Subscribe to our RSS Feed

ABSDF ကျောင်းသူ ရဲမေဟောင်း နန်းအောင်ထွေးကြည်ရဲ့ မြောက်ပိုင်း ခရီး(၁၉)

From : May Thingyan Hein 



အပိုင်း (၁၉)

ကိုယ်ကလည်း KIA ကို ပြောင်းပြီ ဆိုတော့ ၀မ်းနည်းသလိုလို ဘာလိုလိုဖြစ်တာပေါ့ အဲဒီမှာ ကျန်တဲ့ ၈ ဦးကနေ ကျမကို ၀ိုင်းပြီး အားပေးကြတာပေါ့၊ စမားညီညီတို့ ဘာတို့ကလည်း အားပေးတယ်။ ဒါ အကောင်းဘက်ကို ဖြစ်တာပေါ့လေနော်၊ ထူးခြားပါလိမ့်မယ်လို့ ၀ိုင်းပြီး ပြောကြတယ်။

ကျမစိတ်ထဲမှာက ဗိုလ်ချုပ်ဇော်မိုင်ကနေပြီးတော့ တရားဝင် ဖုန်းထဲမှာ ပြောလိုက်တဲ့ မင်းနဲ့ ဒီကျောင်းသား တပ်မတော်နဲ့ ဘာမှ မဆိုင်တော့ဘူး ၊ မင်းရဲ့ တာဝန်ထမ်းဆောင်ခြင်း ဘာဘာညာညာ အကုန်လုံးကို ဒီ KIA က အကုန် တာဝန်ယူ ဖြေရှင်းသွားတော့မယ်၊ မင်းက KIA ရဲမေ ဖြစ်သွားပြီ ဆိုကတည်းက ခံစားလိုက်ရတာ။ ကျမ တောထဲကို လာခဲ့တာ KIA အတွက် လာခဲ့တာ မဟုတ်ဘူးလေ၊ ကျောင်းသား တပ်မတော်ဆိုပြီး လာခဲ့တာ။

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ ကျမတို့ အခြေအနေအရသာ ဒီလိုတွေဖြစ်ခဲ့ကြတာ ကျမတို့ရဲ့ ရင်ထဲမှာ ABSDF-NB ဆိုတာ ရှိတယ်။ အားလုံး ရင်ထဲမှာ ရှိတယ်။ သံယောဇဉ်ဆိုတာ ရှိတယ်၊ ပြီးတော့ ဒီအဖွဲ့အစည်းကို ကျမတို့ အားလုံး ချစ်တယ်။ ဆိုတော့ ကျောင်းသား တပ်ကို တည အိပ်ဖို့ ပြန်ရောက်လာတော့ ခံစားရတာ…ဘယ်လို ပြောရမှန်းမသိဘူး၊ ခံစားချက်ကလေ တော်တော်ပြင်းတယ်။ ကြေကြေ ကွဲကွဲ ပဲ..သိလား။

ကျမ ကိုရဲတို့နဲ့ ၉ ယောက်ထားတဲ့ တဲထဲမှာပဲ ဘာဖြစ်ကြမလဲ ဆိုပြီးတော့ နေနေတာ၊ အားလုံးကတော့ သိတယ် မဟုတ်လား ငြိမ်သွားကြတာပေါ့။ ကျမကလည်း ဘယ်မှလည်း မသွားဘူး။ အဲဒီအချိန်မှာ သံချောင်းက ကျမကို ခေါ်တယ်။ မငယ်တဲ့… တွေ့ချင်တယ် ဆိုတော့ ကျမ တက်တွေ့လိုက်တယ်။

တက်တွေ့လိုက်တော့ သံချောင်းက မင်းပြောင်းပြီပေါ့…တဲ့။ သူက အဲလိုလေး မေးတယ်။ ဟုတ်တယ် Cs လို့ ကျမ ပြောင်းပြီလို့ ပြောပြီး ဒါအကောင်းဆုံးဖြစ်လိမ့်မယ်လို့ ကျနော် ထင်တယ်လို့ ပြောလိုက်တယ်။ သံချောင်းက အကောင်းဆုံးဖြစ်ပါစေလို့ ငါဆုတောင်းပေးလိုက်ပါတယ်တဲ့.. သူက အဲလိုပြောတယ်။ တကယ်လည်း သူနဲ့ ဘာမှ မဆိုင်တော့ဘူးလေ။ အဲဒီတော့ သူက စောမြအောင်ကို ခေါ် လိုက်တယ်။ စောမြအောင်ဆိုတာ ကျမတို့ ၀ါဒဖြန့်ချိရေးက တာဝန်ခံ။ စောမြအောင်ရောက်လာတော့ သူက မငယ်က KIA ကို ပြောင်းတော့မယ်လို့ ပြောပြတယ်။

