Subscribe to our RSS Feed

သမ္မတ ဦးသိန်းစိန်အား နယူးဇီလန်က လှိုက်လှိုက်လှဲလှဲ ကြိုဆို

From :mizzima

နယူးဇီလန် ဘုရင်ခံချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး Sir Jerry Mateparae က မြန်မာသမ္မတ ဦးသိန်းစိန် အား လက်ခံကြိုဆိုခဲ့ရာတွင် နယူးဇီလန် ရေတပ်နှင့် အခြား နယူးဇီလန် ကာကွယ်ရေး အမှုထမ်းများက သေနတ် ၂၁ ချက် ပစ်ဖောက်ကာ ဂုဏ်ပြုခဲ့ကြသည်။

သမ္မတ ဦးသိန်းစိန်အား နယူးဇီလန်မှ “မာအိုရီ” လူမျိုးစုတို့၏ ရိုးရာအက ဖြစ်သည့် “ဟားက” ဖြင့်လည်း ဖျော်ဖြေခဲ့ပြီး ထိုအကမှာ နယူးဇီလန် ရဂ်ဘီ အသင်းကြောင့် ကမ္ဘာတွင် ကျော်ကြားလာသည့် အက ဖြစ်သည်။

နယူးဇီလန် အစိုးရ အိမ်တော်တွင် နှစ်နိုင်ငံ ခေါင်းဆောင်များ ဆွေးနွေးခဲ့ကြပြီးနောက် မြန်မာ သမ္မတ ဦးသိန်းစိန်နှင့် နယူးဇီလန် ဘုရင်ခံချုပ်တို့သည် အစိုးရ အိမ်တော်တွင် ကြာသပတေးနေ့ည၌ နိုင်ငံတော် ညစာစားပွဲတွင် မိန့်ခွန်းပြောကြားလိမ့်မည်ဟု ရေဒီယို နယူးဇီလန်က ကြေညာခဲ့သည်။

သမ္မတ ဦးသိန်းစိန် အနေဖြင့် အော့ကလန် တက္ကသိုလ်တွင် ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးဦးမည် ဖြစ်ကာ Fonterra နို့ထွက်ပစ္စည်း ကုမ္ပဏီ၊ နို့စားနွား မွေးမြူရေး ခြံတခုသို့လည်း ၎င်း၏ လေးရက်တာ ခရီးစဉ်အတွင်း သွားရောက်လည်ပတ်မည်ဟု သိရသည်။

လွန်ခဲ့သည့်နှစ် နိုဝင်ဘာလ အတွင်းက နယူးဇီလန် ဝန်ကြီးချုပ် ဂျွန်ကီး မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့ပြီး သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် မြန်မာအစိုးရ အဖွဲ့၏ စီးပွါးရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကိုလည်း ချီးကျူးခဲ့ကာ ဦးသိန်းစိန်ကိုလည်း နယူးဇီလန်သို့ လာရောက် လည်ပတ်ပါရန် ဖိတ်ကြားခဲ့သည်။

ဂျွန်ကီးမှာ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည့် ပထမဆုံး နယူးဇီလန် ဝန်ကြီးချုပ် ဖြစ်သည်။  


  www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်