Subscribe to our RSS Feed

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မွန်ဘိုင်းမြို့သို့ ရောက်ရှိ အိန္ဒိယ စက်မှုလုပ်ငန်းရှင်များ အသင်းက တည်ခင်း ဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲ၌ အမှာစကား ပြောကြား

From :သမ္မတရုံး

နေပြည်တော် ဒီဇင်ဘာ ၂၂

အိန္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့သို့ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့ဝင်များသည် ဒီဇင်ဘာ (၂၁) ရက် ညနေပိုင်းတွင် ခေတ္တတည်းခိုသည့် Taj Mahal ဟိုတယ်မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာခဲ့ပြီး နယူးဒေလီမြို့ အင်ဒီရာဂန္ဒီ အပြည်ပြည်ဆိုင်ရာ လေဆိပ် အနီးရှိ ပလန် (Palan) လေတပ်စခန်းသို့ ရောက်ရှိကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ညနေ (၄) နာရီခွဲတွင် အထူး လေယာဉ်ဖြင့် ဆက်လက် ထွက်ခွာကြရာ အိန္ဒိယသမ္မတနိုင်ငံ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Jitendra Prusada နှင့် တာဝန်ရှိသူများ၊ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ တာဝန်ရှိသူများက ပလန်လေတပ် စခန်း၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့ဝင်များသည် မွန်ဘိုင်းမြို့သို့ ညနေ (၆) နာရီ (၂၅) မိနစ်တွင် ရောက်ရှိကြရာ Maharashtra ပြည်နယ် အစိုးရတာဝန်ရှိသူများက Chattrapati Shivali အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ကြိုဆို နှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မော်တော်ယာဉ်များဖြင့် ခေတ္တတည်းခိုမည့် မွန်ဘိုင်းမြို့ရှိ Leela Palace ဟိုတယ်သို့ ရောက်ရှိကြသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ညပိုင်းတွင် အိန္ဒိယစက်မှု လုပ်ငန်းရှင်များအသင်း (Confederation of Indian Industry) က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်သည်။

အဆိုပါ ညစာစားပွဲသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးဝဏ္ဏမောင်လွင်၊ ဦးသန်းဌေးနှင့် ဦးအေးမြင့်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာဝင်းမြင့်နှင့် ဦးသန်းဆွေ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး၊ အိန္ဒိယ စက်မှုလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အိန္ဒိယ စက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ Mr. Adi Godrej က ကြိုဆို နှုတ်ဆက်စကား ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အမှာစကားပြောကြားရာတွင်  သာယာလှပသော မွန်ဘိုင်းမြို့ကို ရောက်ရှိသည့် အချိန်မှစပြီး မိမိတို့အား နွေးထွေးစွာ ကြိုဆိုပြီး ဧည့်ဝတ်ကျေပွန်သော အိန္ဒိယနိုင်ငံအစိုးရ၊ မဟာရပ်ရှထရာပြည်နယ် အစိုးရနှင့် အိန္ဒိယ စက်မှုလုပ်ငန်းရှင်များအသင်းတို့အား ကျေးဇူးတင်ရှိပါကြောင်း၊

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် အိမ်နီးချင်းကောင်းများ ဖြစ်ကြပါကြောင်း၊ နယ်နိမိတ်ချင်း ရှည်လျားစွာ ဆက်စပ်နေကြပြီး မိမိတို့ နှစ်နိုင်ငံဆက်ဆံရေးသည် သမိုင်းကြောင်း အစဉ်အလာရှိသော ဆက်ဆံရေးလည်း ဖြစ်ပါကြောင်း၊ ရှေးနှစ်ပေါင်း နှစ်ထောင်ကျော်က မြန်မာကုန်သည် ညီအစ်ကိုနှစ်ဦး အိန္ဒိယနိုင်ငံကို ရောက်ရှိပြီး မြတ်ဗုဒ္ဓ၏ ဆံတော်များအား ပင့်ဆောင်လာခဲ့ပါကြောင်း၊ ထိုအချက်သည် ထိုစဉ်ကတည်းက နှစ်နိုင်ငံအကြား ကုန်သွယ်မှုရှိခဲ့သည်ကို သက်သေထူနေပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် ဆက်ဆံရေးကို အထူးအလေးထား လျက်ရှိပါကြောင်း၊

