From : သမ္မတရုံး
www.MyanmarExpress.net
နေပြည်တော် မတ် ၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် မတ်(၅)ရက် ဒေသစံတော်ချိန် နံနက် (၁ဝ) နာရီ
(၄၅) မိနစ်တွင် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ ဥရောပကောင်စီရုံးသို့
သွားရောက်၍ ဥရောပကောင်စီ ဥက္ကဋ္ဌ Mr. Herman Van Rompuy နှင့်တွေ့ဆုံသည်။
တွေ့ဆုံရာ၌ မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့်
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကိစ္စရပ် များ၊ နိုင်ငံရေး၊ စီးပွားရေး
ပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှုအခြေအနေ၊
မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂတို့အကြား ပညာရေး၊ ကျန်းမာရေး၊ ခရီးသွားလာရေး
လုပ်ငန်းနှင့် ယဉ်ကျေးမှု ဖလှယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊
လူ့အခွင့်အရေး မြှင့်တင်ရေး၊ ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားရေးတို့နှင့်
ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့်
ဥရောပကောင်စီဥက္ကဋ္ဌတို့သည် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ကျင်းပ၍
တွေ့ဆုံဆွေးနွေးခဲ့မှုကို မီဒီယာများအား ရှင်းလင်းပြောကြားကြသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတနှင့်
အဖွဲ့ဝင်များအား ဥရောပကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် နိုင်ငံခြားဆက်ဆံရေးနှင့်
လုံခြုံရေးမူဝါဒဆိုင်ရာအကြီးအကဲ Ms. Catherine Ashton က
ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။
နိုင်ငံတော်သမ္မတသည် မွန်းလွဲ(၂)နာရီခွဲတွင် ဥရောပပါလီမန်သို့သွားရောက်၍ ဥရောပ ပါလီမန်ဥက္ကဋ္ဌ Mr. Martin Schulz နှင့် တွေ့ဆုံသည်။
တွေ့ဆုံရာ၌ မြန်မာနိုင်ငံတွင် နိုင်ငံရေးတည်ငြိမ်မှု
ရရှိစေရန်အတွက် လုပ်ဆောင်နေမှု အခြေအနေများ၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု
အခြေအနေနှင့် ဥရောပသမဂ္ဂ၏ ဒဏ်ခတ် ပိတ်ဆို့မှုများကို ရုပ်သိမ်းရန်လိုအပ်သည့်
အခြေအနေများ၊ မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်၍ ဥရောပပါလီမန် အမတ်များ၏
အားပေးထောက်ခံမှုနှင့် စိုးရိမ်ပူပန်မှုများ၊ ပြည်ထောင်စု လွှတ်တော်နှင့်
ဥရောပပါလီမန်တို့အကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို
ရင်းနှီးခင်မင်စွာဆွေးနွေးခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်
ဥရောပပါလီမန်ဥက္ကဋ္ဌတို့သည် သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး
တွေ့ဆုံဆွေးနွေးခဲ့မှုကို မီဒီယာများအား ရှင်းလင်းပြောကြားကြသည်။
ဆက်လက်၍ ဥရောပပါလီမန်၏ အီးယူ-မြန်မာချစ်ကြည်ရေးအဖွဲ့
(EU- Myanmar Friendship Group) ကို ဦးဆောင်ဖွဲ့စည်းသူ လွှတ်တော်အမတ် Mr.
Nirj Deva နှင့်အဖွဲ့ဝင် များအား တွေ့ဆုံနှုတ်ဆက်ခဲ့သည်။
နိုင်ငံတော်သမ္မတသည် ညနေ (၆) နာရီ (၁၅) မိနစ်တွင်
ဘယ်လ်ဂျီယံနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီး H.E.
Mr. Didier Reynders အား ခေတ္တတည်းခိုသည့် Sheraton ဟိုတယ်၌
လက်ခံတွေ့ဆုံခဲ့ပြီး ညပိုင်းတွင် ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ
မြန်မာနိုင်ငံ သံအမတ်ကြီးနေအိမ်၌ သံရုံးမိသားစုများအား တွေ့ဆုံနှုတ်ဆက်ကာ
အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန် ဥရောပသမဂ္ဂသို့
ရောက်ရှိစဉ် မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂတို့ အကြား Crisis Response
ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက် တစ်ရပ်ကို မတ်(၅)ရက်
မွန်းလွဲပိုင်းတွင် ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ
သံအမတ်ကြီး ဦးပေါ်လွင်စိန်နှင့် ဥရောပသမဂ္ဂ ပြည်ပဆက်ဆံရေးဌာနမှ
မန်နေဂျင်းဒါရိုက်တာ Mr. Agostino Miozzo တို့က လက်မှတ် ရေးထိုးခဲ့ကြသည်။
www.MyanmarExpress.net
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်