Subscribe to our RSS Feed

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ဩစတြေးလျဓနသဟာယနိုင်ငံ ဘုရင်ခံချုပ် ဂုဏ်ပြုကြိုဆို

From : ..သမ္မတရုံး


နေပြည်တော် မတ် ၁၈
ဩစတြေးလျ ဓနသဟာယနိုင်ငံ ကင်ဘာရာမြို့တော်၌ ရောက်ရှိနေသော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အားဩစတြေးလျဓနသဟာယ နိုင်ငံ ဘုရင်ခံချုပ် မစ္စကွင်တင် ဘရိုက်စ် အေစီစီ ဗီအိုက မတ် ၁၈ ရက် နံနက်ပိုင်းတွင် ကင်ဘာရာမြို့တော်ရှိ အစိုးရအိမ်တော်၌ ဂုဏ်ပြု ကြိုဆိုသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားသို့ ရောက်ရှိလာရာ သြစတြေးလျ ဓနသဟာယနိုင်ငံ ဘုရင်ခံချုပ် မစ္စကွင်တင် ဘရိုက်စ် အေစီစီဗီအိုက ရင်းနှီးခင်မင်စွာ ကြိုဆိုသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးသည်။

ထိုနောက် နိုင်ငံတော်သမ္မတနှင့် ဩစတြေးလျ ဓနသဟာယနိုင်ငံ ဘုရင်ခံချုပ်တို့သည် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများအား အပြန်အလှန် မိတ်ဆက်ပေးပြီးနောက် ဂုဏ်ပြု တပ်ဖွဲ့၏ အလေး ပြုခြင်းကို ခံယူကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် သြစတြေးလျဓနသဟာယနိုင်ငံ ဘုရင်ခံချုပ်တို့သည် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြပြီးနောက် နိုင်ငံတော်သမ္မတသည် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် သြစတြေးလျဓနသဟာယနိုင်ငံ ဘုရင်ခံချုပ်တို့သည် အစိုးရအိမ်တော် သီးသန့် ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးကြသည်။

ဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးတင်နိုင်သိန်း၊ ဦးအုန်းမြင့်၊ ဦးခင်ရီ၊ ဒေါက်တာမြအေး၊ ဒေါက်တာမြင့်အောင်၊ ဒေါက်တာ ကံဇော်၊ ဒေါက်တာ ကိုကိုဦးနှင့် ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး သြစတြေးလျ ဓနသဟာယနိုင်ငံ ဘုရင်ခံချုပ်နှင့် အတူ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။

တွေ့ဆုံရာ၌ အမျိုးသမီးအခွင့်အရေး၊ ကလေးငယ်များ ကူညီစောင့်ရှောက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးတို့ကို အမြင်ချင်း ဖလှယ်ခဲ့ကြသည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား သြစတြေးလျ ဓနသဟာယနိုင်ငံ ဘုရင်ခံချုပ်က အစိုးရအိမ်တော်၌ ဂုဏ်ပြု နေ့လယ်စာ စားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်