From : မြန်မာ့အလင်း
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ပဉ္စမနေ့၌ ပြည်ထောင်စု စာရင်းစစ်ချုပ်က ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရှင်းလင်းရာတွင် ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်း လုပ်ငန်း မြန်မာ့အလင်း သတင်းစာတိုက်၏ ၂၀၁၁ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သည့် ငွေကြေးအလွဲသုံးစားပြုမှု ပါဝင်ခဲ့ပါသည်။ ဖြစ်စဉ်မှာ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း မြန်မာ့အလင်း သတင်းစာတိုက် (ရန်ကုန်)၏ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်အတွင်း ငွေစာရင်းများကို နှစ်ပတ်လည် စစ်ဆေးမှု ပြုခဲ့စဉ် သတင်းစာ ရောင်းရငွေ ကျပ်သန်း ၁၀၀ ကျော် လျော့နည်းနေခဲ့ကြောင်း တွေ့ရှိခဲ့သဖြင့် တာဝန်ရှိသူ မန်နေဂျာအား ဖြေရှင်းစေခဲ့ရာ ၎င်းက ပြန်လည်ပေးသွင်းခဲ့သဖြင့် အမှုပြီးပြတ်ခဲ့ပါသည်။ ယင်းနောက် ငွေစာရင်းများကို ဆက်လက်စစ်ဆေးခဲ့ရာ ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်မှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် ပထမ(၆)လထိ ကာလအတွင်း ငွေကျပ်သန်း ၃၀၀ ကျော်ကို အဆိုပါ မန်နေဂျာအပါအဝင် ဝန်ထမ်းသုံးဦးက အလွဲသုံးစားပြုခဲ့ကြောင်း ထပ်မံစစ်ဆေး တွေ့ရှိရသဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ပါသည်။ ယင်းအမှုကို ယခုနှစ် ဇန်နဝါရီလမှစ၍ စစ်ဆေးခဲ့ရာ အလွဲသုံးစားပြုကြောင်း ထင်ရှားပေါ်ပေါက်သဖြင့် စက်တင်ဘာလအတွင်း အဆိုပါဝန်ထမ်း သုံးဦးအား အသီးသီးစွဲချက်တင်ခဲ့ပြီး တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရန် ဆောင်ရွက်လျက် ရှိပါသည်။ ဖော်ပြပါ အလွဲသုံးစားမှုမှ ပြစ်မှုကျူးလွန်သူ သုံးဦးကို ၁၉၆၃ ခုနှစ် အများနှင့် သက်ဆိုင်သော ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၃ ဖြင့် ထိရောက်စွာ အရေးယူနိုင်ရန် ဆောင်ရွက်လျက် ရှိသည့်အပြင် ဖြစ်စဉ်ပါငွေများ ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် တာဝန်ရှိသူများကို အချိုးကျ ပေးလျော်စေခြင်း၊ တရားစွဲဆိုခံထားရသူ သုံးဦးတို့ ပိုင်ဆိုင်သော မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများကို ဥပဒေနှင့်အညီ ထိန်းသိမ်းထားခြင်းကိုလည်း ဆောင်ရွက်ထားရှိပြီး ဖြစ်ပါကြောင်း သိရှိရသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်