From : http://www.mgkyautkhae.blogspot.com/2013/03/blog-post_11.html
.
www.MyanmarExpress.net
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို လွှတ်တော်သို့
တင်သွင်းခဲ့တာနဲ့ ပတ်သက်လို့လည်း အတော်လေးကို လှုပ်လှုပ်ခတ်ခတ် ဖြစ်နေတာကို
တွေ့ရပါတယ်။ ကျွန်တော်နားမလည်နိုင်တာက သူများနိုင်ငံတွေမှာ ဥပဒေတွေကို
ဘယ်လိုများ ပြဋ္ဌာန်းရေးဆွဲနေကြသလဲ ဆိုတဲ့အချက် ဖြစ်ပါတယ်။
ကျွန်တော်အများကြီး လေ့လာဖို့ လိုဦးမယ် ထင်ပါရဲ့ဗျာ။ ကျွန်တော်က
အခြားနိုင်ငံတွေမှာလည်း ဥပဒေဆိုတာ လွှတ်တော်က ရေးဆွဲပြဋ္ဌာန်းတာလို့
ထင်ထားတာဗျ။ အခုတော့ ကျွန်တော့်အထင်တွေကို ပြောင်းရတော့မယ်ထင်တယ်။
ရင်းနှီးမြှုပ်နှံမှုနဲ့ဆိုင်တဲ့ ဥပဒေဆိုရင် စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက
ရေးဆွဲမယ်၊ ကလေးသူငယ်ဆိုင်ရာ ဥပဒေဆိုရင် မိခင်နှင့်ကလေး
စောင့်ရှောက်ရေးအသင်းတို့၊ မိခင်များအဖွဲ့ချုပ်တို့၊ အမျိုးသမီးရေးရာတို့က
ရေးဆွဲမယ်၊ ဆေးလိပ်နဲ့ ဆေးရွက်ကြီးဥပဒေဆိုရင် ဆေးလိပ်မသောက်တဲ့လူတွေ၊
ဒါမှမဟုတ် ဆေးလိပ်သောက်တဲ့လူတွေက ရေးဆွဲမယ်၊ သယ်ယူပို့ဆောင်ရေး ဥပဒေဆိုရင်
ယာဉ်ပိုင်ရှင်တွေ၊ ယာဉ်မောင်းတွေ၊ စပယ်ယာတွေက ရေးဆွဲမယ်၊
အလုပ်သမားဥပဒေဆိုရင် စက်ရုံအလုပ်ရုံအသီးသီးက အလုပ်သမားတွေက ရေးဆွဲရမယ်၊
စသည်ဖြင့်ပေါ့ဗျာ။ အဲဒီလိုများ ဖြစ်မလားမသိဘူးဗျာ။
သိတဲ့လူတွေများရှိရင် ကျွန်တော့်ကို ပြောပြကြပါဦး၊ ဖတ်ရမယ့်စာအုပ်တွေ
ညွှန်ကြပါဦး။ လွှတ်တော်က ကော်မတီတွေဖွဲ့ထားတာ ဘာလုပ်ဖို့လဲ၊
လွှတ်တော်ကိုယ်စားလှယ်တွေ ရွေးချယ်ထားတာ ဘာလုပ်ဖို့လဲ။ တောက်... ပြောရင်းနဲ့
စိတ်တိုလာတယ်။ သိပ်တော့ မဟုတ်သေးပါဘူးဗျာ... ဘယ်နှယ့်ဗျာ ရေးဆွဲထားတဲ့
ဥပဒေကဖြင့် လွှတ်တော်မှာတောင် မဆွေးနွေးရသေးဘူး၊ အတည်မပြုရသေးဘူး၊ အပြင်မှာ
ဖြစ်နေလိုက်ကြတာ တကယ့်ကို အမဲသားတုံးကို ကျီးကန်းအုံနေသလိုပါပဲ။
မြန်မာပြည်မှာက ကလောင်တစ်ချောင်းကိုင်ထားရင်၊ ဂျာနယ်တစ်စောင်လောက်
