Subscribe to our RSS Feed

မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ ကုန်သွယ်ရင်းနှီးမြှုပ်နှံမည်

From : မြစ်မခ

 မြန်မာနှင့်ဗီယက်နမ် နှစ်နိုင်ငံပူးပေါင်း၍ သလင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်း၊အိမ်ရာစီမံကိန်း ဆောက်လုပ်ရေး အပါအ၀င်   ရေကြောင်းသယ်ယူပို့ဆောင်ရေးကဏ္ဍများဆောင်ရွက်ရန် နိုဝင်ဘာ (၃၀)ရက်နေ့ နေ့လည်(၂)နာရီတွင် လမ်းမတော်မြို့နယ်ရှိ UMFCCI ခန်းမ၌ စာချုပ်ချုပ်ဆိုခဲ့ကြသည်။
နှစ်နိုင်ငံပူးပေါင်း၍ ကုန်သွယ်ရေးလုပ်ငန်းများနှင့် ရင်းနှီးမြုပ်နှံခြင်းများ ပြုလုပ်ရခြင်းမှာ နှစ်နိုင်ငံရင်းနှီးမြုပ်နှံမှု ကဏ္ဍတိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် ဖြစ်သည်ဟု ဗီယက်နမ်သမ္မတ မစ္စတာကျုံးသန်စန်းက ဆိုသည်။
အခုလို လာရောက်တာက နှစ်နိုင်ငံ ချစ်ကြည်ရေးအလည်အပတ်အနေနဲ့ လာရောက်ရတာပါ။ မြန်မာနဲ့ ဗီယက်နမ် နှစ်နိုင်ငံ   ရှေ့ဆက်ပြီး ကုန်သွယ်ရေးအပိုင်းမှာရော ရင်းနှီးမြှုပ်နှံမှု အပိုင်းမှာပါ တိုးမြှင့်နိုင်ဖို့လည်းစာချုပ်ချုပ်ပါတယ် ဟု ဗီယက်နမ် သမ္မတ မစ္စတာကျုံးသန်စန်းက ပြောသည်။
နိုင်ငံတကာမှ မြန်မာနိုင်ငံသို့လာရောက် ရင်းနှီးမြုပ်နှံခြင်းအားဖြင့် ပြည်တွင်းရှိ နိုင်ငံသားများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာသည်မှာ မှန်သော်လည်း နိုင်ငံသားများအနေဖြင့်လည်း နိုင်ငံတကာနှင့် ယှဉ်ပါကာ တန်းတူ ဆွေးနွေးမှုပြုလုပ်နိုင်ရန် အတွက် ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ ဒုတိယ ဥက္ကဌ ဦးမောင်မောင်အေးက ပြောသည်။
ကိုယ့်နိုင်ငံသားတွေအလုပ်ရမယ်။ ဒါပေမဲ့ အရည်အသွေးမြင့်ထားဖို့လိုအပ်နေသေးတယ်။ နိုင်ငံတကာနဲ့ ယှဉ်ပြိုင်ပြီး   ဆွေးနွေးနိုင်အောင် အရည်အချင်းပြည့်မီအောင် လုပ်ထားသင့်တယ်။ ဒါမှ တန်းတူ ဆွေးနွေးနိုင်မယ် ၊ လိုအပ်ချက်တွေ ကို၊ တောင်းဆိုနိုင်မယ်။ မြန်မာနိုင်ငံလည်း မြန်မြန်ဆန်ဆန် တိုးတက်သွားမယ်လို့မျှော်လင့် ပါတယ်။  မဟုတ်ရင် သူတို့လက်ဝါးကြီးအုပ်တာပဲခံနေရမယ်။ ဟု ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဌ ဦးမောင်မောင်အေးက ပြောသည်။
ဗီယက်နမ်သမ္မတ မစ္စတာ ကျုံးသန်စန်း နှင့် ဇနီး မစ္စ မိုင်သီဟိုက်သည် နိုဝင်ဘာ(၃၀)ရက်နေ့ နံနက်(၉)နာရီ အချိန်တွင် နေပြည်တော်သို့ ရောက်ရှိကာ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ၊ ပြည်သူ့လွှတ်တော် ကော်မတီ ဥက္ကဌ ဦးမောင်မောင်သိမ်း ၊ ဦးသိန်းဇော် ၊ ဦးတီခွန်မြတ်တို့နှင့် တွေ့ဆုံခဲ့သည်။
 
ထိုတွေ့ဆုံမှုမှ  မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံဆက်ဆံရေး တိုးမြင့်ဆောင်ရွက်ရေး ၊ နှစ်နိုင်ငံလွှတ်တော် နှစ်ရပ် ပူးပေါင်းဆောင်ရွက်ရေး ၊ နှစ်နိုင်ငံကုန်သွယ်ရေး ၊ စီးပွားရေးနှင့် နည်းပညာများ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ ဆွေးနွေးခဲ့ကြသည်ဟု သတင်းဖော်ပြချက်များအရ သိရသည်။
 . Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်