နှစ်နိုင်ငံအကြား အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန် သွားရောက်ခြင်းသည် အလွန်ပင် အရေးကြီးသည်နှင့် လျော်ညီစွာ မိမိအနေဖြင့် ၂၀၁၁ ခုနှစ် အောက်တိုဘာလ အတွင်းက အိန္ဒိယနိုင်ငံသို့ လာရောက်ခဲ့ပြီး၊ အဆွေတော်တို့ အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်းသည် ၂၀၁၂ ခုနှစ်၊ မေလက မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ခဲ့ပါကြောင်း၊ ယခုတစ်ကြိမ်မှာ မိမိအနေဖြင့် အာဆီယံ-အိန္ဒိယ ဆက်ဆံရေးနှစ် (၂၀) ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး တက်ရောက်ရန် အိန္ဒိယနိုင်ငံသို့ ထပ်မံရောက်ရှိခြင်း ဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ အရှေ့မျှော်ဝါဒကို အသိအမှတ်ပြု အားပေးပါကြောင်း၊ မြန်မာနိုင်ငံသည် လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အာရှနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်နေခြင်းကြောင့် မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံအနေဖြင့် စီးပွားရေး ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်ဖက်အကျိုးရှိစေမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် အိန္ဒိယနိုင်ငံနှင့် အာဆီယံ၊ အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်သွားရန် အသင့်ရှိပါကြောင်း၊

မိမိအနေဖြင့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်ရေးသည် သိသိသာသာ တိုးတက် နေသည်ကို တွေ့မြင်ခဲ့ရ၍ ၀မ်းမြောက်မိပါကြောင်း၊ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ စတုတ္ထမြောက် ကုန်သွယ်ဖက်နိုင်ငံ ဖြစ်ပါကြောင်း၊ ၂၀၁၁-၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၁၀၄၆ သန်း တင်ပို့ခဲ့ရာ ယခင်နှစ်ကထက် ၂၀ %   ပိုမိုလာပါကြောင်း၊ မြန်မာနိုင်ငံသို့ အိန္ဒိယနိုင်ငံ၏ ထွက်ကုန် အမေရိကန်ဒေါ်လာ ၃၂၅.၄ သန်းတင်ပို့ခဲ့ရာ ယခင်နှစ်ကထက် ၆၆.၅ % ပိုမို လာပါကြောင်း၊ ၂၀၁၁-၂၀၁၂ စုစုပေါင်း ကုန်သွယ်မှု ပမာဏသည် အမေရိကန်ဒေါ်လာ ၁၃၇၁.၄ သန်းရှိခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံသို့ လယ်ယာနှင့် သစ်တော ထွက်ကုန်များ တင်ပို့ပြီး အိန္ဒိယနိုင်ငံမှ သတ္တုရိုင်း၊ သတ္တုပစ္စည်း၊ ဆေးဝါး၊ သယ်ယူ ပို့ဆောင်ရေးစက်နှင့် လျှပ်စစ်ပစ္စည်းများ တင်သွင်းပါကြောင်း၊

မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၂၀၁၂ ခုနှစ် စာရင်းများအရ အိန္ဒိယကုမ္ပဏီ (၆) ခု၏ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ (၂၆၂)သန်း ရှိပါကြောင်း၊

မြန်မာနိုင်ငံ၏ အဓိက စီးပွားရေးသည် စိုက်ပျိုးရေးကဏ္ဍ ဖြစ်ပြီး လက်မှုလယ်ယာမှ စက်မှုလယ်ယာကို ပြောင်းလဲနေသည့်အချိန်တွင် အိန္ဒိယကုမ္ပဏီများကလာရောက် ရင်းနှီးမြှုပ်နှံရန် အခွင့်အခါကောင်းဖြစ်ပါကြောင်း၊

ယခုကဲ့သို့ အခါအခွင့်သင့်ချိန်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြောင်းလဲမှုများသာမက စီးပွားရေးနှင့် ငွေကြေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ နည်းလမ်းပေါင်းစုံဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်နေသည်ကို အသိပေးလိုပါကြောင်း၊