ထုတ်ဝေနေရင်၊ သတင်းထောက်ဆိုတဲ့ ကတ်လေးတစ်ခုများ ရှိထားရင်
သူတို့ကိုယ်သူတို့ မသိတာမရှိ၊ မတတ်တာမရှိ၊ နားမလည်တာမရှိ၊ အားလုံးသိတဲ့
အနှိုင်းမဲ့ကြီးတွေလို့ ထင်နေကြတော့တာကိုး။ အလဲဗင်းဆိုတဲ့ မီဒီယာ
နည်းနည်းမဟုတ်တော့ဘူး အတော်ကြီးတော့ လွန်လာပြီလို့ ထင်တာပဲ။
ဆူးလှည်းဖြစ်မှန်းမသိ ဖြစ်လာနေတာကို မြင်နေရတယ်။ ဒီပုံအတိုင်းဆို
အနာဂတ်အလားအလာ သိပ်မကောင်းနိုင်ဘူး။ ခက်တာက သူတို့က သူတို့ကိုယ်သူတို့
နံပါတ်ဝမ်းလို့ အတင်းခံယူထားပေမယ့် မီဒီယာလောကအတွင်းမှာကျတော့ သူ့ကို
ဘယ်သူကမှ အဖက်မလုပ်တာ အတော်ဆိုးတယ်။ သူကလည်း သူကလွဲရင် အခြားမီဒီယာတွေဟာ
တတ်လို့လုပ်တာမဟုတ်၊ ငတ်လို့လုပ်တာဆိုတဲ့အပေါက်မျိုး သိပ်ပြောတတ်၊
ရေးတတ်တာကိုး။ အခုလည်းကြည့်ဦး ဘာတဲ့... သူတို့ရုံးမှာ လွှတ်တော်ကို
တင်သွင်းခဲ့တဲ့ ပုံနှိပ်ထုတ်ဝေရေးဥပဒေကို ကန့်ကွက်တဲ့အကြောင်း
ဗီနိုင်းချိန်ဆွဲထားသတဲ့။ အေးလေ... သူ့ဆန္ဒကိုယ်သူ လွတ်လပ်စွာ ဖော်ထုတ်ခွင့်
ရှိတာပဲ... လုပ်ပေစေပေါ့။
ဒါပေမယ့် သူတို့ဗီနိုင်းချိတ်ထားတာကို ဘယ်သူကမှလည်း ဂရုမစိုက်၊
ဘယ်သူကမှလည်း အလေးထားပြီး သတင်းမရေးတော့ သူတို့ထုတ်တဲ့ ဂျာနယ်မှာ
သူတို့ဘာသာသူတို့ သတင်းပြန်ရေးတယ်၊ မကောင်းဘူးလား။ ထားပါ.. သူများမရေးလို့
သူတို့ဘာသာ ရေးတာပဲ။ အဲဒါကို သတင်းလို့ သတ်မှတ်လို့ ရေးတယ်လို့ပဲ
ထားလိုက်ပါတော့။ ဒါက အစိုးရ၀န်ကြီးဌာနတစ်ခုကို တရားဝင် ကန့်ကွက်တာနော်။
လူမြင်သူမြင် ဗီနိုင်းချိတ်တယ်၊ ထပ်ပြီးတော့ ကျယ်ပြန့်စေချင်တဲ့အတွက်
သူတို့ဂျာနယ်မှာ သတင်းထည့်ရေးတယ်၊ အဲ.... ဘာမဟုတ်တဲ့ အွန်လိုင်းပေါ်က
သူတို့စာမျက်နှာမှာကတော့ အလဲဗင်းကို မကောင်းကြောင်းများပြောရင်
အဲဒီကွန်းမန့်ကို ဖျက်ပစ်ရတာနဲ့၊ ရေးတဲ့လူကို ဘန်းရတာနဲ့၊ အတော်လည်း
ဟုတ်တဲ့လူတွေဗျာ။ ငါကသာ သူများကို လက်ညှိုးထိုးမယ်၊ ငါ့ကိုတော့
မျက်လုံးနဲ့တောင် စိုက်မကြည့်နဲ့ဆိုတဲ့ မီဒီယာလို့ပဲ ကျွန်တော်က
