Subscribe to our RSS Feed

ဆီးဂိမ်း အထိမ်းအမှတ် Theme Song ပြိုင်ပွဲအတွက် ဖိတ်ခေါ် လျက်ရှိ

From : .mrtv4


၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမယ့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲမှာ အထိမ်းအမှတ် သင်္ကေတ ဖြစ်တဲ့
Theme Song အတွက် ပြိုင်ပွဲဝင်များ ဖိတ်ခေါ်လျက် ရှိတယ်လို့ သိရပါတယ်။ Sea Game မှာ ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားများ အတွက် အသုံးပြုဖို့နဲ့ ပြိုင်ပွဲ မတိုင်မီ လှုံ့ဆော်ရေး သီချင်းများ အဖြစ် အသုံးပြုဖို့ Theme Song အမျိုးအစား တေးသီချင်းများ ဖိတ်ခေါ်တာ ဖြစ်ပါတယ်။

သတ်မှတ်ချက်တွေ အနေနဲ့ ကတော့ Theme Song အမျိုးအစား သီချင်းရေးစပ်ရာမှာ ပရိသတ် ပါးစပ်ဖျားမှာ ရေပန်းစား နိုင်တဲ့ မြူးကြွသံစဉ် စာသား ပါရမှာ ဖြစ်ပြီး အားကစား ပွဲတော် တစ်ခုလုံးကို ခြုံငုံကာ မြန်မာ့အလှနဲ့ ပေါင်းစပ် ရေးသားတဲ့ စာကြောင်းရေ ၅ ကြောင်းထက် မပိုရဘူးလို့ သိရပါတယ်။ ဒါ့အပြင် သီချင်းရေးစပ်သူတွေ အနေနဲ့ သီချင်းစာသား များဟာ ကိုယ်တိုင် ဖန်တီး ရေးစပ်ထားကြောင်း ကိုလည်း ၀န်ခံကတိပြုချက် ပါဝင်ရမှာ ဖြစ်ပါတယ်။ သီချင်းပေးပို့ရာမှာ Audio CD နဲ့ ပေးပို့ရမှာဖြစ်ပြီး Melody အဆိုအကြမ်း နမူနာ၊ Tempo အနီးစပ်ဆုံး Chord Frame နဲ့ Beating သီချင်းပိုဒ် နေရာချထားမှုတို့ ပါဝင်ရမှာ ဖြစ်ပါတယ်။

ပါဝင်ယှဉ်ပြိုင် လိုသူတွေ အနေနဲ့ လျှောက်လွှာ များကို လူထု အားကစားနဲ့ ပညာပေး ဌာနခွဲ၊ ကျိုက္ကဆံ အားကစား ပြိုင်ကွင်း ရန်ကုန်မြို့ ဖုန်းနံပါတ် ၀၁-၄၀၀၄၃၁၊ ၀၁-၄၀၀၈၉၂ နဲ့ နေပြည်တော် လူထု အားကစားနဲ့ ပညာပေး ဌာနခွဲ အားကစား ၀န်ကြီးဌာန ရုံးအမှတ် ၃၁ ဖုန်း-၀၆၇-၄၂၂၆၁၈၊ ၀၆၇-၄၀၆၀၂၇ နဲ့ ၀၉-၂၀၀၂၁၉၆ ကို ဆက်သွယ် ရယူနိုင်တာ ဖြစ်ပါတယ်။ သီချင်းများ ကိုတော့ ယခုလ ၃၁ ရက်နေ့ နောက်ဆုံး ထားပြီး ပေးပို့ရမှာ ဖြစ်ပြီး ရွေးချယ်ခံရတဲ့ တေးသီချင်းတွေ အတွက် ကိုတော့ ဆုကြေးငွေ ကျပ်သိန်း ၁၅၀ ချီးမြှင့် သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် သီချင်း ကိုလည်း ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီရဲ့ မူပိုင်အဖြစ် အသုံးပြု သွားမှာ ဖြစ်ပါတယ်။ ဆက်လက်ပြီး Sea Game နဲ့ ပတ်သက်တဲ့ လှုံ့ဆော်ရေး သီချင်းများ ရေးစပ် သီကုံးခြင်း၊ အသံသွင်းခြင်း၊ ရိုက်ကူးခြင်း၊ ထုတ်လုပ် ဖြန့်ချိခြင်း စတဲ့ လုပ်ငန်းတွေ ကိုလည်း ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီမှ တာဝန်ယူ ဆောင်ရွက် နေတဲ့ အတွက် အဆိုပါ လုပ်ငန်းများ ဆောင်ရွက်မယ် ဆိုပါက ဦးစီး ကော်မတီကို တင်ပြပြီး ခွင့်ပြုချက် ရယူ ဆောင်ရွက်ကြဖို့ ကိုလည်း မေတ္တာရပ်ခံ ထားတယ်လို့ သတင်း ရရှိပါတယ်။


 
 

. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်