မိမိတို့ အစိုးရအနေဖြင့် နိုင်ငံရေး၊ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများ ၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေးအတွက် ရေခံမြေခံပတ်ဝန်းကျင်ကောင်းများ ဖြစ်ထွန်းလာရန် ဆောင်ရွက်နေပါကြောင်း၊

မိမိတို့နိုင်ငံ၏ ငွေကြေးနှင့် ကုန်သွယ်ရေးဆိုင်ရာ အကောက်ခွန်များကို ပြုပြင်ခဲ့ပြီး၊ ဘဏ်လုပ်ငန်းများသည်လည်း ပိုမိုကောင်းမွန်လာပြီဖြစ်ပါကြောင်း၊ အမေရိကန်နှင့် ဥရောပနိုင်ငံများသည် စီးပွားရေးကန့်သတ်မှုများ ဖြေလျော့နေပြီဖြစ်သည့်အပြင် ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်းများနှင့် ပြန်လည်ဆက်သွယ် နေပြီဖြစ်၍ မြန်မာနိုင်ငံတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက် လာတော့မည်ဖြစ်ပါကြောင်း၊ မကြာမီက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်ကို လွှတ်တော်က အတည်ပြုပြီးဖြစ်ရာ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အခွန်အခဆိုင်ရာ အခွင့်အရေးများရရှိပြီး ပိုင်ဆိုင်မှုနှင့် အကျိုးအမြတ်များကိုလည်း အကာအကွယ် ရရှိမည်ဖြစ်ပါကြောင်း၊

လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုသည် ကုန်သွယ်ရေးတိုးတက်မှုအတွက်  အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်သည့်အတွက် လမ်းတံတားများကို နိုင်ငံအတွင်း အသစ် တည်ဆောက်လျှက်ရှိနေရာ တည်ရှိပြီးလမ်းများကိုလည်း မိမိတို့၏ ရှိရင်းစွဲ ငွေကြေး အရင်းအမြစ်များဖြင့် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နေပါကြောင်း၊ အိန္ဒိယ- မြန်မာ- ထိုင်း သုံးနိုင်ငံ  ဆက်သွယ်ထားသည့် အဝေးပြေး လမ်းမကြီးကို လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံအထိ တိုးချဲ့ဖောက်လုပ်ရန် စီမံကိန်းများကို အိန္ဒိယအစိုးရက အထောက်အကူ ပြုခြင်းသည် ဒေသတွင်းဆက်သွယ်မှုနှင့် ကုန်သွယ်ရေးကို တိုးမြှင့်စေမှာ သေချာ ပါကြောင်း။

အသစ်ပြဌာန်းသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုသော လုပ်ငန်းများ၌ နိုင်ငံခြားသားများက နိုင်ငံခြားမတည်ငွေ ရာခိုင်နှုန်းအပြည့်ပြုလုပ်နိုင်ခြင်း၊ နိုင်ငံခြားသားနှင့် နိုင်ငံသား သို့မဟုတ် သက်ဆိုက်ရာ အစိုးရဌာန၊ အဖွဲ့အစည်းတို့က ဖက်စပ် ပြုလုပ်နိုင်သည့် အပြင် နှစ်ဘက်သဘောတူသော ပဋိညာဉ်စာချုပ်ပါ စနစ်တစ်ခုခုဖြင့် ရင်းနှီးမြှုပ်နှံမှုတို့ ပြုလုပ်နိုင်မည်ဖြစ်ပါကြောင်း။

