Subscribe to our RSS Feed

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန် နယူးဒေလီမြို့၌ မြန်မာနိုင်ငံသံရုံးနှင့် စစ်သံရုံးတို့မှ ၀န်ထမ်း၊ မိသားစုဝင်များအား တွေ့ဆုံ

From : သမ္မတရုံး

နေပြည်တော် ဒီဇင်ဘာ ၂၁
အိန္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ဒီဇင်ဘာ(၂၀) ရက် ညပိုင်းတွင် ခေတ္တတည်းခိုသည့် နယူးဒေလီမြို့ရှိ Taj Mahal ဟိုတယ်၌ အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးနှင့် စစ်သံရုံးတို့မှ ၀န်ထမ်း မိသားစုဝင်များနှင့် အိန္ဒိယသမ္မတနိုင်ငံ၌ ရောက်ရှိနေသည့် အာဆီယံ-အိန္ဒိယကားမောင်းပြိုင်ပွဲဝင် မြန်မာနိုင်ငံမှ ရုပ်ရှင် အနုပညာရှင်များအား တွေ့ဆုံသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတအား မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ၀န်ထမ်း၊ မိသားစုဝင်များနှင့် အိန္ဒိယသမ္မတနိုင်ငံ၌ ရောက်ရှိနေကြသည့် ရုပ်ရှင် အနုပညာရှင်များက မြန့်မာရိုးရာ ထုံးတမ်းအစဉ်အလာနှင့် အညီ ဂါရ၀ပြုကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတက သြ၀ါဒစကားပြောကြားရာတွင် နိုင်ငံတော်၏ ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ်များ၌ ပြည်သူကို ဗဟိုပြုပြီး ပြည်သူတစ်ဦးချင်း ခံစားနိုင်စေရန် ရည်မှန်းချက်ထားရှိပြီး ဆောင်ရွက်နေပါကြောင်း၊ နိုင်ငံ၏ လူဦးရေ သန်း ၆၀ ကျော်၏ တူညီသော ဆန္ဒမှာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် စီးပွားရေးတိုးတက်ရေးပင် ဖြစ်ကြောင်း၊ နိုင်ငံတော်တည်ငြိမ်ရေးအတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် နိုင်ငံရေးတည်ငြိမ်မှုရရှိရေးအတွက် အလေးထားဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရန်အတွက် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းရေး၊ အခွန်ပေးဆောင်မှုဖြေလျော့ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာများဖိတ် ခေါ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအခါ အတိုင်းအတာတစ်ခုအထိ ပြောင်းလဲ တိုးတက်မှုများ ရရှိနေပြီဖြစ်၍ အနာဂတ်နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အခွင့် အလမ်းများ ပေါ်ထွက်လာနေပြီဖြစ်ကြောင်း။

အိမ်နီးချင်းအင်အားကြီး နိုင်ငံကြီးများဖြစ်သည့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ စီးပွားရေးတိုးတက်လျက်ရှိမှုနှင့် အာဆီယံနိုင်ငံများ၏ အချက်အခြာကျပြီး အရေးပါ လာမှုတို့အပေါ် မြန်မာနိုင်ငံအနေဖြင့် ဆက်ဆံရေးကောင်းမွန်စွာဖြင့် ဟန်ချက်ညီ လိုက်ပါပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရာမှာဖြစ်ကြောင်း၊ အိမ်နီးချင်း နိုင်ငံခေါင်းဆောင်များ အချင်းချင်း ဆက်ဆံရေးကောင်းမွန်လျက်ရှိသည့် နည်းတူ မြန်မာသံရုံးနှင့် စစ်သံရုံးတို့ကလည်း ရရှိပြီးဖြစ်သည့် ဆက်ဆံရေးအခြေအနေကောင်း များကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်းဖြင့် မှာကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မက မြန်မာသံရုံးနှင့် စစ်သံရုံး ၀န်ထမ်းမိသားစုဝင်များ အတွက် စားသောက်ဖွယ်နှင့် လက်ဆောင်ပစ္စည်းများကို ပေးအပ်ရာ သံရုံးယာယီ တာဝန်/သံမှူးကြီး ဦးဘလှအေးနှင့် စစ်သံမှူး ဗိုလ်မှူးကြီး သိန်းလွင်တို့က လက်ခံကြ သည်။

 www.MyanmarExpress.net
 

1 comments:

သ မ္မ တ ကြီး
စိတ် ချမ်း သာ ကိုယ် ကျ မ္မာ ပါ စေ
သစ် ထူး လိမ် ဖွ ထူး လွင် မ ကြည် ပါ နဲ့ မ မှန် မ ကန် သစ် ထူး လွင် သူ ကြိုက် တဲ့ သူ အ သား ပေး မ မှန် တင် တဲ့ သစ် ထူး လိမ် ကြောင့် စိတ် အ နှောင့် အ ယှက် မ ဖြစ် ရန် မ ဖတ် ပါ နဲ့
သ မ္မ တ ကြီး ဘေး အ န္တ ရယ် ကင်း ရှင်း ပါ စေ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်