အဲဒီမှာ စောမြအောင်ရဲ့ မျက်နှာက အရမ်း အံ့သြသွားတယ်။ စောမြအောင်က ကျမနဲ့ အပတ်စဉ် ၃ တူတူတက်ခဲ့တာ။ နောက် ၀ါဒဖြန့်ချိရေးကို စဖွဲ့တော့လည်း အတူတူပဲ။ စောမြအောင်က နင်သွားပြီလား ဆိုပြီး အံ့သြနေတာ၊ ကျမက အေး …ဒါ အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ပြောပြတယ်၊ သံချောင်းက စောမြအောင်ကို လှမ်းပြောတယ်။ မငယ်ကို ဂစ်တာ တလုံးပေးလိုက်ပါတဲ့…ကျောင်းသား တပ်ရဲ့ နောက်ဆုံး လက်ဆောင်တဲ့…။ ကြိုက်တဲ့ ဂစ်တာ တလုံး ယူပါစေ တဲ့…။ သံချောင်းက အဲလို ပြောပြီး နှုတ်ဆက်တယ်။

အဲဒါနဲ့ ကျမ ပရိုတင်းတဲကို ရောက်သွားတယ်။ ၀ါဒဖြန့်ချိရေးမှာ ကျမ အမြဲတမ်း တီးနေတဲ့ ကျမရဲ့ အကြိုက်ဆုံး ဂစ်တာလေး တလက်ကို ယူလိုက်တယ်။ စောမြအောင်က နာမည်လေး ရေးပေးတယ်။ ဂစ်တာလေး ပိုက်ပြီး ပြန်လာခဲ့တယ်။

တဲထဲမှာလည်း အားလုံးက ငြိမ်နေတယ်၊ ပြောင်းပြီ ဆိုတော့ ဘယ်လိုဖြစ်သွားမှန်းကိုမသိတာ၊ နောက်တချက်က အဲလို မပြောင်းလို့လည်း မရဘူး၊ အကျယ်ချုပ်နေရတဲ့ အချိန်တုန်းက အရမ်း သိမ်ငယ်တယ်။ ကိုယ်လည်း ကိုယ့်စိတ်ဓါတ်နဲ့ကိုယ် တောခိုလာတာပဲ၊ ဒါပေမဲ့ တခြား လူတွေနဲ့ ရဲဘော်တွေနဲ့ကို သပ်သပ်ဖြစ်သွားတာ၊ ကျမတို့ကို အဲလိုခွဲခြားထားလိုက်တော့ ခံစားရတယ်၊ သိမ်ငယ်လာတာပေါ့။ ကိုယ့်ဟာကိုယ်ပဲ တဲထဲမှာ နေကြတော့တယ်။

ပြီးတော့ သံချောင်းတို့ အောင်နိုင်တို့ကလည်း ကျမတို့ တွေကို ဘာလုပ်ရမှန်း မသိဘူး၊ အမေတွေ လာခေါ်တုန်းကလည်း ပြန်မလွှတ်ဘူး၊ တချိန်ချိန်မှာ ခုတ်သတ်လိုက်ဆိုရင် ဘယ်လိုလုပ်မလဲ။ သတ်ဖို့ကလည်း လုပ်ထားပြိးပြီ၊ ၅၅ ဦး ထွက်ပြေးတာနဲ့ သတ်ဖို့ဆိုပြီး လုပ်ထားပြီးပြီ၊ ဆိုတော့ အကျယ်ချုပ်ထားပေမဲ့ စိုးတထိတ်ထိတ်နေနေရတဲ့ ဘ၀။ အဲဒါကြောင့် KIA ပြောင်းရင်တော့ တခုခုတော့ ထူးခြားမယ်ဆိုပြီး ပြောင်းခဲ့လိုက်တာ။

