Subscribe to our RSS Feed

အသည်းတို့ နှလုံးတို့နဲ့ ပတ်သက်ပြီး လက်လျှော့လိုက်ပါပြီ ဆိုသူများကို ကုသဖို့ စောင့်မျှော်နေသော ဆေးခန်း

From : ခေတ်လူငယ်

စားသုံးသူ ကာကွယ်ရေးအသင်းက ကြီးမှူး၍ ရှစ်မိုင်လမ်းဆုံ၊ ပေါက်စေတီ ဘုန်းကြီးကျောင်းဝန်း အတွင်းရှိ ဇီဝိတဒါန သံဃာ့ဆေးကုခန်းတွင် တိုင်းရင်းသမားတော်ကြီးများနှင့် နေ့အလိုက် အခမဲ့ ကုသဝန်ဆောင်မှုများ ပေးလျက် ရှိသော်လည်း အများပြည်သူတို့ အကြား သိရှိမှု အားနည်းနေသေး၍ အခမဲ့ကုသိုလ်ဖြစ် ဆေးခန်းမှ ငွေကြေး မတတ်နိုင်သည့် လူနာများကို စောင့်မျှော်လျက်ရှိသလို၊ အသည်း၊ နှလုံးရောဂါများနှင့် ပတ်သက်၍လည်း လုံးဝပျောက်ကင်းသည်အထိ ကုသပေးရန် စောင့်မျှော်နေကြောင်း စားသုံးသူ ကာကွယ်ရေး အသင်း ဒုဥက္ကဋ္ဌ ဦးကံညွှန့်နှင့် သမားတော် ဦးအောင်စိုးတို့ထံမှ သိရသည်။ ဦးကံညွှန့်က “အခု ပြည်သူတွေက သိရှိမှု အားနည်းနေသေးတာလည်း ပါသလို ပိုက်ဆံပေးရမယ် ထင်နေတယ်နဲ့ တူတယ်၊ အခုဟာက ဘယ်သူဖြစ်ဖြစ် အခမဲ့ပါ။ ရဟန်းရှင်လူ ပြည်သူတွေ အကုန်ပါပါတယ်။ အချို့ဆရာဝန်တွေဆို အထူးကု ဆရာဝန်တွေ ပါပါတယ်။ နောက်လူသိ များလာရင်တော့ ဆေးခန်းတွေကို မြို့နယ်အလိုက် တိုးချဲ့ဖွင့်သွားဖို့ ရှိပါတယ်” ဟု ပြောပြခဲ့သည်။ အသည်း၊ နှလုံးရောဂါများနှင့် ပတ်သက်၍ ကိုယ်တိုင် အတွေ့အကြုံများ ရှိသလို၊ ကိုယ်တိုင် ဆေးဖော်စပ်ကာ ကုသမှုပေါင်းများစွာ အတွေ့အကြုံများရှိသော အသည်း၊ နှလုံး (အာမခံအထူးကု) ဦးအောင်စိုး (တိုင်းရင်းဆေး) က “အခု ဆေးခန်းလေးကို လုပ်အားပေးလာဖြစ်တာက ဦးကံညွှန့် အကူအညီ တောင်းတာလည်း ပါသလို ကျွန်တော်ချစ်တဲ့ အနုပညာရှင် ကိုခင်မောင်တိုး အသည်းရောဂါနဲ့ ဆုံးပါးသွားတာ တွေကြောင့်လည်း ပါပါတယ်။ အဲလို အသည်းရောဂါတွေနဲ့ အသက်တွေ မဆုံးရှုံးစေချင်တာလည်း အပါအဝင်ပေါ့၊ ကျွန်တော် သူ့တုန်းကဆိုရင် ကိုယ်ကုနိုင်ရဲ့သားနဲ့ မကုလိုက်ရဘူး။ သူက နိုင်ငံကခြားမှာ သွားပြတာလေ၊ ကျွန်တော် အတွေ့အကြုံ အရတော့ နိုင်ငံခြားဆေးဝါးတွေထက် မြန်မာ့တိုင်းရင်းဆေးဝါး၊ သစ်ဥသစ်ဖုတွေက အမြစ်ပျောက်ကင်းစေတယ်လို့ တွေ့ရှိရတယ်။ ကိုယ်တွေ့ပေါ့၊ ကျွန်တော်ရယ်၊ ကျွန်တော့်မိန်းမရယ် နှလုံးနဲ့ ပတ်သက်ပြီး ဆေးဖော်ပြီးသောက်တာ ပျောက်ကင်းတာ ကိုယ်တွေ့ပေါ့နော်၊ အခု အဓိက ပြောချင်တာကတော့ အသည်း၊ နှလုံးတို့နဲ့ ပတ်သက်ပြီး လုံးဝ လက်လျှော့လိုက်ပါပြီဆိုတဲ့ သူတွေကို ဒီဆေးခန်းလေးကို လာခဲ့ပါပေါ့နော်။ အာမခံပါတယ်။ အခမဲ့ပါလို့ပေါ့နော်၊ စနေနေ့ဆို ကျွန်တော် ဒီဆေးခန်းလေးမှာ ထိုင်ပါတယ်” ဟု ရှင်းပြခဲ့သည်။ အဆိုပါ ဆေးခန်းလေးတွင် အင်္ဂါနေ့တွင် နေလတိုင်းရင်း သမားတော်ကြီးများ အဖွဲ့က အရိုးအကြောနှင့် အထွေထွေ ရောဂါမျိုးစုံကို နံနက် (၁၁)နာရီမှ ညနေ(၅) နာရီထိ၊ ဗုဒ္ဓဟူးနေ့တွင် အထွေထွေဆရာဝန်၊ သောကြာနေ့တွင် သဘာဝသမားတော် (တိုင်းရင်း) က ဆီးချို၊ သွေးချို၊ အသည်း၊ ကျောက်ကပ်၊ စနေနေ့တွင် ဦးအောင်စိုး (သမားတော်ကြီး တိုင်းရင်းဆရာ) နှလုံးနှင့် အသည်း အာမခံအထူးကုနှင့် တနင်္ဂနွေနေ့တွင် ဒေါက်တာဝင်းထွန်း အထူးကု(နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုနှင့် အထွေထွေရောဂါ အထူးကု) စသည့် ဆရာဝန်၊ သမားတော်ကြီးများက အခမဲ့ ကုသိုလ်ဖြစ် ကုသပေးလျက်ရှိကြောင်း သိရသည်။ ကုသလိုသော လူနာများအနေဖြင့် ရှစ်မိုင်လမ်းဆုံအနီး၊ ပေါက်စေတီ ဘုန်းကြီးကျောင်းဝင်း အတွင်း၊ မရမ်းကုန်းမြို့နယ်သို့ လာရောက်နိုင်ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ထုတ် Hot News  ဂျာနယ်တွင် ဖော်ပြထားပါသည်။  

 www.MyanmarExpress.net
 

1 comments:

တကယ်ဆိုရင်တော့ဝေဒနာရှင်တွေအတွက်ဝမ်းမြောက်ဖွယ်ပေါ့ ဒါပေမဲ့ ဆက်သွယ်ရမဲ့ ဖုန်းနံပါတ် မပါလေတော့ ဝေဒနာရှင်တွေ(အထူးသဖြင့်နယ်မှဝေဒနာရှင်များ)အတွက် သို့လောသို့လော ဖြစ်စရာဖြစ်နေပါတယ်။ဆက်သွယ်မေးမြန်းရမဲ့ဖုန်းနံပါတ်လေးတွေပါရင်ပိုအဆင်ပြေမယ်လို့ထင်ပါတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်