Subscribe to our RSS Feed

အစိုးရအဖွဲ့ ကဏ္ဍအလိုက် ကော်မတီ ဖွဲ့စည်းမည်

From : ခေတ်လူငယ်
ပြည်ထောင်စု ဝန်ကြီးဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းမှု အားနည်းနေခြင်းကို အစိုးရအဖွဲ့ ကဏ္ဍအလိုက် ကော်မတီ (Cabinet Committee) များ ဖွဲ့စည်းပြီး ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ခြင်းဖြင့် မူဝါဒချမှတ်မှုများ ခိုင်မာအောင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားသည်။ အစိုးရ အဖွဲ့အစည်းများ၏ စီမံအုပ်ချုပ်မှုစနစ် တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး အစိုးရ၊ ပြည်နယ်အစိုးရ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိ သူများကို နေပြည်တော်၌ ဒီဇင်ဘာလ ၂၆ ရက်နေ့က ပြောကြားသည့် မိန့်ခွန်းတွင် သမ္မတက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းသည် အစိုးရအုပ်ချုပ်ရေး ယန္တရားစွမ်းဆောင်ရည် ထိရောက်ထက်မြက်မှုအပေါ်တွင် မူတည်ကြောင်း၊ ခေတ်စနစ်သစ် တစ်ရပ်ကို ပြုပြင်ပြောင်းလဲရာတွင်လည်း ရှေးယခင် အတွေးအမြင် လုပ်နည်းအတိုင်း ဆောင်ရွက်၍မရဘဲ ဒီမိုကရေစီး ကျင့်စဉ်နှင့် လိုက်လျောညီထွေရှိမည့် နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊ လူမှုရေးအမြင်များနှင့် ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ်မြော်မြင် လုပ်ဆောင်ရမည်ဟု သမ္မတ တိုက်တွန်းပြောဆိုသည်။ “ဒီမိုကရေစီကျင့်စဉ် ထွန်းကားရေးနဲ့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်သူတွေ ပူးပေါင်းပါဝင် ဆောင်ရွက်လာနိုင်မယ့် စီမံအုပ်ချုပ် လုပ်ကိုင်မှုကို ပြောင်းလဲသွားဖို့ လိုအပ်ပါတယ်” ဟု သမ္မတက ဆိုသည်။ မြို့နယ်တစ်ခုတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ၊ လူမှုရေး၊ စီးပွားရေး၊ လူထုလူတန်းစား ကိုယ်စားလှယ် ပါဝင်သည့် မြို့နယ်ကော်မတီ ဖွဲ့စည်းပြီး တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စရပ်များအတွက် မြို့နယ်ကော်မတီအောက်တွင် ဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ရမည်ဟု သမ္မတက ဦးဆောင်မှု ပေးသွားသည်။ သမ္မတ၏ မိန့်ခွန်းကို ခြုံငုံသုံးသပ်လျှင် အောက်ခြေအဆင့်ကိုပါ ပြုပြင်ပြောင်းလဲ လိုသည့်သဘော တွေ့ရကြောင်း၊ ပထမအဆင့် မူဝါဒများ ချမှတ်ပြီးလျှင် မူဝါဒများကို အကောင်အထည် ဖော်မည့်လူများကို ပြောင်းလဲရန်လိုကြောင်း၊ လူမပြောင်းနိုင်သေးလျှင် တစ်ဦးကောင်း တစ်ယောက်ကောင်း ထက် စုပေါင်း ဦးဆောင်မှုဖြစ်သည့် ကော်မတီ စနစ်က ဒီမိုကရေစီ ပိုဆန်ကြောင်း မြန်မာ့နိုင်ငံရေး အကဲခတ်သူတစ်ဦးက သုံးသပ်ပြောကြားခဲ့သည်ဟု ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်