နောက်တနေ့ မနက်ပေါ့၊စက်တင်ဘာလ ၄ ရက်နေ့မှာတော့ KIAက လာခေါ်ပြီ။ အထုတ်အပိုးတွေနဲ့ပဲ ဗိုလ်ချုပ်ဇော်မိုင်က ချက်ချင်းလိုက်ခဲ့ပါဆိုတာနဲ့ ဗိုလ်ချုပ်ဇော်မိုင်ကို သွားတွေ့လိုက်တယ်။

သွားတွေ့လိုက်တော့ အားလားလား တကယ်ကြောက်သွားတယ်။ ဗိုလ်ချုပ်ဇော်မိုင်နဲ့ KIA ရော KIO ကရော လူကြီးတွေ အရာရှိပိုင်းတွေပေါ့ ၀ိုင်းထိုင်နေကြတာ။ KIA ထောက်လှမ်းရေးက လူတွေလည်း ပါတယ်။ ဟာ …ငါတော့ သွားပြီလို့ အဲလိုကို ဖြစ်သွားတာ။

ကျမကို ထိုငခိုင်းလိုက်တဲ့ နေရာကလည်း အဲဒီလူကြီးတွေရဲ့ အလယ်ခေါင်မှာ ခွေးခြေခုံလေးတလုံးချထားပြီး အဲဒီမှာ ထိုင်ခိုင်းတာ၊ သွားပြီလို့ ပြဿနာပဲပေါ့။ အဲလိုဖြစ်သွားတာ။သိတယ် မဟုတ်လား တရားရုံးတွေမှာ အလယ်မှာ ထိုင်ပြီး အစစ်ခံရသလိုကို ဖြစ်နေတာ၊ ထိုင်နေတဲ့အနေအထားကလည်း ဒူသိန်းဆွေ ဒူခွန်မော်နဲ့ အခြားKIA ကထောက်လှမ်းရေးအရာရှိတွေကို  မျက်နှာခြင်းဆိုင်ပြီး ထိုင်နေရတာ ။ ပြီးတော့ဒူသိန်းဆွေက ကျမ ကျောင်းသားတပ်မှာထွက်ဆိုထားတဲ့စစ်ချက် ဖိုင်ကို ကြည့်ပြီး မေးခွန်းတွေ မေးတယ်။

ကျမလည်း ပြောရတာပေါ့ နန်းအောင်ထွေးကြည်ပေါ့၊ ထောက်လှမ်းရေးပါပေါ့ ကိုယ်ပိုင်နံပတ် ဘယ်လောက်ပေါ့။ ကျောင်းသားတပ်ကို ဖြိုခွဲဖို့ လာတာပေါ့၊ ရေလှိုင်း စစ်ဆင်ရေးပေါ့ အဲဒါတွေကို အစအဆုံးပြန်ရွတ်ပြရတာ။အဲဒါတွေ အစအဆုံး၇ွတ်ပြပြီးတော့မှ ရာထူးက ပြန်ပြောတဲ့။ ဟာ ပြသနာပဲပေါ့။ နောက် ကိုယ်ပိုင် နံပတ်တဲ့။ ကိုယ်ပိုင်နံပတ်ပြောတာ၊ အဲဒီ ကိုယ်ပိုင် နံပတ်က တကယ်ပဲလား တဲ့…အဲလို မေးတယ်။ ကျမကလည်း ဟုတ်တယ်ပေါ့။ အဲဒီမှာ ရယ်ကြတယ်၊ တယောက်တပေါက်တွေ ရယ်ကုန်ကြရော။

မင်း ကိုယ်ပိုင်နံပတ်က ဘယ်လောက်လဲ လို့ ထပ်မေးတယ်၊ ကျမက ကိုယ်ပိုင်နံပါတ်က  က/၁၇၅ဝ ဖြစ်တယ်လို့ ဖြေတော့၊ KIA မှအရာရှိ ကြီးတဦးကတော့ပြောပါတယ် .. မင်းဘာလို့ ဒုဗိုလ်ဖြစ်လဲ.. ဗိုလ်ချုပ်ကြီးအဆင့်ဖြစ်ရမှာပေါ့တဲ့။

