Subscribe to our RSS Feed

လွတ်လပ်သော ပုဂ္ဂလိကပိုင် နေ့စဉ်ထုတ် သတင်းစာများ ထုတ်ဝေခွင့်လျှောက်ထားနိုင်ကြောင်း ကြေညာချက်



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန

(၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်)

၁၃၇၄ ခုနှစ် နတ်တော်လပြည့်နေ့

လွတ်လပ်သော ပုဂ္ဂလိကပိုင် နေ့စဉ်ထုတ် သတင်းစာများ ထုတ်ဝေခွင့်လျှောက်ထားနိုင်ကြောင်း ကြေညာချက်

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သက်တမ်း(၂)နှစ် ပြည့်မြောက်သည့် (၁-၄-၂ဝ၁၃) ရက်နေ့မှ စတင်၍ လွတ်လပ်သော ပုဂ္ဂလိကပိုင်နေ့စဉ်သတင်းစာများအား ထုတ်ဝေခွင့်ပြု ပေးသွားမည် ဖြစ်ပါသည်။

ိုသို့ခွင့်ပြုရာတွင် မြန်မာနိုင်ငံသား တစ်ဦးတည်းပိုင် (သို့မဟုတ်) အဖွဲ့အစည်းပိုင်အနေဖြင့် လျှောက်ထားခွင့် ရှိပါသည်။ လျှောက်ထားသူသည် နေ့စဉ်သတင်းစာများ ထုတ်ဝေရာတွင် နေရာ/ဒေသ အလိုက် ထုတ်ဝေလိုခြင်း (သို့မဟုတ်) တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ထုတ်ဝေလိုခြင်း တို့ကို ဖော်ပြရပါမည်။ ဘာသာစကား အနေဖြင့် တိုင်းရင်းသား ဘာသာစကား တစ်မျိုးမျိုးဖြင့်ဖြစ်စေ၊ နိုင်ငံခြားသား ဘာသာစကား တစ်မျိုးမျိုးဖြင့်ဖြစ်စေ ထုတ်ဝေခွင့် လျှောက်ထားနိုင်ပါသည်။ ထုတ်ဝေခွင့် လျှောက်လွှာ များအား (၁-၂-၂ဝ၁၃)ရက်နေ့မှ စတင်၍ ဦးဆောင်ညွှန်ကြားရေးမှူး၊ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်း၊ ပြန်ကြားရေးဝန်ကြီးဌာနထံသို့ လိပ်မူလျှောက်ထားနိုင်ကြောင်း ကြေညာအပ်ပါသည်။

၂။ လျှောက်ထားသူအနေဖြင့် အောက်ပါအချက်များဖြင့် ပြည့်စုံညီညွတ် စေရန်အတွက် ကြိုတင် ပြင်ဆင် ထားကြရန် လိုအပ်ပါသည်-

(က)လျှောက်ထားသူသည် မြန်မာနိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခံရသူဖြစ်ရမည်။

(ခ)အသက်(၁၈)နှစ် ပြည့်ပြီးသူဖြစ်ရမည်။

(ဂ) သတ်မှတ်ပုံစံပေါ်တွင် ကျပ်တစ်ရာတန် တံဆိပ်ခေါင်း ကပ်ရမည်။

(ဃ)သတင်းစာထုတ်ဝေခြင်း၏ ရည်ရွယ်ချက်၊ ရည်မှန်းထားသည့် ပရိသတ်၊ သတင်းစာ အမျိုးအစား၊ လုပ်ငန်းဖွဲ့စည်းပုံ၊ လိုက်နာစောင့်ထိန်းမည့် စာနယ်ဇင်းကျင့်ဝတ် (Code of Ethics)၊ သတင်းစာတိုက်၏ လုပ်ငန်းဆောင်ရွက်ပုံစည်းမျဉ်း (Code of Conduct)၊ သတင်းစာတိုက်၏ အခြေခံလုပ်ဆောင်မှု(Code of Practice)များ ပါဝင်သည့် အများပြည်သူလက်ခံနိုင်မည့် အဖွဲ့အစည်း၏ စံနှုန်း (Community Standard) ကို (မြန်မာ/အင်္ဂလိပ်) နှစ်ဘာသာဖြင့် ပူးတွဲ၍ တင်ပြရမည်။

(င)ပုံနှိပ်စက်အသစ်တည်ထောင်ပြီး ထုတ်ဝေမည့်သူများနှင့် ပတ်သက်၍ ရောက်ရှိမှုနေ့စွဲ၊ မှာယူ ထားရှိမှုနှင့် ရောက်ရှိမည့်ခန့်မှန်းနေ့စွဲ၊ အရောင်းအဝယ်ပြေစာ၊ တစ်ဆင့် ဝယ်ယူ ခြင်းအတွက် အရောင်းအဝယ် စာချုပ်နှင့် ပြည်ပမှမှာယူတင်သွင်းပါက အခွန်ဆောင်ပြီး ဖြစ်ကြောင်းစာရွက် (Duty Slip) တင်ပြရမည်။ (၆ လအတွင်း ရောက်ရှိလာမည့် ပုံနှိပ်စက်များအတွက် ကြိုတင်လျှောက် ထားနိုင်ပါသည်။)

(စ)ရှိပြီးပုံနှိပ်စက်များကို အသုံးပြုသူများအတွက် ပုံနှိပ်သူ သက်သေခံမှတ်ပုံတင်လက်မှတ် မိတ္တူကို ပူးတွဲတင်ပြရမည်။

၃။ လျှောက်လွှာပုံစံ(၁)နှင့်(၂)တို့အား ပြန်ကြားရေးဝန်ကြီးဌာန Website (www.ministry ofinformation.gov.mm) တွင် ဖော်ပြထားပါသည်။

လျှောက်လွှာပုံစံ(၁)နှင့် (၂)အား ပြန်ကြားရေး ဝန်ကြီး ဌာန ဝက်ဆိုဒ်တွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။


 www.MyanmarExpress.net

 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်