Subscribe to our RSS Feed

ဆီးရီးယားစစ်တပ်က စကာ့ဒ်ဒုံးကျည်အသုံးပြုကြောင်း အမေရိကန်ပြောကြား

From : planet

သမ္မတ ဘာရှာ အယ်လ် အာဆက်ဒ်သည် လက်နက်ကိုင် ဆန့်ကျင်ရေးတပ်ဖွဲ့များကို ရင်ဆိုင်ရာတွင် အဆိုပါ ပဲ့ထိန်း ဒုံးလက်နက်များကို အမှန်တကယ် အသုံးပြုနေကြောင်း အမေရိကန် အစိုးရ တာဝန်ရှိသူများက ပြောဆိုခဲ့သည်။

ဆီးရီးယားစစ်တပ်က စကာ့ဒ်ဒုံးကျည်အသုံးပြုကြောင်း အမေရိကန်ပြောကြား
ဆီးရီးယား အစိုးရ တပ်များသည် အတိုက်အခံ ဆန့်ကျင်ရေး တော်လှန်ရေးတပ်ဖွဲ့များကို စကာ့ဒ် ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ကြောင်း အမေရိကန်က တိုက်ရိုက် စွပ်စွဲလိုက်သည်။ သမ္မတ ဘာရှာ အယ်လ် အာဆက်ဒ်သည် လက်နက်ကိုင် ဆန့်ကျင်ရေးတပ်ဖွဲ့များကို ရင်ဆိုင်ရာတွင် အဆိုပါ ပဲ့ထိန်း ဒုံးလက်နက်များကို အမှန်တကယ် အသုံးပြုနေကြောင်း အမေရိကန် အစိုးရ တာဝန်ရှိသူများက ပြောဆိုခဲ့သည်။ (၂)နှစ်နီးပါး ကြာမြင့်ခဲ့သည့် ပြည်တွင်းစစ်အတွင်း အစိုးရသည် သူပုန်တပ်များ၏ အရှိန်အဟုန်ပြင်းပြင်း အင်အားကြီးမားလာမှုကို ထိန်းချုပ်ရန် ခက်ခဲနေဆဲ ဖြစ်သည်။



အာဆက်ဒ်ကို သစ္စာခံသော တပ်ဖွဲ့များသည် ဆိုဗီယက်ခေတ်က ဒီဇိုင်းထုတ် ဖန်တီးထားသည့် စကာ့ဒ်ဒုံးကျည် အနည်းဆုံး (၆)စင်းမျှကို တော်လှန်ရေးတပ်ဖွဲ့များထံ ဦးတည် ပစ်ခတ်ခဲ့ကြောင်း အမေရိကန်မှ စစ်ရေး လေ့လာသူ ပညာရှင်များက ပြောကြားသွားသည်။ ဆီးရီးယားတွင် ပဋိပက္ခများ စတင်အားကောင်းလာသည့် နောက်ပိုင်း အနည်းဆုံး လူပေါင်း (၄၀၀၀၀)ကျော် သေဆုံးခဲ့ရပြီး ဖြစ်သည်။ ထိုအတောအတွင်း ဆီးရီးယား အစိုးရ တပ်များသည် တော်လှန်ရေးတပ်ဖွဲ့များကို ဒုံးကျည်များ၊ လက်နက်ကြီးများ၊ လေကြောင်းထိုးစစ်များဖြင့်လည်း တိုက်ခိုက်ခဲ့သည်။



အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရ အမျိုးသမီး ဗစ်တိုးရီးယား နူလန်းက "ဆီးရီးယား အစိုးရဟာ ပိုပြီးတော့ ကြံမိကြံရာ ကြံလာသလိုပါပဲ။ အင်အားပြင်းတဲ့ ဒုံးကျည်လက်နက်တွေကို အသုံးပြုလာသလို မကြာသေးခင် နေ့တွေမှာ ဒုံးကျည်လက်နက်တွေ ပိုပြီး ဖြန့်ကျက်လာတာ တွေ့မြင်နိုင်ပါတယ်"ဟု ပြောကြားသွားသည်။ သတင်းများကမူ အာဆက်ဒ်သည် စကာ့ဒ်ဒုံးကျည်များ အသုံးပြုရန် အစီအစဉ်ကို အဓိက ဆုံးဖြတ်ခဲ့သည်ဟု ယူဆရကြောင်း ဖော်ပြခဲ့သည်။ သူပုန် တပ်ဖွဲ့များက နိုင်ငံအတွင်း စစ်စခန်းများကို သိမ်းပိုက်ခဲ့သလို လေယာဉ်ပစ် လက်နက်များ ပိုင်ဆိုင်လာခဲ့သည့်နောက် လေတပ်အစား ယခုကဲ့သို့ ဖျက်ဆီးမှုစွမ်းရည် မြင့်မားသည့် ဒုံးကျည်များ ပြောင်းလဲ အသုံးပြုရန် အာဆက်ဒ်က စဉ်းစားလာခြင်းဟု ယူဆရသည်။


 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်