အဲဒီတော့ မင်းကို ငါမေးမယ်တဲ့… ခင်ညွှန့်ရဲ့ ကိုယ်ပိုင်နံပတ် သိလားတဲ့။ ကျမကလည်း မသိဘူးပေါ့။ ခင်ညွှန့်ရဲ့ ကိုယ်ပိုင်နံပတ်ကတဲ့ ၅ လုံး ရှိတယ်တဲ့၊အဲလိုပြောပြီးတော့ မင်းအဖေရဲ့ ကိုယ်ပိုင် နံပတ်ကို ပြောတယ်၊ ပြောတော့ ၆လုံး၊ မင်း ကိုယ်ပိုင်နံပတ်က ၄ လုံးဆိုတော့ဆိုပြီး ပြောပြီးတော့ ရယ်တယ်၊ ကျမကတော့ ဟာ …ငါတော့ သေပြီ။ ငါ ညာတာတွေတော့ ပေါ်ပြီပေါ့နော်၊ ငါ့ကိုတော့ ဖြုတ်ပြီလို့ အဲလိုတွေးနေတာ။

အဲဒါနဲ့ ကျမက ထောက်လှမ်းရေးပါဆိုတာကို ထွက်တုန်း ကြောက်တာလေ သေမှာ ကြောက်တာနဲ့ မဟုတ်ဘူး ကျမ ထောက်လှမ်းရေးပါလို့ ပြောနေတုန်းပဲ။
အဲဒီမှာ ဗိုလ်ချုပ်ဇော်မိုင်က တော်လိုက်တော့တဲ့…မင်း ဒါတွေကို မေ့လိုက်တော့တဲ့..။ မင်း ထောက်လှမ်းရေး မဟုတ်ဘူး ဆိုတာ ငါ သိတယ်တဲ့…။ မင်းတို့တွေ မှားကုန်ကြပြီတဲ့…။

အဲဒီမှာ ကျမ ငိုတော့တာပဲ…တအားကို ငိုတော့တာ။ ပြီးတော့ ဘာကြောင့် ဒီအတိုင်းနေနေကြတာလဲလို့ ကျမ မေးလိုက်တယ် ဗိုလ်ချုပ်ဇော်မိုင်ကို။

အဲဒီတော့ ဗိုလ်ချုပ်ဇော်မိုင်က …ငါမရှိဘူးတဲ့။ အဲလိုဖြစ်တဲ့ အချိန်မှာ ဗိုလ်ချုပ်ဇော်မိုင်က အိန္ဒိယ ဘက်ကိုလား မသိဘူး ရောက်နေတယ်။ KIA တပ်ထဲမှာ မရှိဘူး။

နောက် အခု KIO ဥက္ကဋ္ဌကလည်း ၀င်ပြောတယ်၊ ကျနော်တို့ တားပါတယ်တဲ့ ကျောင်းသား တပ်ကို ၊ ကျနော်တို့ ပြောနိုင်သလောက် ပြောခဲ့တယ်တဲ့။  နောက် ကျောင်းသားတပ်မတော်က KIA ရဲ့ လက်အောက်ခံ တပ်မဟုတ်ဘူးတဲ့၊ အဲဒါကြောင့် ငါတို့ တားချင်တိုင်းလည်း ၀င်တားလို့မရဘူး ဆိုတာကို ရှင်းပြတယ်။

နောက်မေးတယ် တပ်ထဲမှာ ဘယ်နှစ်ယောက် ကျန်သလဲတဲ့…။ ၈ ယောက်ကျန်တယ်လို့ ကျမ ဖြေတယ်ပြီးတော့ အဲဒီ ၈ယောက်စလုံးကို ခေါ်ပေးပါလို့ ပြောတော့ ငါတို့က ခေါ်ချင်တိုင်း ခေါ်လို့မရဘူးတဲ့။ အချိန်ယူရလိမ့်မယ်လို့ ပြောခဲ့တယ်။

အဲဒါနဲ့ KIA မှာ ရဲမေအနေနဲ့ တာဝန်ထမ်းတယ်။  အဲဒီမှာ တရက်ကြတော့ သံချောင်းက ရောက်ချလာရော။ အဲဒါ ဘာလာလုပ်လဲ ဆိုတော့ ကျမကို ဗိုလ်ချုပ်ဇော်မိုင် ဆီကနေ ပြန်လာတောင်းတာ။  ဘာလို့လဲ ဆိုတော့ ကျောင်းသားတပ်ထဲမှာ ဘုန်းကြီး တပါး ဖမ်းထားတယ်တဲ့။အဲဒီ ဘုန်ကြီးကို ထောက်လှမ်းရေးလားဆိုပြီးတော့  ဘုန်းကြီးကို သတ်ရမယ်တဲ့…ပြီးတော့ အဲဒီ ဘုန်းကြီးက ကျမနဲ့ ဆက်စပ်မှု ရှိရမယ်ဆိုပြီးတော့ ကျမကို KIA ကနေ ပြန်လာတောင်းတယ်။ ဗိုလ်ချုပ်ဇော်မိုင်က မပေးဘူး။
ဗိုလ်ချုပ်ဇော်မိုင်က ကျမကို သံချောင်းလာပြန်တောင်းတဲ့ အကြောင်း ပြောပြရင်း မေးတယ်။

