ ရန်ကုန်မြို့တော်စည်ပင်ကိုလည်း မေးမယ်၊ ဦးမြင့်ဆွေကိုလည်း ကျွန်တော်မေးမယ်၊ ဒီဟာက ရန်ကုန်တိုင်းရဲ့အစီအစဉ် ဖြစ်တယ်၊ ပြည်ထောင်စုအစိုးရရဲ့ အစီအစဉ်မဟုတ်ဘူး၊ ပြည်သူတွေ အားလုံးရဲ့ အကြောင်းအရာကို ကျွန်တော်တို့ရဲ့ အကြောင်းအရာလို့ပဲ ခံယူထားတယ်၊ ဒါကြောင့် ခဏလေးအချိန်ပေးပါ၊ ကျွန်တော်တို့ မေးကြည့်ပါ့မယ်၊ အရင်တုန်းက ကတိက၀တ် ပြုထားသလို ဖြစ်အောင် ကျွန်တော်တို့ လုပ်ပေးပါမယ်”ဟု ပြည်ထောင်စုဝန်ကြီး က ဆိုသည်။
Myanmar Peace Centre တွင် ပြည်ထောင်စုဝန်ကြီးများဖြစ်သော ဦးစိုးသိန်း၊ ဦးအောင်မင်းနှင့် ဦးခင်ရီတို့မှ အလုပ်သမား အဖွဲ့အစည်းများနှင့် တွေ့ဆုံချိန်တွင် ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း ပြောင်းရွှေ့ရေးကိစ္စကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။


ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း ပြောင်းရွှေ့ရန်အတွက် ဖေဖော်ဝါရီ ၁၆ ရက်တွင် စာရွက်များ လိုက်လံဝေငှခဲ့ပြီး ၂၀ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ပေးရန် မြို့တော်စည်ပင်က ကြေညာခဲ့ကြောင်း၊ ယင်းအနေအထားတွင် ပွင့်လင်းမြင်သာမှု မရှိသော လုပ်ဆောင်ချက်များကြောင့် ဆန္ဒဖော်ထုတ်မှုများ ဖြစ်ပေါ်စေခဲ့ကြောင်း “မြန်မာနိုင်ငံ မော်တော်ယာဉ်ရောင်းဝယ်ရေး ဗဟိုအဖွဲ့ချုပ် (ရန်ကုန်)”မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းအတွင်း လုပ်ကိုင်နေသူများအနေဖြင့် တိကျသေချာသော မြေနေရာနှင့် ခိုင်မာသေချာသော ကတိက၀တ်များ မရရှိပါက ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ဖယ်ရှားပေးမည်မဟုတ်ဘဲ သပိတ်စခန်းဖွင့်၍ ဆက်လက်တိုက်ပွဲဝင်သွား မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။


“မြို့ပြအဆင့်မြင့် စီမံကိန်းတွေကို ကျွန်တော်တို့ ကြိုဆိုပါ တယ်၊ ကျွန်တော်တို့လည်း ဒီပုံစံ အတိုင်းနဲ့ တစ်သက်လုံး နေသွားမှာ မဟုတ်ပါဘူး၊ သားစဉ်မြေးဆက် လုပ်ကိုင်စားသောက်နိုင်တဲ့ နေရာ တစ်နေရာကို လိုချင်တာပါ၊ ဒီဝင်းထဲမှာဆောက်မယ့် အဆောက်အအုံက နိုင်ငံအတွက် တကယ်အကျိုးရှိမယ့်ဟာ (ဥပမာ-ဆေးရုံ၊ ကျောင်း) ဆိုရင် ချက်ချင်း ဖယ်ပေးမှာပါ၊ ကုမ္ပဏီတစ်ခုအတွက် အကျိုးရှိမယ့်ဟာ ဆိုရင်တော့ ကျွန် တော်တို့ ဖယ်မပေးနိုင်ပါဘူး၊ ဖယ်မပေးနိုင်ဘူးဆိုတာ ကျွန်တော်တို့က ညစ်ပြီး ဖယ်မပေးတာမဟုတ်ပါဘူး၊ ကျွန်တော်တို့ ပြည်သူတွေနဲ့ ညှိနှိုင်းတိုင်ပင်စေချင်တယ်၊ တစ်ကြိမ် မရရင် နှစ်ကြိမ်၊ သုံးကြိမ်လောက် ဆိုရင် ဖြစ်နိုင်ပါတယ်၊ ကုမ္ပဏီဘက်လည်း မထိခိုက်အောင် ကျွန်တော်တို့ စဉ်းစားမှာပါ၊ နှစ်ဖက်စလုံးကိုတော့ ရာနှုန်းပြည့် လိုချင်တာ မရနိုင်မှန်း ကျွန်တော်တို့ သိပါတယ်”ဟု ၎င်းက ဆိုသည်။

. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်