Subscribe to our RSS Feed

မိုဘိုင်းလ်ဖုန်းဖြင့် ငွေလွှဲဝန်ဆောင်မှု ၂၀၁၃ ဇန်နဝါရီလတွင် စမည်

From : ခေတ်လူငယ်

အချိန်တိုအတွင်း ပြန်လည်ဖွံ့ဖြိုး တိုးတက်လာသည့် ပြည်တွင်းဘဏ်လုပ်ငန်းများက လက်ကိုင်ဖုန်းဖြင့် ငွေလွှဲ ပို့နိုင်ရန် ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှစ၍ ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း ပြည်တွင်း ပုဂ္ဂလိကဘဏ်များက အတည်ပြု ပြောကြားခဲ့သည်။ အထက်ပါ ဝန်ဆောင်မှုနှင့် ပတ်သက်သည့် စည်းမျဉ်းများကို ဗဟိုဘဏ်က မူကြမ်းရေးသားပြီး ဖြစ်သော်လည်း ပုဂ္ဂလိကဘဏ်များနှင့် ဆွေးနွေးရန် ကျန်ရှိနေသောကြောင့် စည်းမျဉ်းများ မထွက်ပေါ်လာသေးခြင်း ဖြစ်ကြောင်း သမဝါယမဘဏ်၏ မန်နေဂျင်းဒါရိုက်တာ ဦးဖေမြင့်က ရှင်းလင်း ပြောကြားသည်။ လက်ကိုင်ဖုန်းနှင့် ငွေလွှဲဝန်ဆောင်မှုကို ကိုယ်စားလှယ်ဖြင့် ပြုလုပ်ခြင်း၊ ATM (Automatic Teller Machine) စက်များဖြင့် ပြုလုပ်ခြင်း စသည့်နည်းလမ်းများ ရှိသည့်အနက် မည်သည့်စနစ်ကို အသုံးပြုမည်ဟူ၍ စည်းမျဉ်းများ မထွက်သေးသောကြောင့် မသိရှိနိုင်သေးကြောင်း ၎င်းက ဆိုသည်။ “ကိုယ်စားလှယ်နဲ့ ငွေလွှဲတယ် ဆိုတာကတော့ ဘဏ်မှာ ငွေစာရင်းရှိတဲ့သူက (ငွေလွှဲသူ) ဟန်းဖုန်းနဲ့ တစ်ဖက်က ငွေလက်ခံမယ့် သူရဲ့ဟန်းဖုန်းကို လျှို့ဝှက်နံပါတ် ပို့ပေးရတယ်။ တစ်ဖက်က ငွေထုတ်တဲ့သူက အဲဒီနံပါတ်ရရင် သက်ဆိုင်ရာဘဏ်က ကိုယ်စားလှယ်ရဲ့ ဖုန်းထဲနံပါတ်ကို ရိုက်ထည့်ပြီး သူ့ဆီက ငွေထုတ်ယူရတာ” ဟု ဦးဖေမြင့်က ရှင်းပြသည်။ ATM စက်အသုံးပြု၍ ငွေလွှဲခြင်းဆိုသည်မှာ ဘဏ်တွင် ငွေစာရင်းရှိသူက လက်ကိုင်ဖုန်းဖြင့် တစ်ဖက်ငွေလက်ခံမည့်သူ၏ လက်ကိုင်ဖုန်းသို့ လျှို့ဝှက်နံပါတ်ပေးပို့ပြီး အဆိုပါနံပါတ် ရရှိသူသည် ATM စက်တွင် ရရှိသော နံပါတ်ကိုရိုက်၍ ငွေသားထုတ်ယူသော နည်းဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။ ဘဏ်များနှင့် ချိတ်ဆက်ထားသော ကိုယ်စားလှယ်များက ငွေအလွဲသုံစားမှု မလုပ်နိုင်ရန် ဘဏ်တွင် အာမခံငွေများ ထားရမည်ဖြစ်ကြောင်း ၎င်းထံမှ ထပ်မံသိရသည်။ လက်ကိုင်ဖုန်းဖြင့် ဘဏ်ဝန်ဆောင်မှု ပေးသော စနစ်ကို မည်သည့် လက်ကိုင်ဖုန်းမျိုးတွင် မဆို အသုံးပြုနိုင်အောင် ပြုလုပ်နိုင်မည် ဖြစ်ပြီး တစ်နိုင်ငံလုံးတွင်လည်း အသုံးပြုနိုင်ရန် စီစဉ်မည်ဟု အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်မှ ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာ ဦးသက်လွင်ရွှေက ပြောကြားသည်။ အဆိုပါ မိုဘိုင်းလ်ဘဏ်စနစ်မှာ လျှို့ဝှက်နံပါတ်များနှင့် လုံခြုံစွာ ပြုလုပ်သွားမည် ဖြစ်သောကြောင့် ငွေစာရင်းလွှဲပြောင်းမှု အချက်အလက်များမှာ လုံခြုံကြောင်း၊ နိုင်ငံတကာတွင်လည်း ယင်းစနစ်ကို အသုံးပြုလျက်ရှိကြောင်း ပုဂ္ဂလိကဘဏ်များမှ အကြီးအကဲများက ဆိုသည်။ ယင်းစနစ်ကို ပြည်ပဘဏ်များနှင့် ပူးပေါင်းလုပ်ဆောင်မည် မဟုတ်ကြောင်း၊ ဆက်သွယ်ရေး ဝန်ကြီးကလည်း ဘဏ်အားလုံး အမြန်ဆုံးစတင်နိုင်ရန် လိုလားနေကြောင်း ဦးဖေမြင့်က ဆိုသည်။ မြန်မာနိုင်ငံတွင် ဘဏ်စာရင်းရှိသူ တစ်သန်းခန့်ရှိပြီး ကျန် ၅၉ သန်းကို မိုဘိုင်းလ်ဖုန်း ဘဏ်ဝန်ဆောင်မှု စနစ်ဖြင့် ဘဏ်စာရင်းများ ပြုလုပ်ရန် လုပ်ဆောင်နိုင်ကြောင်း၊ ဆက်သွယ်ရေးနှင့် ဘဏ်လုပ်ငန်းများမှာ အခြေခံမှ စတင်ထွန်းကားနေသော ကာလဖြစ်သောကြောင့် မိုဘိုင်းလ်ဘဏ်စနစ် ပြုလုပ်ရန် ပိုမိုလွယ်ကူကြောင်း Visa ၏ ထုတ်ကုန်များဖော်ထုတ်ရေး အကြီးအကဲ နိကီမန်ဘီးကလည်း ယခုလ ၁၁ ရက်နေ့တွင် သုံးသပ် ပြောကြားခဲ့သည်။ မိုဘိုင်းလ်ဖုန်းဖြင့် ဘဏ်ဝန်ဆောင်မှုများ လုပ်ကိုင်ရန် အဆိုပြုလွှာများကို မြန်မာ့ဆက်သွယ်ရေးက ၂၀၁၂ ခုနှစ် ဇွန်လတွင် စတင်ခေါ်ယူခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။  

 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်