အး ခုမင်းဘယ်လိုထင်လဲ .. တဲ့ကျမကိုမေးလာ ။  ကျမက ဗိုလ်ချုပ်ဇော်မိုင်ကို ပြောလိုက်တယ်။ ဒူကမ္ဘာCS ကျမ ဒီမှာ ဆက်မနေချင်တော့ဘူး။အိမ်ပြန်ချင်ပြီ ။ပြန် ခွင့်ပေးပါလို့ခွင့်တောင်းလိုက်တယ်။ KIA မှာဆက်ပြီးတာဝန်ထမ်းဆောင်ချင်ပေမဲ့ ခုလိုမျိုးဆိုရင်တော့ ရှေ့ဆက်မနေတာ အကောင်း  ဆုံးပါလို့ CS ဇော်မိုင်ကို ပြောခဲ့ပါတယ်။

တကယ်ကိုဘဲ အမေ့အိမ်ပြန်ချင်ပြီ ၊ အမေ့ကိုလည်း အရမ်း လွမ်းနေပြီ၊ တကယ်ပြန်ချင်ပြီလို့ ပြောတော့ ဗိုလ်ချုပ်ဇော်မိုင်က ပြန်ခွင့်ပေးပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်ဇော်မိုင်က ပြောတယ်။ မင်း စဉ်းစားပါတဲ့။  အိမ် မပြန်နဲ့တဲ့။ အိမ်ပြန်တာထက် မင်းအကိုနဲ့လိုက်သွားတာ ပိုအဆင်ပြေမယ်ထင်တယ်လို့ ငါထင် တယ်.လို့ ဗိုလ်ချုပ်ဇော်မိုင်က အကြံပေးတယ်။ အေးအေး ဆေးဆေး ခေါင်းအေးအေးထားပြီး စဉ်းစား ဆုံးဖြတ်လို့လည်း ပြောတယ်။ စဉ်းစားတော့ ဟုတ်တယ်၊ အဲဒါနဲ့ ဗိုလ်ချုပ်ပြောတာ ဟုတ်တယ်ဆိုပြီးတော့။ နောက်တနေ့တော့ ဒူကမ္ဘာ CS ဇော်မိုင်ကို ကျမ အကိုတော်စပ်သူပီစိုင်းထွန်း ဆီသွားဖို့ ဆုံးဖြတ်တဲ့အကြောင်း ပြောပြတယ်။ အဲ့ဒါနဲ့ ဒူကမ္ဘာ CS က ကျမအတွက် ဘန်ကောက်သွားဖို့ စီစဉ်ပေးခဲ့တယ်။ပြီးတော့ အကို့ဆီကိုလည်း လှမ်းပြီး အကြောင်းကြားပေးခဲ့တယ်။ ဒီလိုနဲ့ မြောက်ပိုင်းကနေ ထွက်ခွာဖို့ ဖြစ်လာတော့တာပဲ။


တော်လှန်ရေးလုပ်ဖို့ တောခိုလာခဲ့တာ ခုလို သမိုင်းဖျက်ခံရပြီး ပြန်ရမယ်လို့ ဘယ်သူ ထင်မှာလဲနော်။

( မိတ်ဆွေတို့ရေ ….ဒီနေရာမှာ ခဏ ရပ်ပြီး ကျမတို့စဉ်းစားကြရအောင်၊ မနန်းအောင်ထွေးကြည်ရဲ့ မြောက်ပိုင်း ခရီးကတော့ ဒီနေရာမှာ ရပ်လိုက်မယ်ဆိုရင်လည်း ရပ်လို့ရပါပြီ။