သတ်မှတ်လိုက်ပါတယ်ဗျာ။ (တချို့တွေ ပြောကြသလို အလဲဗင်းဟာ နေ့စဉ်သတင်းစာ
ထုတ်ဝေခွင့် ရတဲ့အထဲမှာ မပါသေးတဲ့အတွက် အရှိုက်ထိပြီး အခုလို လုပ်မိလုပ်ရာ
လျှောက်လုပ်တာ ဟုတ်၊ မဟုတ် ဆိုတာကတော့ ကျွန်တော်ကိုဉာဏ် သေချာမသိတဲ့အတွက်
ဒီနေရာမှာ ဘာမျှမပြောလိုပါဘူး) ကဲ... ကဲ.... သိပ်လည်း သည်းမနေကြပါနဲ့
မီဒီယာတို့ရယ်...။
![]() |
| ဒေါ်စု၏ အခါတော်ပေး Eleven media ရဲ့ အကြံပေး ခွန်ဒီးယမ်/မေဇင်အေး/ဒီမိုဖက်တီး အမည်ရ The Lady ဂျာနယ်ပိုင်ရှင် |
ဥပဒေကြမ်းက အခုမှ ပြည်သူ့လွှတ်တော်ကို တင်ထားတုန်း ရှိပါသေးတယ်၊
လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးကြဦးမှာပါ၊ သက်ဆိုင်တဲ့
ရေးရာကော်မတီကလည်း သက်ဆိုင်ရာနယ်ပယ်က ကျွမ်းကျင်ပညာရှင်တွေ၊
အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတိုင်ပင်တာတွေ၊ အကြံဉာဏ်ယူတာတွေ လုပ်ကြဦးမှာပါ။
ဥပဒေဆိုတဲ့ စကားကိုကြားတိုင်း တီကို ဆားနဲ့တို့သလို ဖြစ်နေတာကတော့ သိပ်ပြီး
မနိပ်လှဘူး ထင်ပါတယ်ဗျာ။ ကိုယ်တိုင်ဥပဒေပြဋ္ဌာန်းချင်ရင် စာနယ်ဇင်းပါတီဖွဲ့၊
ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲသာ ၀င်ထိုင်ကြပါတော့လို့ ကျွန်တော်က
အကြံပြုချင်ပါတယ်။ နောက်တစ်ခု ကျွန်တော်ကိုဉာဏ် ကတိပေးချင်တာက လွှတ်တော်တွေက
ပြဋ္ဌာန်းတဲ့ ဥပဒေတွေဟာ မဖြစ်သင့်လောက်အောင် ဖိနှိပ်ထားတာ၊ နှိပ်ကွပ်ထားတာ၊
ချုပ်ချယ်ထားတာ၊ ကန့်သတ်ထားတာတွေ ပါနေတယ်ဆိုရင် ကျွန်တော်ကလည်း
တတ်နိုင်တဲ့ဘက်က ခင်ဗျားတို့နဲ့အတူ လွှတ်တော်ကို ဝေဖန်မယ်ဆိုတာပါပဲ။ အခုဟာက
ဥပဒေကြမ်းပဲ ရှိပါသေးတယ်ဗျာ။ အရက်ပုလင်းကိုမြင်ရုံနဲ့ မူးသွားတယ်ဆိုရင်တော့
သေချာတယ်... အဲဒီပုလင်းကြောင့် မဟုတ်ဘူး၊ ခင်ဗျားတို့ဘာသာ ပုလင်းကို
မမြင်ခင်ကတည်းက သောက်ထားခဲ့ကြလို့ပါ။ စေ့စေ့တွေးရင် ရေးရေးပေါ်ပါတယ်ဗျာ။











0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်