ဒီမိုကရေစီခေါင်းဆောင် သမ္မတကြီး ဦးသိန်းစိန်ရဲ့ လုပ်ငန်းတွေကို G-8 နိုင်ငံတွေက ထောက်ခံအားပေးပြီး၊ အမျိုးသားရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီဖော်ဆောင်ရေး လုပ်ငန်းတွေကိုလည်း ထောက်ခံပေးသွားမယ့် အကြောင်း G-8 ခေါင်းဆောင်တွေရဲ့ ထိပ်သီးညီလာခံအပြီး ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကို နိုင်ငံတကာက ပေးနေတဲ့ အကူအညီတွေ ထိရောက်မှုရှိအောင် ဖွံ့ဖြိုးရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ရင်းနှီး မြှုပ်နှံမှုတွေဟာလည်း မြန်မာလူထုကို အကျိုးရှိတဲ့ လုပ်ငန်းမျိုးဖြစ်အောင် ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ G-8 အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဝါရှင်တန် ဒီစီမြို့အပြင်က သမ္မတ အပန်းဖြေစခန်း Camp David မှာ ကျင်းပခဲ့တဲ့ အဲဒီ ထိပ်သီးညီလာခံအတွင်းမှာလည်း အမေရိကန်သမ္မတ ဘာရတ်ခ် အိုဘားမားက - မြန်မာနိုင်ငံအတွင်း ပြုပြင် ပြောင်းလဲမှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ယုံကြည်ကြောင်းနဲ့ အဲဒီ လုပ်ငန်းစဉ်တွေ ဖြစ်မြောက် အောင်မြင်လာအောင် အမေရိကန်က အတတ်နိုင်ဆုံး အားပေး ကူညီသွားမှာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အတန်တန် သတိပေး တာဖြစ်နေတဲ့ ကြားထဲကပဲ သမ္မတ အိုဘားမား အစိုးရက ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ စီးပွားပိတ်ဆို့မှုကို ရုတ်သိမ်းပေးလိုက်တာပါ။ ဒါကြောင့် အမေရိကန်ကုမ္ပဏီတွေ အနေနဲ့ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်နိုင်ကြတော့မှာ ဖြစ်ပါတယ်။ အခြား ဥရောပနိုင်ငံများကတော့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးပြီး စီးပွားပိတ်ဆို့မှုကို ရှုတ်သိမ်းခြင်း မရှိသေးပါဘူး။