ကျမကတော့ မနန်းအောင်ထွေးကြည် မြောက်ပိုင်းကနေ ထွက်လာပြီး နောက်ပိုင်း အကြောင်းတွေကနေ နောက်ဆုံးရန်ကုန်ပြန်ရောက်ချိန်အထိ ရေးမယ်လို့ စိတ်ကူးထားခဲ့တယ်။

ဒါပေမဲ့ မြောက်ပိုင်း ခရီးစဉ်အနေနဲ့တော့ မဟုတ်တော့ဘူး… အခြား ခေါင်းစဉ်တခု ပြောင်းပြီး ဆက်ရေးမယ်လို့ စိတ်ကူးထားပါတယ်၊(အင်း…အမ ဆက်ပြောပြရင်ပေါ့လေ၊ ကျမကတော့ ဆက်ရေးနိုင်ဖို့ ကြိုးစားပါဦးမယ်)

မြောက်ပိုင်း ခရီးအတွက်ကတော့ ကျန်တဲ့ သူတွေကို ဆက်မေးမယ်လို့ ဆုံးဖြတ်ထားတဲ့အတိုင်း ဆက်မေးပါမယ်၊

မိတ်ဆွေများ အကြံပေးပါဦး မနန်းအောင်ထွေးကြည်ရဲ့ မြောက်ပိုင်း ခရီးစဉ်ကို ဒီနေရာမှာ ရပ်ထားပြီး အခြားခေါင်းစဉ်တခုနဲ့ ကျန်အပိုင်းတွေကို ဆက်ရေးစေချင်ပါသလား၊

ဒါမှမဟုတ် ဒီခေါင်းစဉ်အောက်ကနေပဲ ကျန်အပိုင်းတွေကို ဆက်ရေးစေချင်ပါသလား၊


ကျမ ဆီကို message ပို့ပြီး အကြံပေးလို့ရသလို၊ comment တွေကလည်း အကြံပေးလို့ရပါတယ်၊

 မြောက်ပိုင်း နဲ့ တောင်ပိုင်း ခရီးစဉ်တွေကို  စာအုပ်ထုတ်မယ်လို့ စိတ်ကူးထားတဲ့ အတိုင်း စာအုပ်ထုတ်ဖို့လည်း စဉ်းစားနေပါတယ်)

မိတ်ဆွေများ အားလုံးကို လေးစားချစ်ခင်လျက်ပါ



 
www.MyanmarExpress.net
 

2 comments:

အခု လက်ရှိအချိန်အထိ ဆက်ရေးပေးစေလိုပါတယ်။

အာဏာရှင်စနစ်ကိုဆန့်ကျင်ဖို့တောထဲကိုခွန်အားအပြည့်နဲ့ဝင်သွားပြီး တောထဲက အာဏာရှင်တွေရဲ့ လက်ချက်တွေနဲ့ မသေဘဲကံကောင်းထောက်မပြီး အိပ်မက်ဆိုးကလွတ်မြောက်ခဲ့သူ ကျဆုံးသွားခဲ့တဲ့ဖြူစင်တဲ့ကျောင်းသားခေါင်းဆောင် ရဲဘော်ရဲဘက်တွေအတွက် ခုချိန်မှာမင်းရဲ့ stand point က ဘာလဲ ။သူတွေတွေအတွက်အမှန်တရားကိုပြောပေးဖို့ အရင်လိုတောထဲဝင်သွားတဲ့သတ္တိ မျိုးရှိသေးရဲ့လား။မင်းရဲ့ ခုချိန်မှာရှိတဲ့ stand point နဲ့ အဲဒီကျောင်းသားတွေအတွက် မင်းပြန်လုပ်ပေးနိုင်မယ့် တုန့်ပြန်မှု ကို ရိုးသားတဲ့ကျောင်းသားထုတွေ ကမျှော်လင့်နေတယ်။ ပုံပြင်တွေသိပ်အများကြီးမကြားချင်တော့ဘူး။ ပုံပြင်တွေပြောတာမလိုချင်တော့ဘူး။ဖြူစင်တဲ့ကျောင်းသားစစ်စစ်တွေရဲ့သမိုင်းဟောင်းတွေအတွက် ပြတ်ပြတ်သားသားမှန်မှန်ကန်ကန် ဖန်တီးရဲတဲ့ သမိုင်းသစ်ကို ရေးထားခဲ့သင့်ပြီ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်