ရင်းနှီးမြှုပ်နှံသူများ အနေဖြင့်လည်း ရင်းနှီးမြှုပ်နံမှု ကော်မရှင်၏ သဘောတူ ခွင့်ပြုချက်ဖြင့် ပစ္စည်းကို ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ ဒါမှမဟုတ် တခြားနည်းဖြင့် လွှဲပြောင်းခြင်းတို့ကို တည်ဆဲဥပဒေနှင့်အညီ  ပြုလုပ်ခွင့်ရှိပြီး၊ နိုင်ငံခြား ကုမ္ပဏီ ဖြစ်ပါက မိမိ၏ အစုရှယ်ယာ အားလုံးကိုဖြစ်စေ၊ အချို့ကိုဖြစ်စေ၊ နိုင်ငံခြားသားတစ်ဦးဦး သို့မဟုတ် နိုင်ငံသားတစ်ဦးဦး သို့မဟုတ် နိုင်ငံခြားသား ကုမ္ပဏီ တစ်ခုခု၊ နိုင်ငံသား ကုမ္ပဏီတစ်ခုခုကို အပြီးအပိုင် လွှဲပြောင်းရောင်းချနိုင်ပါကြောင်း။

ထို့အပြင် လုပ်ကိုင်နေသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသည် နည်းပညာသစ်များ တီထွင်ခြင်း၊ ထုတ်ကုန် အရည်အသွေးတိုးမြှင့်ခြင်း၊ ကုန်ထုတ်စွမ်းအား မြှင့်တင်ခြင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု လျှော့ချခြင်းများအတွက် အကျိုးခံစားခွင့်များ ပိုမိုရရှိအောင် တင်ပြ လျှောက်ထားနိုင်သည့်အပြင် မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေး ဖွံ့ဖြိုးမှုနည်းပြီး ဆက်သွယ်သွားလာရေး ခက်ခဲသည့် နေရာဒေသများတွင် ရင်းနှီးမြှုပ်နှံမည်ဆိုပါက ထိုရင်းနှီးမြှုပ်နှံသူများအား အခွန်ကင်းလွတ်ခွင့်ကာလနှင့် သက်သာခွင့်ကာလ ပိုမိုပေးမည့် အခွင့်အရေးများလည်း ခံစားရမည်ဖြစ်ကြောင်း။

ထို့ကြောင့် မြန်မာနိုင်ငံ၏ အဓိက စီမံကိန်းကြီးများဖြစ်သော ထားဝယ်၊ သီလဝါ၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်များ အကောင်အထည် ဖော်ရာတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်နေပါကြောင်း၊ အိန္ဒိယကုမ္ပဏီများကို ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ပါကြောင်း။

အိန္ဒိယကုမ္ပဏီများအနေဖြင့်လည်း မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍဖြစ်သော ရေနံနှင့် သဘောဝဓါတ်ငွေ့စီမံကိန်းများ အပါအ၀င် အမျိုးမျိုးသော ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန်လည်း ဖိတ်ခေါ်ပါကြောင်း။

 နိဂုံးချုပ်အနေဖြင့် ယခုအချိန်သည် မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆောင်ရွက်ရန် အခွင့်အခါသင့်ချိန် ဖြစ်သည်ဟု ပြောကြားလိုပါကြောင်း။ အခွင့်အလမ်းကောင်း လက်တွေ့ခံစားရန် မြန်မာနိုင်ငံသို့ ကိုယ်တိုက်လာရောက်ရန် ဖိတ်ခေါ်ပါကြောင်း၊ ဒီလိုဖြင့် မြန်မာနိုင်ငံတွင်ရှိသော တာဝန်ရှိအဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များကလည်း မိတ်ဆွေများ၏ မြန်မာနိုင်ငံခရီးစဉ် အကျိုးရှိစေရေး ကူညီရန် အသင့်ရှိနေပါကြောင်း၊ နှစ်ဖက်အကျိုးရှိမည့် လုပ်ငန်းများ တိုမြှင့်ဖို့ရန်အတွက် နှစ်နိုင်ငံအကြား ကဏ္ဍ အသစ်တစ်ရပ် ဖွင့်လှစ်ကြပါစို့ဟု ပြောကြားရင်း နိဂုံးချုပ် အပ်ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် အိန္ဒိယ စက်မှုလုပ်ငန်းရှင်များအသင်း ညွှန်ကြားရေးမှူးချုပ် Mr. Chandrajit Banerjee က ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် အိန္ဒိယ စက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ တို့သည် အမှတ်တရ လက်ဆောင်များကို အပြန်အလှန် ပေးအပ်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား အိန္ဒိယ စက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ဂုဏ်ပြု ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။

  www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်